ကြံ့ဖွံ့ပါတီ ဥပဒေနှင့် မညီဟု တခြားပါတီတခု ဝေဖန်

E-mail Print
၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင် ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် အာဏာရပါတီ ဆန်နေသည့် အပြင် ရွေးကောက်ပွဲ ဥပဒေများနှင့်လည်း ညီညွတ်မှု မရှိဟု ပြည်ထောင်စု ဒီမိုကရေစီပါတီက ဝေဖန်လိုက်သည်။

usda_members“ကျနော် သိသလောက်တော့ သူတို့ ပါတီရုံး ဆိုတာတွေက နိုင်ငံတော် ငွေကြေးနဲ့ တည်ဆောက် ထားတာ တွေလေ။ ဒါတွေကို သူတို့တွေ ဆက်သုံး နေမယ်ဆိုရင် စကား ပြောစရာ တွေတော့ ဖြစ်လာ လိမ့်မယ်” ဟု ပြည်ထောင်စု ဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ကိုဖြိုးမင်းသိန်းက ယနေ့ ဧရာဝတီသို့ ပြောသည်။

စစ်အစိုးရက ထုတ်ပြန် ထားသော နိုင်ငံရေး ပါတီများ မှတ်ပုံ တင်ခြင်း ဥပဒေ ပုဒ်မ ၇၊ အပိုဒ် (ဂ) တွင်လည်း နိုင်ငံတော်ပိုင် ငွေကြေး၊ အဆောက် အအုံ၊ ယာဉ်၊ ပစ္စည်းတို့ကို တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲသည့် အဖွဲ့အစည်းသည် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင် ပေးရန် လျှောက်ထားခြင်း မရှိစေရ ဟူ၍ပါရှိသည်။

ထိုသို့ ရွေးကောက်ပွဲ ဥပဒေများနှင့် မညီသည့် အခြေအနေများ တွေ့မြင်နေရသောကြောင့် အသွင်ကူးပြောင်းရေး ကာလတွင် စစ်သားနှင့် အရပ်သား ညီတူညီမျှ ပါဝင်သည့် အစိုးရသစ်တရပ် ဖွဲ့ပေးရန် ပြည်ထောင်စု ဒီမိုကရေစီပါတီက သောကြာနေ့တွင် ကြေညာချက်တရပ် ထုတ်ပြန်လိုက်သည်။

၎င်းတို့ပါတီ၏ နာယကတဦးဖြစ်သူ ကိုညိုထွန်းကလည်း “ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီထဲမှာ အသက် ၁၈ နှစ်မပြည့်သေးတဲ့ ကျောင်းသားတွေ၊ နိုင်ငံ့ ဝန်ထမ်းတွေအများကြီး ပါနေတယ်။ ဒီလိုကိစ္စတွေက မဖြစ်သင့်မဖြစ်ထိုက်တဲ့ ကိစ္စတွေပါ” ဟု ဆိုသည်။

ကိုညိုထွန်းကပင် ဆက်လက်၍ မကြာသေးမီက စစ်ဘက်ရာထူးမှအနားယူသွားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် ဦးသိန်းစိန်သည် ရာထူးမှ အနားယူသွားသော်လည်း စစ်အစိုးရနှင့် ငွေကြေးကိစ္စများ အရမှစ၍ နောက်ကွယ်တွင် မည်သို့ ပတ်သက်နေသည်ကို မည်သူမှ မသိနိုင်ကြောင်း ပြောသည်။

ယခုကဲ့သို့ ကြေညာချက်ထုတ်ပြန်ရခြင်းသည် ပြည်သူလူထုကို အသိပေး ချပြရုံသာ ဖြစ်ကြောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၎င်းတို့၏ အပြုအမူများကို မပြောင်းလဲဘဲ အာဏာရပါတီတခုကဲ့သို့ ဆက်လက် ပြုမူဆောင်ရွက်သွားမည် ဆိုပါက ရွေးကောက်ပွဲကော်မရှင်ထံသို့လည်းကောင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌထံသို့ လိပ်မူ၍ လည်းကောင်း တိုင်ကြားသွားမည်ဟုလည်း ကိုဖြိုးမင်းသိန်းက ဆိုသည်။

“တကယ်လို့ ဥပဒေနဲ့မညီတဲ့ အပြုအမူတွေနဲ့ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့မယ်ဆိုရင် တည်ဆဲဥပဒေတွေနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကနေ အရေးယူသွားမှာပါ” ဟု ကိုဖြိုးမင်းသိန်းက ရှင်းပြသည်။

ဇိုမီး အမျိုးသားကွန်ဂရက်မှ ဦးပူကျင့်ရှင်းထန်ကလည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အသုံးပြုနေသော အဆောက် အအုံများသည် ပြည်သူများထံမှလာသော နိုင်ငံတော်ဘဏ္ဍာများ ဖြစ်နေခြင်း၊ ပါတီဝင်များသည်လည်း ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများ ပါဝင်နေခြင်းတို့ကြောင့် ပြည်ထောင်စု ဒီမိုကရေစီပါတီ၏ လုပ်ရပ်အပေါ် ထောက်ခံသည်ဟု ဆိုသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်ထားသော နိုင်ငံရေး ပါတီတခုဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်