အကျဉ်းကျ ကျောင်းသား ခေါင်းဆောင် ကိုမြအေး ကျန်းမာရေး ဆိုးရွား

E-mail Print
နှစ်ရှည် ထောင်ဒဏ် ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သည့် ကိုမြအေးသည် ကျန်းမာရေး မကောင်း သဖြင့် အကျဉ်းထောင် အတွင်း လုံလောက်သော ဆေးဝါး ကုသမှုပေးရန် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI)က ယမန်နေ့ တွင် တောင်းဆိုလိုက်သည်။

ရှမ်းပြည်နယ် တောင်ကြီး အကျဉ်း ထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသော ကိုမြအေးသည် ယခင်လ၌ နှလုံးရောဂါ၊ သွေးတိုး ရောဂါနှင့် အစာအိမ် ရောဂါတို့ကို ခံစားနေရ သဖြင့် ဆေးကုသခွင့် ပေးရန် (Amnesty International) AI အဖွဲ့က ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခြင်း ဖြစ်သည်။ 

ကိုမြအေးသည် သေဒဏ် ကျခံနေရသူများ ထားသည့် အခန်းအတွင်း ထည့်သွင်း ခံထားရကြောင်း၊ အိမ်သာ သွားသည့် အချိန်မှ လွဲ၍ ယင်း အခန်း အတွင်းမှ ထွက်ခွင့် မရကြောင်း၊ အကျဉ်း စခန်း၏ ဆိုးဝါးသော အခြေအနေများက သူ၏ ကျန်းမာရေးကို ပိုမိုဆိုးဝါး စေကြောင်း ထုတ်ပြန်ချက်တွင် ရေးသား ဖော်ပြ ထားသည်။

ထိုင်းနိုင်ငံ အခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီ စောင့်ရှောက်ရေးအသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ဦးဘိုကြည်က လည်း အကျဉ်းထောင်ထဲရှိ နိုင်ငံရေးအကျဉ်းသားများသည် လုံလောက်သော ဆေးဝါးကုသမှု မရသည့်အတွက် အသက် အန္တရာယ် စိုးရိမ်ရကြောင်း ဧရာဝတီသို့ ပြောသည်။

“သူတို့ အတွက် အသက်အန္တရာယ် စိုးရိမ်ရတဲ့ အနေအထားမှာ ရှိတယ်၊ ဒီလူတွေရဲ့ အသက် ရှုံးဆုံးသွားမှာကို ကျနော်တို့ အရမ်း စိုးရိမ်ပါတယ်”ဟု ၎င်းက ဆိုသည်။ 

ကိုမြအေးသည် လွန်ခဲ့သော ၂၀၀၇ ခုနှစ် သြဂုတ်လတွင် လောင်စာဆီ ဈေးနှုန်းမြင့်တက်မှုနှင့် ပတ်သက်၍ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ရာ  တခြားသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များနှင့် အတူ အဖမ်းခံခဲ့ရခြင်း ဖြစ်သည်။ စစ်အစိုးရက ကိုမြအေး အပါအဝင် ဖမ်းဆီးထားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်များကို နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင် အပါအ၀င် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လှိုင်သာယာမြို့နယ် တာဝန်ခံ ဦးတင်ယုတို့သည်လည်း ကျန်းမာရေး ဆိုးရွားနေကြောင်း ဦးဘိုကြည်က ဆက်ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် နိုင်ငံရေးအကျဉ်းသား ၁၀၀ခန့် ကျန်းမာရေး ဆိုးရွားလျက်ရှိကြောင်းလည်း ၎င်းက ဆိုသည်။ 

လွန်ခဲ့သည့် ၁၉၉၉ မှ ၂ဝဝ၅ ခုနှစ်အတွင်း အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ အဖွဲ့ (International Committee of the Red Cross - ICRC)သည် အကျဉ်းထောင်များသို့ သွားရောက်ပြီး လွတ်လပ်စွာ စစ်ဆေးခွင့်ရခဲ့သောကြောင့် အကျဉ်းသားများ အခွင့်အရေး ရရှိရန် အာဏာပိုင်တို့နှင့် ညှိနှိုင်းစီစဉ်၍ ဆောင်ရွက်ပေးနိုင်ခဲ့သည်။

၂ဝဝ၆ ခုနှစ်တွင် အာဏာပိုင်များက ၎င်းတို့၏ လူမှုရေးအဖွဲ့ တခုဖြစ်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းနှင့် ပူးပေါင်းပြီး အကျဉ်းထောင်များသို့ သွားရောက်ရန် ညွှန်ကြားခဲ့သောကြောင့် ICRC ၏ အကျဉ်းသားများထံသို့ သွားရောက် ကူညီ မှုများ ရပ်ဆိုင်းသွားခဲ့ရသည်။ သို့သော် ICRCက သီးခြား လွတ်လပ်စွာ ဆောင်ရွက်လိုသော်လည်း အစိုးရက ခွင့်မပြုခဲ့ကြောင်း သိရသည်။

AAPP ၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက် အရ မြန်မာပြည်အနှံ့ အကျဉ်းထောင်များ၌ နိုင်ငံရေးအကျဉ်းသား (၂၁၈၄) ဦး ရှိကြောင်း သိရှိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်