ပြည်နယ်နှင့်တိုင်းတချို့ အပူချိန်လွန်ကဲမှုဒဏ် ခံနေရ

Saturday, 01 May 2010 18:34
Print
မြန်မာနိုင်ငံ ပြည်နယ်နှင့်တိုင်း တချို့တွင် အပူချိန်လွန်ကဲ ခြင်းကြောင့် သက်ကြီးရွယ်အိုများနှင့် မွေးကင်းစ ကလေးငယ် များ၏ အသက်အန္တရာယ် စိုးရိမ်နေရကြောင်း ရန်ကုန်မြို့မှ ဆရာဝန်တဦးက ပြောသည်။

“ပူလွန်းအားကြီးရင် တအားမောပန်းနေမယ်၊ အပူရှပ်မယ်၊ ဝမ်းလျှောဝမ်းပျက်တာတွေဖြစ်မယ်၊ လူကြီးတွေ ဆို ဘယ်လိုမှ မခံနိုင်ဘူး၊ မူးမေ့တာတွေဖြစ်မယ်၊ ဝမ်းပျက်တာတွေဖြစ်မယ်၊ နောက်ပြီးတော့ ကလေးငယ် တွေလည်း တနေကုန် ဖျားနေမယ်၊ အဓိကကတော့ မွေးကင်းစ ကလေးငယ်တွေမှာ ပိုဖြစ်တတ်ပါတယ်”ဟု ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဆေးခန်းထိုင် ဆရာဝန်တဦးက ပြောသည်။

အပူချိန်လွန်ကဲခြင်းကို အဓိကခံစားနေရသော နေရာများမှာ မွန်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေး၊ မင်းဘူး၊ ချောက်၊ ရန်ကုန် စသည့် အပူချိန် ၄၀ ဒီဂရီကျော်နေသော နေရာများတွင် အဖြစ်များနေကြောင်း စုံစမ်း သိရှိရသည်။

အပူချိန်လွန်ကဲခြင်းကြောင့် မောပန်းလွန်ခြင်း (heat exhaustion) နှင့် အပူရှပ်ခြင်း (heat stroke)  အဖြစ်များကြောင်းကိုလည်း အထက်ပါ ဆရာဝန်က ဆိုသည်။

အဆိုပါ ပြဿနာနှစ်မျိုးသည် ပြင်ပအပူချိန် များလွန်းနေခြင်းကြောင့် ခန္ဓာကိုယ်တွင်းအပူချိန်ကို ထိန်းညှိပေးသော နေရာ ပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်သည်ဟုလည်း ရန်ကုန်မြို့မှ ဒေါက်တာ စိုင်းခွမ်မိုင်းက ရှင်းပြသည်။

အပူချိန် လွန်ကဲခြင်းကြောင့် လေဖြတ်ခြင်းများ အသက်သေဆုံးခြင်းများ ရှိနေသော်လည်း အရေအတွက် အတိအကျကို မသိရှိရပေ။

“ကျမတို့ဆီကို လာတဲ့လူနာတွေထဲမှာ တဝက်လောက်က ဒီလိုမျိုး အပူကြောင့်ဖြစ်လာတဲ့ ရောဂါတွေနဲ့ လာပြကြတာမျိုး ရှိပါတယ်၊ ဒါပေမယ့် ဆေးရုံ၊ ဆေးခန်းကို မသွားဘဲနဲ့ အိမ်မှာပဲ မောပန်းလွန်နေတဲ့ လူတွေ လည်း အများကြီး ရှိပါတယ်”ဟု ရန်ကုန်ပုဂ္ဂလိက ဆေးခန်းထိုင် ဆရာဝန်ကပြောသည်။

မောပန်းလွန်ခြင်း နှင့် အပူရှပ်ခြင်းတို့၏ ရောဂါလက္ခဏာများအနေနှင့် ရေဓာတ်ခမ်းခြောက်ခြင်း၊ မျက်တွင်း ချိုင့်ခြင်း၊ အသား အရေခြောက်ကပ်ခြင်း၊ အရေပြား ရှုံ့တွခြင်းများ ဖြစ်တတ်ကြောင်းကိုလည်း သူက ရှင်းပြ သည်။

“ကုသပေးတဲ့ပုံစံတွေကတော့ ကလေးတွေဆိုရင် တရက်ကို ရေနှစ်ကြိမ်ချိုးပေးတယ်၊ လူကြီးတွေကိုတော့ ရေပါတ်တိုက်တယ်၊ လေအေးပေးစက် အခန်းထဲမှာ ထားပေးတယ်၊ ORS လို့ခေါ်တဲ့ ဓာတ်ဆားတိုက်တယ်။ ရိုးရိုး သီးစုံ ဓာတ်ဆားလောက်နဲ့တော့ မရဘူးပေါ့”ဟု အပူဒဏ်ခံ လူနာများကို ကုသပေးနေသော ဆရာဝန် တဦးက ဆိုသည်။

အပူချိန်လွန်ကဲခြင်းကို ကာကွယ်ရန်အတွက် "ဓာတ်ဆားရည် များများသောက်ပါ၊ ဖြစ်နိုင်ရင် နေပူထဲ သိပ် မထွက်ပါနဲ့၊ တနေကုန် နေပူထဲအလုပ်လုပ်နေရတဲ့သူတွေ အတွက်တော့ ဦးထုပ်၊ ခမောက် စတာတွေနဲ့ အပူဒဏ်ကို ကာကွယ်ဖို့ လိုအပ်ပါတယ်၊ ချွေးတွေထွက်ရင်လည်း ဖြစ်နိုင်ရင်တော့ အဝတ်အစားကို ခဏခဏ လဲပေးပါ”ဟု ဒေါက်တာ စိုင်းခွမ်မိုင်းက ပြောသည်။

အစိုးရထုတ် သတင်းစာများတွင်လည်း အပူဒဏ် အန္တရာယ် ကာကွယ်ရေး နှိုးဆော်ချက်များဟု ခေါင်းစဉ် တပ်ကာ လိုက်နာ လုပ်ဆောင်ရမည့် အချက်အလက်များကို ရေးသားဖော်ပြထားသည်။

မိုးလေဝသနှင့် ဇလဗေဒ ပညာရှင် ဒေါက်တာထွန်းလွင်ကလည်း ယခုနှစ်တွင် အပူချိန်လွန်ကဲခြင်းသည် စံချိန်တင်လောက်အောင် ပူပြင်းနေခြင်းမျိုးမဟုတ်ဘဲ ပူပြင်းသည့်အချိန် ဆက်တိုက်ဖြစ်နေခြင်းကြောင့် လည်းကောင်း၊ တာရှည်နေခြင်းကြောင့်လည်းကောင်း အပူလွန်ကဲသည့်ဒဏ်ကို လူအများ ခံစားနေရခြင်း ဖြစ်သည်ဟု ပြောဆိုထားသည်။