နာဂစ် မြို့သစ် စီမံကိန်းအတွက် အဓမ္မ ပြောင်းရွှေ့ခိုင်းနေ

Tuesday, 04 May 2010 19:17
Print
ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ် နာဂစ် ဒဏ်သင့် လပွတ္တာမြို့ သုံးမိုင်မြို့သစ် စီမံကိန်း တိုးချဲ့ရန် အနီးရှိ ကျောက်ချောင်း ကျေးရွာကို အာဏာပိုင်များက ပြောင်းရွှေ့ခိုင်း နေသည့်အတွက် အခက်အခဲ ဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။

“မြို့သစ်တည်မယ့် နေရာက လယ်ပိုင်ရှင်တွေပဲ အရင်က ဖယ်ပေးလိုက်ရတာ၊ ကျမတို့ရွာက ကပ်ပြီးလွတ်သွားတယ်၊ အခုဖယ်ပေး ရမယ်လာပြောနေတယ်၊ ချက်ချင်းတော့ မဟုတ်ဘူးတဲ့”ဟု ကျောက်ချောင်းကျေးရွာရှိ အမျိုးသမီးတဦးက ဆိုသည်။

အဆိုပါ ကျောက်ချောင်းကျေးရွာသည် သုံးမိုင်မြို့သစ်နှင့် ကပ်လျက် ရန်ကုန်-လပွတ္တာကားလမ်းမကြီး ဘေးတဖက်တွင်ရှိပြီး အိမ်ခြေ ၅၀ ကျော်ရှိသည်ဟုလည်း သူ က ပြောသည်။

ကျောက်ချောင်းရွာသား ဦးလူမော်ကလည်း“တရွာလုံး ပြောင်းပေးရမယ်တဲ့၊ သုံးမိုင်မှာ နေရာပြန်ပေးမယ်ပြောတာပဲ၊ သူတို့က ပြောင်းဆို ပြောင်းပေးရမှာပေါ့၊ နေဖို့ ပြန်ပေးမှတော့ဖြစ်မှာ”ဟု ပြောသည်။

ယင်း သုံးမိုင်မြို့သစ်တည်ရာ လယ်ကွက်များ၏ အောက်ခြေရှိကျောက်သားများကို မြေကွက်ဝယ်ယူသူများ က တူးဖော်ရောင်းချ ကြကြောင်း၊ ထိုသို့ရောင်းချရာတွင် မြေကွက်တကွက်စာ ငွေကြေးပြန်လည်ရရှိကြောင်း၊ ကျောက်ချောင်းရွာ မြေသည်လည်း အောက်ဘက်တွင် ကျောက်သားများရှိကြောင်း၊ ထို့ကြောင့် ပြောင်းခိုင်းခြင်းဖြစ်နိုင်ကြောင်း မြေကွက်ဝယ်ယူထားသူ တဦးက ဆို သည်။

“ကျောက်ချောင်းကတော့ မြို့သစ်စီမံကိန်းနဲ့ လွတ်ပါတယ်၊ အဲဒီမြေကွက်တွေက လယ်လုပ်လို့ အဆင်မပြေပေမယ့် တန်ဖိုးရှိတော့ ပြောင်းခိုင်းတာဖြစ်မယ်၊ သိထားတာကတော့ ဒီမြို့သစ်စီမံကိန်းပြီးမှ ဖယ်ခိုင်းမယ်ကြားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ သုံးမိုင်မြို့သစ်သည် ပင်လယ်ရေမျက်နှာပြင်အထက် ပေ၂၀ကျော်မြင့်ပြီး ပင်လယ်နှင့်လည်း လပွတ္တာထက် သုံးမိုင်ဝေး သော ကုန်းမြင့်နေရာတွင်တည်ရှိသောကြောင့် သဘာဝဘေးအန္တရာယ်ကျရောက်လျှင် လုံခြုံမှုရှိပြီး ခေတ်မီသောမြို့သစ် တခု ဖြစ်ရန် တည်ဆောက်နေသောကြောင့် သုံးမိုင်နှင့် အနီးဝန်းကျင်ရှိ ကျေးရွာငယ်များကို ရွေ့ပြောင်းခိုင်းနေခြင်းဖြစ်ကြောင်း သုံးမိုင်မြို့သစ် စီမံကိန်းမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် တဦးက ဆိုသည်။

ယင်းသုံးမိုင်မြို့သစ်တွင် သဘောင်္ကြီးများရပ်နားနိုင်သော ဆိပ်ခံတံတား၊ အအေးခန်းသိုလှောင်ရုံနှင့် ရေခဲစက်တည်ဆောက်ရေး လုပ်ငန်းများကြောင့် အနီးပတ်ဝန်းကျင်ရှိ ကျောက်မော်နှင့် ကျောက်ဖြူကျေးရွာများသည်လည်း ၂၀၀၉ ခုနှစ်အတွင်းက ပြောင်းရွှေ့ ပေးခဲ့ရကြောင်း ၎င်းကပြောဆိုသည်။

ကျောက်မော်ကျေးရွာသည် အိမ်ခြေ ဆယ်ဂဏန်း ၀န်းကျင်သာရှိပြီး အကုန်ပြောင်းရွေ့ရကြောင်း၊ ကျောက်ဖြူကျေးရွာမှာ အိမ်ခြေ ၆၀၀ ကျော်ရှိပြီး ထက်ဝက်နီးပါးပြောင်းရွှေ့ပေးခဲ့ရကြောင်း ကျောက်ဖြူကျေးရွာတွင် နေထိုင်သူတဦးက ဆိုသည်။

“မြို့သစ်တည်ဖို့ လယ်ပိုင်ရှင်တော်တော်များများက အသိမ်းခံလိုက်ရတာ၊ တချို့တလေပဲ ပိုက်ဆံနည်းနည်းရတာ၊ လယ်သိမ်းခံရ တဲ့ သူတွေ ဒုက္ခတွေရောက်ကုန်တာပေါ့”ဟု ကျောက်ဖြူကျေးရွာတွင် နေထိုင်သူတဦးက ပြောသည်။

သုံးမိုင်မြို့သစ်တည်ဆောက်ခြင်းကြောင့် လယ်ဧကပေါင်းများစွာ ပိုင်ဆိုင်သော လယ်ပိုင်ရှင်များသည် ပိုင်ဆိုင်မှု အထောက် အထား မပြနိင်ခြင်းကြောင့် လယ်မြေများအသိမ်းခံခဲ့ရကြောင်း လယ်ပိုင်ရှင်တဦးက ဆိုသည်။

“ကျူပ်တို့ဘိုးဘွားတွေ လက်ထပ်ကတည်းက ဘာစာချုပ်စာတမ်းမှ မရှိခဲ့ဘူး၊ မိသားစုစာရင်းတွေ ဘာတွေလဲ နားမလည်တော့ ကျုပ်ဧကပေါင်း ၂၀လောက် ပိုက်ဆံတပြားမှ မရဘူး၊ ဖယ်ပေးလိုက်ရတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါ သုံးမိုင်မြို့သစ်စီမံကိန်းတွင် ကျပ်သိန်း၂၀တန် ပေ၁၀၀ပတ်လည်မြေကွက် ၁၂၀ကွက်၊ ကျပ် ၁၅သိန်းတန် ပေ ၈၀ ပတ်လည် မြေကွက် ၃၀ ၊ ကျပ် ၁၀ သိန်းတန် ပေ ၈၀ x ပေ ၆၀မြေကွက် ၁၁၃ ကွက်၊ ကျပ်ငါးသိန်းတန် ပေ ၄၀ x ပေ ၆၀ မြေ ကွက် ၃၄၄ ကွက်နှင့် ကျပ် သိန်း ၁၆၀ တန် ပေ ၄၀၀ x ပေ၂၀၀ အအေးခန်း စက်ရုံ မြေကွက် ကိုးကွက်အပြင် ခရိုင်အဆင့် အစိုးရရုံးများ၊ ဆက်သွယ်ရေးစခန်း၊ ခုတင် ၂၀၀ ဆံ့ဆေးရုံ၊ စာသင်ကျောင်း များ တည်ဆောက်လျက်ရှိပြီး အစိုးရရုံးများ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။

၂၀၀၈ ခုနှစ် မေလ၂ရက်နှင့် ၃ ရက်နေ့များတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် လပွတ္တာမြို့ အပါအ၀င် ဧရာဝတီ တိုင်း အတွင်းရှိ လူဦးရေ ၇ သန်းရှိသည့်အနက် လူဦးရေ ၂. ၄ သန်း ထိခိုက်နစ်နာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူဦးရေ ၁၄၀၀၀၀ ခန့် သေကြေပျောက်ဆုံးခဲ့ရသည်။ လူ ၈ သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ကာ အိမ်ပေါင်း ၄၅၀၀၀၀ ခန့်ပျက်စီးခဲ့သည် ဟု စာရင်း ဇယားများတွင် ဖော်ပြထားသည်။

အဆိုပါ မုန်တိုင်းကြောင့် အသက်မသေဘဲ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ခဲ့သူများသည် အချိန် ၂ နှစ်ခန့် ကြာမြင့် လာခဲ့သော်လည်း  စားဝတ်နေရေး အခက်အခဲကြုံနေကြဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။