ရွေးကောက်ပွဲကာလ သတင်းလွတ်လပ်ခွင့် မရှိနိုင်ဟု RSF ထုတ်ပြန်

Tuesday, 04 May 2010 18:54
Print
လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပမည် ဆိုသော်လည်း စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဆိုးရွားစွာ ဖိနှိပ်သူများ ထဲတွင် စစ်အစိုးရ ခေါင်းဆောင်သည် အပါအဝင် ဖြစ်နေဆဲဟု သတင်း လွတ်လပ်ခွင့် စောင့်ကြည့်သည့် အဖွဲ့တခုက ထုတ်ပြန် လိုက်သည်။

၂၀၁၀ တွင်လည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် စာနယ်ဇင်း လွတ်လပ်ခွင့်ကို ဖိနှိပ်သူအဖြစ် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF) က မေလ ၃ ရက်နေ့၌ ကျရောက်သော နိုင်ငံတကာ သတင်း လွတ်လပ်ခွင့် နေ့တွင် ထုတ်ပြန် လိုက်ခြင်း ဖြစ်သည်။

ရွေးကောက်ပွဲ ကာလတွင် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားခြင်း မပြုနိုင်ရန် ဂျာနယ်လစ်၊ ဘလော့ဂါနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အကျဉ်းချထား သည်ဟု RSF ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

NLD ခေါင်းဆောင် တဦးဖြစ်ပြီး ဝါရင့် သတင်းစာဆရာလည်း ဖြစ်သူ ဦးဝင်းတင်က ရွေးကောက်ပွဲနှင့် လိုက်လျောညီထွေ ရှိသော လွတ်လပ်သည့် အတိုင်းအတာ ရှိသင့်သည်ဟု သုံးသပ်သည်။

“လွတ်လပ်ခွင့်ဆိုတာက ရိုက်ချိုးခံရတဲ့ အခါလည်း ရှိတယ်၊ လွတ်လပ်ခွင့်ဆိုတာ ရုန်းကန်မှုရှိရတယ်၊ ကိုယ့်အပေါ်လာပြီး တင်းကျပ် ဖိနှိပ်တာတွေကို ငုံ့မခံရဘူး”ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၂၀၁၀ ရွေးကောက်ပွဲမှ မဟုတ်၊ မည်သည့် ရွေးကောက်ပွဲကာလမဆို ပြည်သူများ၏ လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်၊ ဖော်ထုတ်ခွင့် ရှိသင့်သည်ဟု ဆိုကြောင်း၊ စစ်အစိုးရ စာပေစိစစ်ရေးမှူးကမူ ရွေးကောက်ပွဲ ပြီးသွားမှသာ စာပေစိစစ်ရေး မရှိနိုင်တော့ဟု ပြောကြောင်း ဦးဝင်းတင်က ဆိုသည်။

“စာပေစိစစ်ရေးမှူး ပြောတာက သည်းခံပါတဲ့၊ ရွေးကောက်ပွဲပြီးသွားရင်တော့ စာပေစိစစ်ရေးဆိုတာလည်း ရှိတော့မှာ မဟုတ် ဘူးတဲ့၊ အခုတော့ ရှိနေတယ်၊ ဒါကို ဆင်ခြေမတက်နဲ့၊ ဒီအတိုင်းပဲ လက်ခံလို့ ပြောတဲ့သဘောဖြစ်နေတယ်”ဟု ဦးဝင်းတင်က ဝေဖန်သည်။

နိုင်ငံရေး သတင်းများကို ပြည်တွင်း ပုဂ္ဂလိက ဂျာနယ်များက စတင်ဖော်ပြလာခြင်းနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)၏ သတင်းတချို့ကို မတ်လ ၂၉ ရက်နေ့တွင် ပြုလုပ်သော  ဗဟို အလုပ်အမှုဆောင် အစည်းအဝေး မတိုင်ခင် မှစ၍ ဖော်ပြခွင့်ပြုကြောင်း သိရသည်။

ပြည်တွင်းမှ ဂျာနယ်လစ်တဦးက“ဂျာနယ်တွေမှာ နိုင်ငံရေး အချပ်ပို ထည့်ကြတယ်၊ စီးပွားရေးအရဆိုရင် ဂျာနယ်ဈေးကွက်မှာ အချိန်ကိုက် စီးပွားရှာတဲ့ သဘောပါပဲ၊ လက်ရှိ လူစိတ်ဝင်စားမှု များနိုင်တဲ့ အကြောင်းအရာကို ဖော်ပြတာပဲ၊ နောက်တခုက နိုင်ငံရေး(လက်ရှိမှာ ရွေးကောက်ပွဲ)ဆိုင်ရာ သတင်းအချက်အလက်တွေကို စာဖတ်ပရိသတ်ကို ချပြပေးတာပါ”ဟု ပြောသည်။

သို့သော် စာပေစိစစ်ရေးအနေနှင့် အစိုးရမူဝါဒကို ဆန့်ကျင်မှုထက် ထောက်ခံမှု ပိုများသည့် အရေးအသားဆိုလျှင် ဆင်ဆာ ပိုလွတ်နိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

ထိုသို့ ဖော်ပြရာတွင် ပြည်တွင်းဂျာနယ်များ၌ ဘက်လိုက်သည့် သဘော ရှိနေမှုများနှင့် ပတ်သက်၍ NLD ပြန်ကြားရေး အဖွဲ့ဝင်  ဦးအုန်းကြိုင်က“စာပေစိစစ်ရေးက တဖက်သတ်ခွင့်ပြုလို့ တဖက်သတ် ဖော်ပြထားတာ နေမှာပေါ့၊ တဖက်ပိတ်ထားသော လွတ်လပ်ခွင့်ပေါ့၊ ဆင်ဆာရှိနေသရွေ့ဘယ်လိုလုပ် လွတ်လပ်တယ် ပြောလို့ရမလဲ၊ ဆင်ဆာအောက်က လွတ်လပ်ခွင့်ပေါ့” ဟု ပြောသည်။

သို့သော် ပြည်တွင်းမှ အယ်ဒီတာ တဦးကမူ“ရှုထောင့် နှစ်ခုက ရေးပေမယ့် စိစစ်ရေးက တဖက်ကို ဖြုတ်ပစ်လိုက်ရော၊ counter လုပ်ထားတာကို ဖြုတ်လိုက်တော့ တဖက်စောင်းနင်း ရေးသလို ဖြစ်သွားတာ ကြုံရတယ်”ဟု ဆိုသည်။

စာရေးဆရာ၊ အယ်ဒီတာ မောင်ဝံသက အစိုးရကိုယ်တိုင် စိတ်ဝင်စားနေသဖြင့် ဆင်ဆာ မဖြတ်တောက်ဖြင်း ဖြစ်နိုင်သည်ဟု ပြောဆိုသည်။

“အစိုးရ ကိုယ်တိုင်က ၉၀ မှာ အဓိက နိုင်ထားတဲ့ ပါတီကြီး မှတ်ပုံမတင်တာကို သိချင်ပုံ၊ စိတ်ဝင်စားပုံရတယ်၊ ဦးခင်မောင်ဆွေ တို့က ဝင်မယ်ဆိုတဲ့ လိုင်းကို တင်တာကို၊ ဒီတော့ ဦးခင်မောင်ဆွေတို့ ဘာပြောမလဲ၊ သူတို့ ရည်ရွယ်ချက် ဘာရှိမလဲ၊ သိချင်ပုံ ရတယ်၊ စာဖတ်တဲ့သူထက် အာဏာပိုင်တွေက ပိုသိချင်ပုံရတယ်၊ ဒါကြောင့် ခွင့်ပြုတာ ဖြစ်မယ်”ဟု မောင်ဝံသက ပြောသည်။

ပြည်တွင်းမှ ဘလော့ဂါ တဦးက“ပြည်တွင်း သတင်းတွေက လွတ်လပ်မှု မရှိတော့ ဖတ်ရတဲ့လူပါ လွတ်လပ်မှု မရှိသလို ခံစား ရလို့ မဖတ်ဖြစ်တော့တာ ကြာပြီ၊ သူငယ်ချင်းတွေ ဝယ်လာရင်တော့ ဖတ်ဖြစ်တာပေါ့လေ၊ အင်တာနက်ပေါ်ကပဲ အများဆုံး ဖတ်ပါတယ်”ဟု ဆိုသည်။

လျှောက်ထားသည့် ပါတီများ မှတ်ပုံတင် ကျလာလျှင် ပြည်တွင်းဂျာနယ်များက ပိုမို ရေးသား ဖော်ပြလာကြဖွယ် ရှိသည်ဟု အယ်ဒီတာတဦးက သုံးသပ်သည်။

“ဆင်ဆာရှိတော့ ဆင်ဆာနဲ့ လွတ်မယ့် လမ်းကြောင်းလောက်ပဲ လုပ်ကြတာပဲလေ၊ ပါတီတွေက လျှောက်ထားဆဲရှိသေးတယ်၊ မှတ်ပုံတင်ကျပြီးရင် ဒီထက်ပိုပြီး ရေးလာကြမယ်၊ ရှေ့လျှောက် ပိုများလာမယ် ထင်တယ်”ဟု ယင်းအယ်ဒီတာက ပြောသည်။

မီဒီယာအများစုက ဘက်မလိုက်ဘဲ လုပ်လိုကြောင်း၊ ဘက်လိုက်သူလည်း ရှိကြောင်းနှင့် ပါတီများကလည်း ချဉ်းကပ်လာနိုင် ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။

နိုင်ငံရေးပါတီများသည် ထုတ်ဝေလိုသည့် ပါတီ၏ မူဝါဒ၊ သဘောထားရပ်တည်ချက်၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ အကြောင်း အချက်အလက်များ ပါရှိသော စာရွက်စာတမ်း၊ စာအုပ်နှင့် လက်ကမ်းစာစောင်များကို စာပေစိစစ်ရေးသို့ ကြိုတင် စိစစ်မှုခံယူ ရန် မလိုဘဲ ထုတ်ဝေနိုင်ကြောင်း မတ်လကုန်တွင် စစ်အစိုးရက ပါတီများကို အသိပေးခဲ့သည်။

“ပါတီတွေကိုလည်း ထုတ်ဝေခွင့် ပေးမယ် ပြောထားပြီးသားလေ၊ ဆင်ဆာ မတင်ရဘူး၊ ထုတ်ဝေပြီးမှ ကော်ပီတင်လိုက်ရုံပဲ၊ မကြိုက်ရင်တော့ အဲဒီစာစောင်ကို ပိတ်မှာပေါ့”ဟု ဂျာနယ်လစ်တဦးက ပြောသည်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခြင်းကြောင့် အကျဉ်းချခံထားရသူများထဲတွင် လူရွှင်တော် ဇာဂနာ၊ ဘလော့ဂါ နေဘုန်းလတ်၊ ကဗျာဆရာ စောဝေ စသည်တို့ ပါဝင်သည်။

ထောင်ဒဏ် ၂၇ နှစ်ကျော် ချမှတ်ခံရသော ဒီမိုကရက်တစ် မြန်မာ့အသံ(DVB) သတင်းဌာနမှ ရုပ်သံ သတင်းထောက် တဦး ဖြစ်သူ မလှလှဝင်း၏ အယူခံကို မကွေးတိုင်း တရားရုံးက ဧပြီလ ၂၈ ရက်နေ့တွင် ပယ်ချခဲ့သည်။

ပြည်ပသို့ သတင်းများပို့သည်၊ ဗီဒီယိုများ ပို့သည်ဟု သံသယရှိသူများကိုလည်း စစ်အစိုးရက ဖမ်းဆီးလျက်ရှိရာ နောက်ဆုံး ဖမ်းဆီးခံရသူများမှာ သတင်းထောက် ဦးဇေယျနှင့် သားဖြစ်သူ စည်သူဇေယျတို့ ဖြစ်သည်။ သင်္ကြန်အကြတ်နေ့ ရန်ကုန် ဗုံးပေါက်ကွဲမှုတွင် ဓာတ်ပုံရိုက်သဖြင့် ဧပြီ ၁၇ ရက်နေ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။