ငါးသလောက် ရှားပါး၊ ဈေးမြင့်တက်

E-mail Print
နာဂစ် ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်ခဲ့ခြင်းနှင့် ငါးအလွန်အကျွံ ဖမ်းဆီးမှု များကြောင့် ယခုနှစ်တွင် ငါးသလောက် ရှားပါးကာ ရန်ကုန် စံပြငါးဈေးသို့ အ၀င်လျော့ကျပြီး ဈေးမြင့် တက်လျက် ရှိကြောင်းသိရှိရသည်။

ယခုနှစ် စံပြငါးဈေးသို့ ငါးသလောက် ၀င်နှုန်းမှာ ယခင် နှစ်ကထက် သုံးပုံ နှစ်ပုံခန့် အထိ ကျဆင်း နေကြောင်း၊ ရေချို ငါးသလောက် ဈေးမှာလည်း ယခင်နှစ် ကထက် ၂ ဆခန့် အထိ မြင့်တက် သွားကြောင်း စံပြငါးဈေး၊ ငါးအ၀ယ် ဒိုင်များက ဆိုသည်။

“ရေငန် ငါးသလောက်က ရာသီ ကုန်သွားပြီ။ မိုးတွင်း ကျတော့ မုန်တိုင်းတွေ ဘာတွေ ရှိတတ်တယ် ဆိုတော့ သင်္ကြန် နောက်ပိုင်းဆို မ၀င်ကြ တော့ဘူး။ ရေချိုကတော့ အ၀င်ကျ သွားတယ်” ဟု ငါးအဝယ် ဒိုင်တဦးက ပြောသည်။

ငါးသလောက်တွင် ရေချိုနှင့်ရေငန်ဟူ၍ နှစ်မျိုးရှိရာ ပုံမှန်အားဖြင့် ရေချိုငါးသလောက်သည် တနှစ်ပတ်လုံး ၀င်ရောက်မှုရှိပြီး ရေငန်ငါးသလောက်မှာမူ အောက်တိုဘာလမှ ဧပြီလအတွင်းသာ ၀င်ရောက်တတ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အများဆုံး ဝယ်ယူစားသောက် နိုင်သည်မှာ ရေငန် ငါးသလောက် များသာဖြစ်ပြီး ရေချို ငါးသလောက်များကိုမူ ပြည်ပသို့ တင်ပို့ ရောင်းချနေကြောင်း ငါးဒိုင်များထံမှသိရသည်။

“ရေချိုက တစ်ပိဿာကို ကျပ် ၂၈၀၀၀ လောက်အထိ ပေါက်ဈေးရှိတယ်။ ဈေးကတော့ မြန်မာပြည်ကလူတွေ မစားနိုင်ဘူး။
ပုစွန်ထုပ်ထက်ဈေးကြီးတယ်။ ပုစွန်ထုပ်ကမှ ၈၀၀၀၊ ၁၀၀၀၀ လောက်နဲ့ စားလို့ရသေးတယ်” ဟု ငါးဒိုင်တဦးက ဆိုသည်။

လှိုင်မြစ်၊ ပန်းလှိုင်မြစ်များအတွင်း ရေချို ငါးသလောက်မျိုးတချို့ ပျောက်ဆုံးကုန်ကြောင်း၊ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် သဘာဝရင်းမြစ်များ ပျက်စီးခဲ့ရသကဲ့သို့ ရေထု ညစ်ညမ်းလာခြင်းနှင့် နည်းစနစ် မမှန်ကန်သော ငါးဖမ်းမှုများကြောင့်လည်း ဆုံးရှုံးရခြင်း ဖြစ်ကြောင်း သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင်တဦးက ပြောဆိုသည်။

မြစ်များအတွင်း လျှပ်စစ်ရှော့တိုက်ခြင်း၊ ဆေးချခြင်း၊ ဗုံးခွဲခြင်းနှင့် အာဖရိက ငါးခူများကြောင့်လည်း ငါးများ ရှားပါးသွားရသည်ဟု သိရသည်။

အာဖရိကငါးခူ (Clarias gariepinus) များသည် သဘာဝ သယံဇာတများနှင့် ဒေသခံငါးမျိုးများကို ပြုန်းတီးစေသောကြောင့်
ထိုငါးများကို ပြည်ပမှပြည်တွင်းသို့ တင်သွင်းခွင့် မပြုကြောင်း ကြေညာထားပြီး ပြည်တွင်း၌ သားဖောက် ထုတ်လုပ်နေသည့် အာဖရိကငါးခူများကို ဆက်လက် သားဖောက်ထုတ်လုပ်ခြင်း၊ မွေးမြူခြင်း၊ ပြန့်ပွားစေခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ရောင်းချခြင်း စသည်တို့ကို မပြုလုပ်ကြရန် မြန်မာနိုင်ငံ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနက အမိန့် ကြေညာစာအမှတ် ၅/ ၂၀၁၀ ဖြင့် ထုတ်ပြန်ခဲ့သည်။

လက်ရှိဈေးကွက်အတွင်း ၀င်ရောက်နေသော ငါးသလောက်များမှာ ဒေးဒရဲနှင့် မြစ်ဝကျွန်းပေါ် ဒေသများမှ ဖြစ်ပြီး လပွတ္တာ၊ ပုသိမ်၊ ဘိုကလေး၊ မော်ကျွန်း၊ ကွမ်းခြံကုန်း၊ ဒလ မြို့များမှ အ၀င်များသည် ဟုသိရသည်။

သို့သော် ယခုလက်ရှိတွင် ပုသိမ်နှင့် ဟိုင်းကြီးဒေသ များမှသာ ငါးသလောက် ၀င်ရောက်မှု အားကောင်းပြီး ကျန်မြို့များမှာ နာဂစ် ဆိုင်ကလုန်းဒဏ်ကြောင့် ၀င်ရောက်မှု နည်းနေသေးသည်ဟု ငါးအဝယ်ဒိုင်များက ဆိုသည်။

“မော်ကျွန်းတို့၊ ဘိုကလေးတို့ဆိုရင် အရင်နှစ်က လောက်တောင်မှ မတက်တော့ သလောက်ဘဲ၊ လပွတ္တာလည်း နာဂစ်ပြီး နောက်ပိုင်းမှာ ဘာမှဟုတ်တိပတ်တိ မတက်ဘူး။ နာဂစ်တုန်းက သေခဲ့တဲ့ တံငါသည်တွေလည်း များတာကိုး” ဟု ငါးဒိုင် တဦးက ပြောသည်။

ယခုနှစ်များအတွင်း မြန်မာ့ပင်လယ်ပြင်တွင် ငါးဖမ်းသင်္ဘောများ ပိုမို များပြားလာပြီး ၂၀၀၂ ခုနှစ်က ၄၃ စီးသာ ရှိခဲ့ရာမှ လက်ရှိ အစီး ၁၀၀ ကျော် ရှိကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်