ဒေါ်အောင်ဆန်းစုကြည်နှင့် ကာ့တ်ကမ်းဘဲလ် တွေ့

E-mail Print
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်သည် အမေရိကန် အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်း ဘဲလ်နှင့် ယနေ့ နေလယ် ၁း၃၀ နာရီတွင် တနာရီကျော်ကြာ တွေ့ဆုံခဲ့သည်။

၎င်းတို့ တွေ့ဆုံသည့် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် သတင်းယူရန် အာဏာပိုင်များက သတင်းထောက်များကို ဖိတ်ကြားထား သော်လည်း နောက်ပိုင်းတွင် ယင်းဖိတ်ကြားချက်ကို ပြန်လည် ရုတ်သိမ်း ခဲ့ကြောင်း သိရသည်။

မစ္စတာ ကာ့တ်ကမ်း ဘဲလ်သည်၂၀၀၉ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံသို့ လာရောက်စဉ် ကလည်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့သည်။

ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများအရ  NLD ပါတီ ဆက်လက် တည်ရှိရေး အတွက် ပါတီမှတ်ပုံတင်ရန် စစ်အစိုးရက သတ်မှတ်ထားသည့် ရက်ပိုင်းကို ကျော်လွန်သွားချိန်တွင် ယခု တွေ့ဆုံမှု ပေါ်ပေါက်လာခြင်း ဖြစ်သည်။

ခရီးစဉ် မတိုင်မီကပင် မစ္စတာ ကမ်းဘဲလ်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ရမှသာ မြန်မာနိုင်ငံသို့ သွားရောက် မည်ဟု  ပြောဆိုခဲ့သည်။ ယနေ့ တွေ့ဆုံမှုနှင့် ပတ်သက်၍ အသေးစိတ် မသိရသေးပေ။

ယနေ့ နံနက်ပိုင်းတွင် မစ္စတာ ကမ်းဘဲလ်သည် အမေရိကန် သံရုံးတာဝန်ခံ၏အိမ်တွင်  NLD ဗဟို ကော်မတီ အဖွဲ့ဝင် ၁၀ ဦးနှင့်လည်း တွေ့ဆုံခဲ့သည်။

မစ္စတာ ကမ်းဘဲလ်နှင့် တွေ့ခဲ့သည့် ဦးဝင်းတင်က “အမေရိကန် အစိုးရအနေနဲ့ စစ်အစိုးရ အပေါ် ဖိအားတွေ ထပ်ပေးဖို့၊ အားလုံး ပါဝင်နိုင်ပြီးတော့ လွတ်လပ် တရားမျှတတဲ့  ရွေးကောက်ပွဲ မဖြစ်နိုင်တော့တဲ့ အတွက် ရွေးကောက်ပွဲရလဒ်ကို အသိ အမှတ် မပြုဖို့ ကျနော်တို့က မစ္စတာ ကမ်းဘဲလ်ကို တောင်းဆိုပါတယ်” ဟု ဧရာဝတီကို ပြောပြသည်။

တွေ့ဆုံမှုတွင် ပါဝင်သူ တဦး ဖြစ်သည့် ဦးခင်မောင်ဆွေက “မစ္စတာကမ်းဘဲလ်နဲ့ စကားပြောပြီးတော့ မြန်မာပြည် ဒီမိုကရေစီ ပြောင်းလဲရေး အတွက် အမေရိကန်က အားတက်သရော ရှိနေတယ် ဆိုတာ သတိထားမိတယ်၊ စစ်အစိုးရအပေါ် အမေရိကန်ရဲ့ လွှမ်းမိုးမှုက အကန့်အသတ် ရှိတယ် ဆိုတာရယ်၊ နိုင်ငံရေး အကျဉ်းသားတွေကို မလွှတ်ရင် ရွေးကောက်ပွဲဟာ ယုံကြည်မှု ကင်းမဲ့မယ်လို့  မစ္စတာ ကမ်းဘဲလ်က ပြောတယ်” ဟု ဆိုသည်။

မစ္စတာ ကမ်းဘဲလ်သည် ရခိုင်တိုင်းရင်းသား ခေါင်းဆောင် ဦးအေးသာအောင်၊  ပြည်ထောင်စု ကြံခိုင်ရေး နှင့် ဖွံ့ဖြိုးရေး အသင်း (ကြံ့ဖွံ့) ကိုယ်စားလှယ်များ၊ တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ ခေါင်းဆောင်များတို့နှင့်လည်း တွေ့ဆုံခဲ့သည်။

မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း  တွေ့ဆုံခဲ့သည်။

မစ္စတာ ကမ်းဘဲလ်က ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး မေးမြန်းခဲ့သည်ဟု ဒီမိုကရက်တစ်ပါတီမှ ခေါင်းဆောင်တဦး ဖြစ်သူ ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

“ဘာကြောင့် ရွေးကောက်ပွဲဝင်လဲ၊ ရွေးကောက်ပွဲကို ဘယ်လို အခြေအနေ ဖြစ်မယ်ထင်လဲ၊ ရွေးကောက်ပွဲ ပြီးရင် ဘာဖြစ်မယ် ထင်လဲ အဲသလို မေးတာပါ”ဟု  ဒေါ်ချိုချိုကျော်ငြိမ်းက ပြောသည်။

ပြည်ထောင်စု ဒီမိုကရေစီ ပါတီ ဥက္ကဋ္ဌ ဦးဖြိုးမင်းသိန်းကလည်း ဗိုလ်ချုပ်ကြီး သိန်းစိန်က အရပ်ဝတ်လဲ၍ ပါတီထောင်ခြင်း၊ ကြံ့ဖွံ့ အသင်း၏ အပြောင်းအလဲ တို့နှင့် ပတ်သက်ပြီး  ဆွေးနွေးခဲ့ကြောင်း ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် တနင်္ဂနွေနေ့က  မြန်မာပြည်သို့ ဒုတိယအကြိမ် ရောက်ရှိလာပြီးနောက် ပြန်ကြားရေး ၀န်ကြီး ဦးကျာ်ဆန်း၊ နိုင်ငံခြားရေး ၀န်ကြီး ဦးဉာဏ်ဝင်း၊ သိပ္ပံနှင့် နည်းပညာဝန်ကြီး ဦးသောင်းတို့နှင့်လည်း တွေ့ဆုံခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

မကြာသေးမီ အမေရိကန်က  မြန်မာ စစ်အစိုးရကို တိုက်ရိုက် ထိတွေ့ ဆက်ဆံသွားမည် ဟူသော မူဝါဒသစ်ကို ၂၀၀၉ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်ကြေညာခဲ့သည်။

ဇန်န၀ါရီလတွင် မစ္စတာ ကမ်းဘဲလ်က မြန်မာ စစ်အစိုးရနှင့် ထိတွေ့ ဆက်ဆံမှုနှင့် ပတ်သက်၍ တစုံတရာ ရှင်းရှင်း လင်းလင်း မရှိဘဲ ရောနှော ရှုပ်ထွေး နေသည်ဟု  ပြောကြားခဲ့သည်။

မစ္စတာ ကာ့တ် ကမ်းဘဲလ်သည် ၂၀၀၉ ခုနှစ်တွင် အမေရိကန် အစိုးရ ကိုယ်စားလှယ် အဖွဲ့ တဖွဲ့ကို ဦးဆောင်၍ မြန်မာနိုင်ငံ သို့ သွားခဲ့သူ ဖြစ်ပြီး ၁၄ နှစ်အတွင်း မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ် သွားရောက်သော အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ် ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်