ရေထွက်ကုန် တင်ပို့မှု စံချိန်မမီလျှင် အရေးယူခံရမည်

E-mail Print
ယခုနှစ် ပြည်ပသို့ ရေထွက်ကုန် ပစ္စည်း တင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၇၀၀ မရရှိလျှင် တင်ပို့နေသည့် ကုမ္ပဏီများကို အရေးယူမည် ဖြစ်ကြောင်း မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန ငါးလုပ်ငန်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်ကိုလေးက ပြောသည်။

မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၌ မေလ ၄ ရက်နေ့က ပြုလုပ်သော မွေးမြူရေး လုပ်ငန်းရှင်များနှင့်တွေ့ဆုံပွဲတွင် ၎င်းက
ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရသည်။

ယခု ၂၀၁၀- ၂၀၁၁ ဘဏ္ဍာရေးနှစ်တွင် ရေထွက်ကုန်ပစ္စည်း တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်း ၇၀၀ ရရှိရေးဆောင်ရွက်ရန် မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက လျာထားကြောင်း၊ အဆိုပါ ပမာဏ ရရှိစေရန် ပြည်တွင်းကုမ္ပဏီများကို တာဝန်ခွဲဝေ ပေးအပ်မည်ဖြစ်ကြောင်း၊ အဆိုပါ တာဝန်ပေးအပ်ပွဲကို မေလ ၁၆ ရက်နေ့တွင် ကျင်းပမည် ဖြစ်ကြောင်း ဦးခင်ကိုလေးက ဆိုသည်။

ကုမ္ပဏီများအနေဖြင့် မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၏ တာဝန်ပေးချက်အတိုင်း ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းများ တင်ပို့ရမည်ဖြစ်ပြီး တာဝန်ပေးအပ်ချက်အတိုင်း ပြည်ပသို့ တင်ပို့နိုင်လျှင် ဆုချီးမြှင့်မည်ဖြစ်ကာ မတင်ပို့နိုင်ပါက စိစစ် အရေး ယူမည်ဖြစ်ကြောင်း သိရှိရသည်။

ယခင် ဘဏ္ဍာရေးနှစ် (၂၀၀၉-၂၀၁၀) ကလည်း ပြည်တွင်းကုမ္ပဏီ ၂၀၀ နီးပါးအနက် ၈၈ ခုကသာ တာဝန်ပေးအပ်သည့်အတိုင်း ပြည်ပသို့ တင်ပို့ နိုင်ခဲ့ပြီး ကျန်ကုမ္ပဏီများမှာ တင်ပို့နိုင်ခြင်း မရှိသည့်အတွက် အမေရိကန်ဒေါ်လာ ၄၉၆. ၅၉၉ သန်းသာ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ယခုနှစ်တွင် လျာထားချက်အတိုင်း မတင်ပို့နိုင်ပါက အရေးယူမည်ဖြစ်ကြောင်း ဦးခင်ကိုလေးက ပြောသည်။

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်း မတင်ပို့နိုင်သော ကုမ္ပဏီများကို အရေးယူမည်ဆိုသော ပြောဆိုချက်ကြောင့် ကုမ္ပဏီများမှာ မကျေမနပ် ဖြစ်နေကြကြောင်း သိရှိရသည်။

မွေးမြူရေး လုပ်ငန်းရှင်များအနေနှင့် အခက်အခဲကြုံတွေ့နေရချိန်တွင် အစိုးရအနေဖြင့် ကူညီ ထောက်ပံ့မှုများ တိုးမြှင့်ပေးခြင်း မရှိဘဲ ရေထွက်ကုန်ပစ္စည်း ပြည်ပတင်ပို့ရေးကိုသာ အာရုံ ထားနေသော အစိုးရလုပ်ရပ်သည် လက်မခံနိုင်သော လုပ်ရပ် ဖြစ်သည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

စစ်အစိုးရ၏ အခွန်တိုးမြှင့် ကောက်ခံမှုနှင့် ကုန်ထုတ်စရိတ်များကြီးမြင့်လာမှုကြောင့် ပြည်တွင်းကုမ္ပဏီများအနေဖြင့်
ပြည်ပသို့ ရေထွက်ကုန် ပစ္စည်းများတင်ပို့နိုင်ရေး ဆောင်ရွက်ရာတွင် အခက်အခဲများကြုံတွေ့နေရကြောင်း ပုစွန် မွေးမြူရေး လုပ်ငန်းရှင်တဦးက ပြောသည်။

“လုပ်ငန်းတွေမှာ လုပ်ကိုင်ဖို့ အခြေခံအဆောက်အအုံတွေ မှာ ရင်းနှီးရတဲ့စရိတ်၊ လျှပ်စစ်မီး ပုံမှန် မရလို့ ရင်းနှီးမြုပ်နှံရတဲ့
စရိတ်၊ အစိုးရ အခွန် ၁၀ ရာခိုင်နှုန်း ပေးရတာ အပါအ၀င် ကုန်ထုတ်စရိတ်တွေ ကြီးမြင့်လို့ အခုဆိုရင် လုပ်ငန်းတွေ ရပ်ဆိုင်းနေရတယ်” ဟု သူက ဆိုသည်။

ယခုနှစ်အတွင်း ရာသီဥတုပူပြင်းမှုကြောင့် ငါး၊ ပုစွန်သေဆုံးမှုများ ရှိနေပြီး ယင်းသို့ သေဆုံးမှုနှုန်းမြင့်တက်မှုကြောင့်လည်း မွေးမြူရေးလုပ်ငန်းများ ထိခိုက်နေကြောင်း သိရှိရသည်။

ထို့ပြင် မွေးမြူရေးအစာ ဖွဲနု၊ ပဲဖတ် ရှားပါးပြီး ဈေးနှုန်းကြီးမြင့်မှု၊ ဈေးပေါပေါဖြင့် ရနိုင်သော အစာများကို ကျွေးမွေး နေမှုတို့ ကြောင့်လည်း ငါးသေဆုံးမှုများ ရှိလာကြောင်း မွေးမြူရေးလုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရသည်။

ပြည်ပသို့ ရေထွက်ကုန်ပစ္စည်းတင်ပို့ရန်မှာ အစိုးရ၏ ကူညီထောက်ပံ့မှု များစွာ လိုအပ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။

“ဘဏ်ချေးငွေ ပေးတဲ့အပိုင်း၊ အခွန်ကောက်တဲ့အပိုင်းတွေမှာ အစိုးရအနေနဲ့ သင့်တော်တဲ့ ဖြေလျော့မှုတွေလုပ်သင့်တယ်။ ဒါ့အပြင်
မွေးမြူရေး လုပ်ငန်းရှင်ကြုံနေရတဲ့ အခက်အခဲတွေကို ဖြေရှင်းပေးဖို့လည်း အရမ်း လိုအပ်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ ရေထွက်ပစ္စည်းတွေ ပြည်ပ တိုးမြှင့် တင်ပို့ဖို့ မလွယ်လှဘူး” ဟု ငါးလုပ်ငန်းရှင်တဦးက ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်