ရဲချုပ် ခင်ရီ၏ သတင်းစာ ရှင်းလင်းပွဲ အလွဲများ

E-mail Print
သင်္ကြန်ဗုံးကွဲမှုနှင့် ပတ်သက်၍ ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲ၌ ရဲချုပ် ခင်ရီ၏ ပြောကြား ချက်များတွင် ရှေ့နောက် မညီသည့် လွဲချော်မှုများ တွေ့ရသည်။

အချိန်နှင့် ပတ်သက်၍ ဗုံးကွဲမှုအပေါ် စွပ်စွဲခံရသူ ၄ ဦး၏ ပြည်တွင်း၊ ပြည်ပ ချိတ်ဆက်မှုများ၊ ပြည်တွင်း လှုပ်ရှားမှုများနှင့် အခင်း ဖြစ်ပွားချိန် တို့တွင် လွဲချော်မှုများ ရှိနေသည်။ အဖြစ်အပျက် ဆိုင်ရာတွင် ကွန်ရက်ကို ပုံဖော်ခြင်းနှင့် ပြည်တွင်း မီဒီယာများက ဖော်ပြသည့် အစောပိုင်း သတင်းတို့ ကွဲလွဲချက်များ ရှိနေသည်။ အချက်အလက် ဆိုင်ရာတွင် စစ်ဆေး မေးမြန်းမှုဖြစ်စဉ်၊ စွပ်စွဲခံရသူများ၏ မိသားစု ရေးရာနှင့် ဖြစ်ရပ် နောက်ခံ အကြောင်းအရာ ရှေ့နောက် မညီမှုများ တွေ့ရသည်။  

မေလ ၆ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သွားသော အဆိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီက သင်္ကြန်ဗုံးကွဲမှုနှင့် ပတ်သက်၍ အင်ဂျင်နီယာ တဦးဖြစ်သည့် ဖြိုးဝေအောင်နှင့် နယ်စပ်သို့ ထွက်ပြေး လွတ်မြောက် သွားသည် ဆိုသူ ၃ ယောက်တို့ကို ဇယား အချိတ် အဆက် များဖြင့် စွပ်စွဲ ပြောဆို ရှင်းလင်း ထားသည်။

ကန်တော်ကြီး ပတ်လမ်းရှိ X2O သင်္ကြန် မဏ္ဍပ်တွင် ဖြစ်ပွားခဲ့သော ဗုံး ၃ လုံး ပေါက်ကွဲမှုနှင့် ချိန်ကိုက်ဗုံးတလုံး တွေ့ရှိမှု တို့အတွက် သီဟဇော် (ခ) သူရဇော် (ခ) ဗိုလ်သူ (ခ) ဇော်ထက် (ခ) သိန်းထိုက်၊ အောင်ကြီး (ခ) အုန်းကျော်ဌေး၊ မျိုးအေး (ခ) စိုးမိုး၊ ဖြိုးဝေအောင် (ခ) သက်ခိုင် နှင့် သက်ပြင်း (ခ) နေမျိုးဝင်း တို့ကို စွပ်စွဲထားသည်။

အချိန်ကာလနှင့် ပတ်သက်၍ ပထမဆုံး လူသိများနေသည့် အမှားမှာ စွမ်းအားမြှင့် မြန်မာ ကျောင်းသား စစ်သည်တော်များ အဖွဲ့ (Vigorous Burmese Student Warriors – VBSW) က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ မြန်မာသံရုံးကို ဝင်ရောက် စီးနင်းသော ရက်စွဲဖြစ်သည်။ ရဲချုပ် ခင်ရီက ၁၉၉၀ အောက်တိုဘာ ၁ ရက်ဟု ပြောသွားသော်လည်း အမှန်မှာ ၁၉၉၉ အောက်တိုဘာ ၁ ရက်နေ့ ဖြစ်သည်။

စိတ်ဝင်စားဖွယ် တခြား အချိန်ကာလ လွဲချော်မှုမှာ ကိုအုန်းကျော်ဌေး၏ လက်ထပ်ပေါင်းသင်းမှု ကိစ္စဖြစ်သည်။ ရဲချုပ်ခင်ရီက ၂၀၁၀ ဇန်နဝါရီ ၁ ရက် တွင် သီဟဇော် (ခ) သူရဇော်နှင့် အုန်းကျော်ဌေးတို့ ထိုင်း - မြန်မာနယ်စပ် မဲဆောက်မြို့မှ ရန်ကုန်သို့လာသည်၊ ၂၀၁၀ ဇန်နဝါရီ ၂ ရက်မှ ၁၆ ရက်နေ့ အထိ စမ်းချောင်းတွင် ဧည့်စာရင်းတိုင်ပြီးနေသည်ဟု ဆိုသည်။

ထိုမှ သန်လျင်သို့ ပြောင်းပြီးနောက် အိမ်ရှင်၏ တူမဖြစ်သူ ဒေါ်ရီရီမြင့်နှင့် ကိုအုန်းကျော်ဌေးတို့ တွေ့ဆုံကြသည်။ ထိုအချိန်မှစ၍ ရက် ၂၀ ဝန်းကျင်အကြာ ၂၀၁၀ ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် လက်ထပ်ခဲ့ကြသည်။ တွေ့ဆုံ ချစ်ကြိုက်သည့်ကာလ နည်းသည် များသည်မှာ ယင်းတို့၏ ကိုယ်ရေးကိုယ်တာ ဖြစ်သော်လည်း ရဲချုပ် ခင်ရီ နောက်ပိုင်းတွင် ထည့်သွင်း ပြောဆို သွားသော အချက်တချက်ကြောင့် လွဲချော် သွားသည်ကို တွေ့ရသည်။

ကိုအုန်းကျော်ဌေးသည် ၂၀၁၀ ဇန်နဝါရီ လကုန်ပိုင်းတွင် ရက် ၂၀ ခန့် ခရီးထွက်နေသည်ဟု ဇနီး ဒေါ်ရီရီမြင့်က ထွက်ဆို ကြောင်း ရဲချုပ် ခင်ရီက ပြောသည်။ ဆုံတွေ့ လက်ထပ်သည့် အချိန်ကာလနှင့် ခရီးထွက်သည့် အချိန်ကာလမှာ အရေအတွက် တူနေသဖြင့် ဟာကွက် ပေါ်နေသည်။

နောက်ထပ် အရေးကြီးသည့် အချိန်ကာလနှင့် ပတ်သက်သော အချက်မှာ ဗုံးပေါက်သည့် အခင်းဖြစ်ပွားရာနေရာ၌ ဖြိုးဝေအောင် ရှိ၊ မရှိ ဆိုသော ကိစ္စဖြစ်သည်။

“ကျမ အမျိုးသားက သင်္ကြန်ပိတ်ရက်အတွင်း အပြီးလုပ်ရမယ့် ရန်ကင်းစင်တာ အလုပ်ခွင်ထဲမှာ ရှိနေတာ” ဟု ဖြိုးဝေအောင်၏ ဇနီး မဌေးက ဧရာဝတီသို့ ပြောခဲ့သည်။ စဉ်းစားရန် အချက်မှာ စစ်အစိုးရ တာဝန်ရှိသူများသည် ထိုလုပ်ငန်းခွင်တွင် ရှိနေနိုင် သူများကို ခေါ်ယူ မေးမြန်းကြောင်း မတွေ့ရသည့် အချက် ဖြစ်သည်။

စွပ်စွဲခံရသူ ၄ ဦးတို့ ပြည်တွင်းပြည်ပ ချိတ်ဆက်ကြပုံကို ဖော်ပြရာတွင်လည်း ဇာတ်ကွက် မမိမှုများ တွေ့ရသည်။

မဲဆောက်တွင် တပတ်ခန့် နေခဲ့သော ဖြိုးဝေအောင် သည် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလတွင် မျိုးအေး (ခ) စိုးမိုးနှင့်အတူ ပြည်တွင်းသို့ ပြန်ဝင်လာကြောင်း၊ အိမ်မငှားရသေးခင် ဖြိုးဝေအောင် အိမ်၌ အတူနေခဲ့ကြောင်း၊ ထို့နောက် တိုက်ခန်းငှားခ ပေးချေခဲ့ပြီး အိမ်သော့ နှစ်ချောင်းကို တချောင်းစီ ယူထားကြကြောင်း၊ ဖြိုးဝေအောင်က သီဟဇော်ထံ အိမ်ငှားပြီးသည်ကို G-talk နှင့် အကြောင်းကြားကြောင်း ရဲချုပ် ခင်ရီက အစောပိုင်းတွင် ပြောထားသည်။

ထို့ကြောင့် ဖြိုးဝေအောင်နှင့် မျိုးအေး (ခ) စိုးမိုးတို့သည် အတူတူ ရှိနေခဲ့ပြီး အဆက်အသွယ်လည်းရှိသည်ဟု နားလည်ရသည်။ သို့သော် နောက်တနေရာတွင် ရဲချုပ်ခင်ရီက “၂၀၁၀ ဧပြီလ ပထမပတ်အတွင်း ဖြိုးဝေအောင်ကို သီဟဇော်က On Line ပေါ်တွင် အဆက်အသွယ်ပြုပြီး လက်ကိုင်ဖုန်းဖြင့် ဖောက်ခွဲမှု ကျွမ်းကျင်သည့် မျိုးအေး (ခ) စိုးမိုးအား ပြည်တွင်းသို့ စေလွှတ် လိုက်သည်” ဟု ဆိုထားရာ ပြောခဲ့ပြီးသော အချက်နှင့် နောက်ထပ် ပြောဆိုသည့်အချက်တို့ တလွဲတချော် ဖြစ်နေသည်။

အတူတူလာခဲ့ပြီး အခန်းသော့ပင် အတူတူ ခွဲယူထားကြသူများကို တဦးနှင့် တဦး မသိကြသေးသကဲ့သို့ သီဟဇော်က အွန်လိုင်းမှ အကြောင်းကြား ချိတ်ဆက် ပေးသည် ဆိုသည်မှာ ရှေ့နောက် မညီပေ။

ပြည်တွင်း မီဒီယာများတွင် ပါရှိလာသော ကွဲလွဲနေသည့် အဖြစ်အပျက်လည်း ရှိသေးသည်။ သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင်  လျှပ်တပြက်ဂျာနယ်တွင် “ပလတ်စတစ်အိတ်ဖြင့် ထုပ်ထားသော လက်ပစ်ဗုံးများကို X2O မဏ္ဍပ်စင်ပေါ်သို့ ပစ်တင်နေစဉ် သပြေကုန်းရပ်ကွက် ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ဟိုမှာ မဏ္ဍပ်ပေါ်ကို ဗုံးနဲ့ ပစ်နေပြီ ဝပ် ဟုပြောပြီး မကြာခင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ၎င်းဗုံးဖြင့် ပစ်သူကို သက်ဆိုင်ရာက ချက်ချင်း ဖမ်းမိခဲ့ကြောင်း မျက်မြင်သက်သေတဦးက ပြောကြားခဲ့သည်” ဟု ဖော်ပြထားသည်။

သတင်းစာရှင်းလင်းပွဲတွင်မူ ရဲချုပ် ခင်ရီက ထိုသတင်း မမှန်ပါဟု ငြင်းဆိုထားသည်။ ၇ ရက် ၈ ရက် ကြာမှသာ “သံသယ တရားခံ” ကို စတင် ခြေရာခံမိသည်ဟု ဆိုထားသည်။ သို့သော် တင်းကျပ်သည့် စာပေစိစစ်ရေးစနစ်အောက်တွင် မည်သည့် သတင်းမျှ အလွယ်တကူ ဖော်ပြ၍ မရပေ။ အထူးသဖြင့် အလွန်အရေးကြီးနေသော သင်္ကြန်ဗုံးကွဲမှု သတင်းဆိုလျှင် ပို၍ပင် တင်းကျပ်နိုင်သေးသည်။

သီဟဇော် (ခ) သူရဇော်နှင့် ဖြိုးဝေအောင်တို့ အတူအလုပ်လုပ်ဖူးသည့် ချယ်ရီဥယျာဉ် အိမ်ရာတွင် ဗုံးတွေ့သည့် ကိစ္စ၌ ဖြိုးဝေအောင်ကို ခေါ်ယူ မေးမြန်းဖူးကြောင်း ၎င်း၏ ဇနီးကပြောသည်။ ဤသို့ စစ်ဆေးခံရဖူးခြင်းသည် သင်္ကြန်ဗုံးကိစ္စတွင် စွပ်စွဲခံရခြင်း၏ အဓိက အကြောင်းရင်း ဖြစ်ဖွယ်ရှိသည်။

နောက်ဆုံးအနေဖြင့် တွေ့ရှိရသော လွဲချော်နေသည်များမှာ အချက်အလက်များ ဖြစ်သည်။ စာနယ်ဇင်းများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ဖြိုးဝေအောင်ကို ဖမ်းမိခြင်းမှာ အဓိကအချက်အနေနှင့် အခင်းဖြစ်ရပ်တွင် တွေ့ရသော အထောက်အထားပေါ် မူတည်ပြီး ဖော်ထုတ်၍ ရသည့် ပုဂ္ဂိုလ်များ၏ သက်သေခံချက်အပေါ် မူတည်သည်ဟု ဖြေထားသည်။

သို့သော် ရှေ့ပိုင်း ပြောဆိုမှုများ၌ ဗုံးပစ်သူများတွင် ဖြိုးဝေအောင်မဟုတ်ဘဲ ကျန် ၃ ယောက် ဖြစ်သည်။ တခြား စာနယ်ဇင်း မေးမြန်းမှု တခုတွင် “ဖြိုးဝေအောင်ကို ဖမ်းဆီးစစ်ကြောတဲ့ အခါ သူဘာမှ မပြောပါဘူး။ တချက်သိလို့ တချက်ထောက်မှ တချက်ပြောတဲ့ အဆင့်ပါ။ သို့သော် သူပြောတယ်ဆိုတာကလည်း ကျနော်တို့ ထောက်လို့ မရတော့တဲ့ အဆင့် တဝက်လောက် အထိပဲ သူပြောတာပါ။ ကျန်တဲ့ ကွင်းဆက်တခုကို ဆက်ပေးတဲ့ ပုဂ္ဂိုလ်က ဒေါ်ရီရီမြင့် ဖြစ်ပါတယ်” ဟု ပြောဆိုထားသည်။

အထက်တွင် ဖော်ပြခဲ့သည့် အတိုင်း ဒေါ်ရီရီမြင့်သည် ကိုအုန်းကျော်ဌေးနှင့် ဆုံတွေ့ လက်ထပ်ကြသည်မှာ ရက် ၂၀ မျှသာ ရှိသေးပြီး ယင်းရက် ၂၀ တွင်လည်း ခရီးထွက်နေပါသည်ဟု ပြောထားသော်လည်း ရဲချုပ်ခင်ရီက “ဒီအပေါ်မှာ အခြေခံပြီး ကျန်တဲ့ ဇာတ်လမ်းကို ကျနော်တို့ ဆက်ရတာပါ” ဟု ဆိုထားသည်။

တခြားအချက်အလက်များမှာ ဖြိုးဝေအောင်၏ မိသားစုရေးရာနှင့် နိုင်ငံရေး အဖွဲ့အစည်းများကို ချိတ်ဆက် စွပ်စွဲ ချက်များ ဖြစ်သည်။ ဖြိုးဝေအောင်တွင် ကလေး ၃ ယောက် ရှိသည်ဟု ရဲချုပ် ခင်ရီက ပြောသော်လည်း ဖြိုးဝေအောင်၏ ဇနီးကမူ ၆ နှစ်အရွယ် သမီးတယောက်နှင့် ၁ နှစ်ကျော်အရွယ် သားတယောက်သာ ရှိသည်ဟု ပြောသည်။

ထို့ပြင် လာရောက် ဖမ်းဆီးသည့် ညက အဖြစ်အပျက်နှင့် ပတ်သက်၍ ဘားမားတူဒေးနှင့် အင်တာဗျူးတွင် ဇနီးဖြစ်သူ မဌေးက ဖြိုးဝေအောင်ကို လာရောက်ခေါ်ဆောင်ရာတွင် ဖြိုးဝေအောင်၏ လူပုံပန်းသဏ္ဍန်ကိုပင် မပြောနိုင်ဟု ဆိုသည်။ ရဲချုပ်ခင်ရီကမူ ၇ ရက်ခန့် စောင့်ကြည့်ပြီးမှ ဖမ်းဆီးသည်ဟု သတင်းစာရှင်းလင်းပွဲတွင် ဆိုထားသည်။

ဇနီးဖြစ်သူ မဌေးက ၎င်းကိုပါ ခေါ်ဆောင်မည် ပြုပြီးမှ မခေါ်ဘဲ ထားခဲ့ကြောင်း၊ ဤကိစ္စကို မည်သူ့ကိုမျှ မပြောရန်၊  အကြောင်း မကြားရန် ခြိမ်းခြောက်ကြောင်း၊ ရယက ရုံးသို့ မေးမြန်းရာတွင် တရားခံကို မိတော့မည် ဖြစ်ပြီး သံသယရှိ၍ ခေတ္တ ထိန်းသိမ်း ထားခြင်းသာဟု ဆိုကြောင်း ယင်း အင်တာဗျူးတွင် ပြောထားသည်။

ဘယ်ပုံဘယ်နည်းနှင့် ဤသို့ စစ်ဆေးဖော်ထုတ်သည်ကို မီဒီယာများက မေးမြန်းရာတွင် Police Procedure နှင့် On Going Case ဖြစ်သောကြောင့် မဖြေနိုင်ပါဟု လေးကြိမ် တိတိ ရဲချုပ် ခင်ရီက ငြင်းဆိုထားသည်။

ရဲချုပ် ခင်ရီ၏ ရှင်းလင်းချက်များတွင်  VBSW အပါအဝင် ပြည်ပရောက် နိုင်ငံရေး အဖွဲ့များနှင့် အပစ်မရပ်၊ ငြိမ်းချမ်းရေး မယူထားသော အဖွဲ့ပေါင်း ၁၇ ဖွဲ့ တိတိကို တပါတည်း ချိတ်ဆက် စွပ်စွဲထားသည်။ ပြည်ပရောက် နိုင်ငံရေး အဖွဲ့များနှင့် လက်နက်ကိုင် အဖွဲ့များသည် ထိုကဲ့သို့ တသားတည်း စည်းလုံး ညီညွတ်ခြင်း ရှိ၊ မရှိမှာမူ မေးခွန်း ထုတ်စရာဖြစ်သည်။

အခင်းဖြစ်ပွားရာတွင် သေဆုံးသူ၊ ဒဏ်ရာရသူများ အကြောင်း ထည့်သွင်းပြောဆိုသွားခြင်း မရှိဘဲ၊ ဒဏ်ရာရသူများတွင် ရာထူးအကြီးဆုံး ဖြစ်သည့် အမှတ် ၄ စစ်ဒေသမှူး ဗိုလ်မှူးကြီး အုန်းချို နှင့် ပတ်သက်၍လည်း တစုံတရာ ထည့်သွင်း ပြောဆိုသွားခြင်း မရှိပေ။

ထို့အပြင် ၂၀၀၈ ခုနှစ် အောက်တိုဘာ ၁၉ ရက်တွင် ရွှေပြည်သာနေအိမ်၌ ဗုံးတပ်ဆင်စဉ်သေဆုံးသွားသော ကိုသက်ဦးလွင်မှာ VBSW မှ ဖြစ်သည်ဟု ထုတ်ဖော်ကြေညာချက် ထွက်ပေါ်ခဲ့သော်လည်း ရဲချုပ် ခင်ရီက ရည်ညွှန်းပြောဆိုသွားခြင်း မရှိခဲ့ပေ။

မည်သို့ ဆိုစေကာမူ စစ်အစိုးရ အနေဖြင့် သေချာ အကွက်ချ စီစဉ် စွပ်စွဲသည့်တိုင် မေးခွန်းထုတ်သင့်သည့် လစ်ဟာချက်များ ရှိနေသည့် အပြင် စွပ်စွဲ အပြစ်တင်လိုသည့် အဖွဲ့အစည်းအမည်ကိုပင် မှန်ကန်စွာ ဖော်ပြနိုင်ခြင်း မရှိသည်ကို တွေ့ရသည်။ “စွမ်းအားမြှင့်” ကို သတင်းစာရှင်းလင်းပွဲတွင် “စွမ်းအားမြင့်”၊ “Burmese Student” ကို “Burmese Students” ဟု လွဲမှားစွာ ဖော်ပြထားသည်ကိုလည်း တွေ့ရပေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်