ရွေးကောက်ပွဲ အဖျက်သမား တိုက်ဖျက်ရန် ဗိုလ်ချုပ်မှူးကြီး တိုက်တွန်း

E-mail Print
ပြည်တွင်း ပြည်ပ အဖျက်သမားများကို မြန်မာအလုပ်သမားကြီးများက တိုက်ဖျက်ပေးကြရန်နှင့် ၎င်းတို့၏ မူဝါဒများ အောင်မြင်ရေး ဆောင်ရွက်ကြရန် စစ်အစိုးရ ခေါင်းဆောင်၏ တိုက်တွန်း ချက်ကို အတိုက်အခံနှင့် သုံးသပ်သူများက ဝေဖန်  လိုက်သည်။

ယနေ့ထုတ် စစ်အစိုးရသတင်းစာပါ ကမ္ဘာ့အလုပ်သမားနေ့ သဝဏ်လွှာတွင် အဖျက်သမားများနှင့် တိုင်းတပါး၏ စွက်ဖက် နှောင့်ယှက်မှု၊ သွေးခွဲသပ်လျှိုမှုတို့ကို တွန်းလှန်တိုက်ဖျက်သွားကြရန်နှင့် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒ လမ်းစဉ် (၇)  ရပ် အောင်မြင်စွာ အကောင်အထည် ပေါ်စေရန် လက်တွဲကြိုးပမ်းဆောင်ရွက်သွားကြရန် အလုပ်သမားထုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက တိုက်တွန်းထားခြင်းဖြစ်သည်။

ပေါ်ပေါက်နေသော ပြဿနာများသည် စစ်အစိုးရ၏ လုပ်ရပ်ကြောင့်သာဖြစ်ပြီး လူထုနှင့် မသက်ဆိုင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် တဦးဖြစ်သူ ဦးဝင်းတင်က ဝေဖန်သည်။

“အဖျက်သမားဆိုပေမယ့် တကယ်က သူတို့ လုပ်နေတဲ့ နိုင်ငံရေးပြဿနာတွေပါ၊ သူတပါးကို ပိတ်ပင်ချင်တာနဲ့ သူတို့ဘာသာ တက်တဲ့ ပြဿနာကို အလုပ်သမား လူထုနဲ့ လှည့်တိုက်ပေးတာပဲ၊ အလုပ်သမားကို ပြန် ခိုင်းတာ”ဟု ဦးဝင်းတင်က ဧရာဝတီ သို့ ပြောသည်။ 

ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်နှင့် အညီ ရွေးကောက်ပွဲများ ကျင်းပတော့မည် ဖြစ်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ကိုလည်း ဖွဲ့စည်းပေးပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဆိုသည်။

ပြည်တွင်းမှ အမျိုးသမီး ဂျာနယ်လစ်တဦးက“သူတို့ ဘာပြောပြော လူတွေက ဘယ်တုန်းက အကောင်းမြင်ကြဖူးလို့လဲ၊ သူတို့ ပြောတာကို ဘယ်သူမှ ဂရုစိုက်ပြီး မဖတ်ဘူး၊ အနှစ်၂၀ ရှိပြီ၊ သူတို့လည်း ပြောချင်တာပြော၊ လူတွေကလည်း ဘယ်တုန်းကမှ မယုံဘူး”ဟု ပြောသည်။

ပြည်တွင်းတွင် နိုင်ငံတကာ အဆင့်မီ ကုန်ထုတ်လုပ်ငန်းနှင့် ဝန်ဆောင်မှု လုပ်ငန်းကြီးများ ပေါ်ထွန်းလာ၍ အလုပ်အကိုင် အခွင့် အလမ်း ပိုမိုရရှိကြပါမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ပြောဆိုသည်။

နိုင်ငံခြား အရင်းအနှီးများ ဖိတ်ခေါ်လုပ်ကိုင်စေခြင်းသည် နိုင်ငံ၏ သယံဇာတ ပစ္စည်းများကို ရောင်းစားခြင်း ဖြစ်ရုံသာမက လူထု၏ လုပ်အားကိုပါ ဈေးပေါပေါဖြင့် ရောင်းစားခြင်း ဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

NLD ၏ ကမ္ဘာ့အလုပ်သမားနေ့ ထုတ်ပြန်ကြေညာချက်တွင် ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက် အလုပ်သမား အခွင့်အရေးများ ပိုမို ဆိုးဝါးလာသည်ဟု ဖော်ပြထားသည်။

၂၀၁၀ နှစ်ဆန်းပိုင်းမှစတင်၍ လှိုင်သာယာ၊ မင်္ဂလာဒုံ၊ ဒဂုံမြို့သစ် တောင်ပိုင်းနှင့် ရွှေပြည်သာစက်မှုဇုန်များတွင် အလုပ်သမား အခွင့်အရေး တောင်းဆို ဆန္ဒပြမှုများ ဖြစ်ပွားခဲ့သည်။

အလုပ်သမားများ၏ ရသင့်ရထိုက်သော လစာတောင်းဆိုရာတွင်ပင် စစ်အစိုးရက ပြေလည်ရန် ကြားဝင် ဆောင်ရွက်ပေးခြင်း မရှိခဲ့ဘဲ ရဲနှင့် မီးသတ်တပ်ဖွဲ့များကိုသာ စေလွှတ် ခြိမ်းခြောက်ခဲ့သည်ဟု ဦးဝင်းတင်က ထောက်ပြသည်။

အကြောင်းအမျိုးမျိုးကြောင့် ပြည်ပတွင် ရောက်နေသည့် မြန်မာနိုင်ငံသား အလုပ်သမားများသည်လည်း ဘဝအာမခံချက်မရှိဘဲ လုပ်အားခ မညီမျှမှုများ ခံစားနေရသည်ဟု NLD ၏ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။

တချိန်တည်းတွင် နိုင်ငံတော် ဝန်ကြီးချုပ် ဦးသိန်းစိန်ကလည်း နိုင်ငံတဝန်းမှ ကုန်သည်နှင့် စက်မှု လုပ်ငန်းရှင်များ အနေဖြင့် အနာဂတ်ကို ဦးဆောင်နိုင်မည့် ပြည်သူ့ ကိုယ်စားလှယ်များကို ရွေးချယ်ပါဟု ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ် နှစ်ပတ်လည် အစည်းအဝေး၌ ပြောကြားကြောင်း ယနေ့ထုတ် သတင်းစာတွင်ပင် ဖော်ပြ ထားသည်။

ဦးသိန်းစိန်သည် မကြာမီက မှတ်ပုံတင်ရန် လျှောက်ထားသည့် “ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ”ကို ဦးဆောင် မည့်သူ ဖြစ်သည်။

ပြည်တွင်းမှ ဂျာနယ်လစ် တဦးကမူ“လက်ရှိမှာ လုပ်ပိုင်ခွင့်၊ ငွေကြေး စတဲ့ ရွေးကောက်ပွဲအတွက် အသုံးချနိုင်စရာ နည်းလမ်း တွေအကုန်လုံးကို လက်ထဲမှာ အင်နဲ့အားနဲ့ ရှိနေတာက သူတို့ပဲရှိတယ်လေ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဆိုတာကို မျှော်လင့်လို့ မလွယ်ဘူး၊ တစ်ပါတီ ဒီမိုကရေစီ လွှတ်တော်ကြီး ဖြစ်လာမယ်ထင်တာပါပဲ”ဟု ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်