နိုင်ငံတကာ စောင့်ကြည့်မှုမလိုဟု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌပြော

E-mail Print
လာမည့် ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတရန် စီစဉ်ထားသဖြင့် နိုင်ငံတကာ လေ့လာရေး အဖွဲ့များ လာရောက်ရန် လိုအပ်မည် မဟုတ်ဟု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ က ပြောလိုက်သည်။

မေလ ၉ ရက်နေ့က နေပြည်တော်တွင် အမေရိကန်နိုင်ငံ အရှေ့အာရှနှင့် ပစိဖိတ် ဒေသရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ်နှင့် တွေ့ဆုံရာ၌ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးက ထိုသို့ ပြောကြား လိုက်ခြင်း ဖြစ်သည်။

မစ္စတာ ကမ်းဘဲလ်နှင့် အတူလိုက်ပါလာသည့် အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လာရီ ဒင်းဂါး (Larry M. Dinger) က လက်ရှိဝန်ကြီးများနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) ကို ထူထောင်ရာတွင် ဥပဒေနှင့် ညီ မညီ မေးမြန်းရာ ဦးသိန်းစိုးက ဝန်ကြီးများသည် နိုင်ငံ့ဝန်ထမ်း မဟုတ်ဘဲ Political Post (နိုင်ငံရေး ရာထူး) သာ ဖြစ်၍ ဥပဒေနှင့် ညီညွတ်သည်ဟု ပြောဆိုသွားသည်။

လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီး နှင့် ကြံ့ဖွံ့အသင်း အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးကလည်း ဝန်ကြီးနှင့် ဒုဝန်ကြီးရာထူးများသည် အစိုးရဝန်ထမ်းမဟုတ်သော “နိုင်ငံရေးတာဝန်”များသာ ဖြစ်သည်ဟု ကမ်းဘဲလ်နှင့် သီးခြားတွေ့ဆုံရာ တွင် ပြောဆိုသည်။

မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဥပဒေရေးရာ သုံးသပ်ရေးဌာန တာဝန်ခံ ဦးမျိုးက ဝန်ကြီးရာထူးသည် ဝန်ထမ်း ဖြစ်သည့် အပြင် စစ်ဘက်ရာထူးများမှလည်း တရားဝင် ထုတ်ပြန်၍ နုတ်ထွက်ခြင်း မရှိဟု ထောက်ပြသည်။

“နိုင်ငံရေးပါတီတခုမှာ တာဝန်ယူမယ်ဆိုရင် အစိုးရဝန်ထမ်း အနေနဲ့ ပါဝင်ခွင့် မရှိဘူးခင်ဗျ၊ အခု စစ်ရာထူးတွေက ထွက်တယ် ဆိုတာလည်း တပ်ချုပ်ကြီးကိုယ်တိုင်က တပ်ထဲက တရားဝင် ထုတ်ပစ်ရမှာ ဖြစ်တယ်”ဟု ဦးမျိုးက ဧရာဝတီသို့ ပြောသည်။

ကြံ့ဖွံ့အနေဖြင့် ဝန်ကြီးများ ဦးဆောင်လျက် ပါတီထောင်ခြင်းနှင့် ယင်းပါတီကို ရွေးကောက်ပွဲ ကော်မရှင်က ခွင့်ပြုလိုက်ခြင်း သည် စစ်အစိုးရအနေဖြင့် ကိုယ်တိုင် ပြဋ္ဌာန်းထားသော ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့် ပြည်သူ့လွတ်တော် ရွေးကောက်ပွဲ ဥပဒေတို့ကို ချိုးဖောက်ကြခြင်း ဖြစ်သည်ဟု ဦးမျိုးက ဆက်လက် ပြောကြားသည်။

နအဖ ပြောရေးဆိုခွင့် အာဏာပိုင် အဖွဲ့ခေါင်းဆောင် ပြန်ကြားရေး ဝန်ကြီး ဦးကျော်ဆန်းက ကမ်းဘဲလ်နှင့် တွေ့ဆုံရာတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) က လက်မခံနိုင်ဟု ကြေညာထားသော အချက်များကို ခုခံ ပြောဆိုသွားသည်။

ထိုသို့ ပြောဆိုရာတွင် ဦးကျော်ဆန်းက NLD သည် ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ပြင်ဆင်လိုပါက ရွေးကောက်ပွဲဝင်ပြီး လွှတ်တော် ကိုယ်စားလှယ်များ ဖြစ်လာသည့်အခါ အခြေခံဥပဒေကို ပြင်ဆင်ပါဟု ဆိုသည်။

သို့သော် ဥပဒေပညာရှင် ဦးမျိုးက ရွေးကောက်ပွဲဝင်ပြီးမှ ဖွဲ့စည်းပုံဥပဒေကို ပြင်ဆင်ရန် ပြောဆိုခြင်းသည် တဖက်လှည့်နှင့် ၂၀၀၈ ဖွဲ့စည်းပုံ ဥပဒေကို လက်ခံခိုင်းခြင်းသာ ဖြစ်သည်ဟု သုံးသပ်သည်။

“၂၅ ရာခိုင်နှုန်းကို စစ်တပ်၊ ကျန်တာ ကြံ့ဖွံ့က ယူမှာပဲ၊ တခြားပါတီငယ်တွေကို ဟန်ပြ ပါခွင့် ပေးရုံလောက်ပါပဲ”ဟု ဦးမျိုးက ဆိုသည်။

ထောင်ကျခံနေရသူများကို ပါတီဝင်အဖြစ် ခွင့်မပြုခြင်းမှာလည်း ပုဂ္ဂိုလ် တစုံတယောက်ကို ရည်ရွယ်ခြင်း မရှိဟု ဦးကျော်ဆန်း က ကမ်းဘဲလ်ကို ပြောကြောင်း စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။

မစ္စတာ ကမ်းဘဲလ်က မြန်မာနိုင်ငံ လာခွင့်ရရေး ညှိနှိုင်းရသည်မှာ ခက်ခဲကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်းကို ပြောရာ လာရောက် တွေ့ဆုံပြီးနောက် ပြစ်တင် ရှုတ်ချ ဝေဖန်ပုတ်ခတ်သည့် ကိုယ်စားလှယ်မျိုးကို လက်ခံရန် ဝန်လေးသည်ဟု ဦးဉာဏ်ဝင်းက ပြောကြောင်း သိရသည်။

သိပ္ပံနှင့် နည်းပညာ ဝန်ကြီး ဦးသောင်းနှင့် တွေ့ဆုံရာတွင် ကမ်းဘဲလ်က မြန်မာနှင့် မြောက်ကိုရီးယား ဆက်ဆံရေးကို စိုးရိမ် ကြောင်း ပြောဆိုသည်။ ဦးသောင်းက ကုလသမဂ္ဂ ဆုံးဖြတ်ချက် (၁၇၁၈) နှင့် (၁၈၇၄) ကို လိုက်နာမည်ဟု ပြောသည်။ သို့ သော် နိုင်ငံ၏ အချုပ်အခြာ အာဏာကို စောင့်ရှောက်ရမည့် တာဝန်လည်း ရှိသည်ဟု ဆက်လက် ပြောဆိုသွားသည်။

မစ္စတာ ကမ်းဘဲလ်နှင့် အဖွဲ့သည် မေလ ၉ ရက်နေ့ တရက်တည်းတွင် ဦးကျော်ဆန်း၊ ဦးဉာဏ်ဝင်း၊ ဦးသောင်းနှင့် ဦးသိန်းစိုး တို့ကို သီးခြားစီ တွေ့ဆုံခဲ့ခြင်း ဖြစ်သည်။

မေလ ၁၀ ရက်နေ့တွင် ကမ်းဘဲလ်သည် ရန်ကုန်မြို့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီး NLD ဗဟိုအလုပ်အမှုဆောင် ကော်မတီအဖွဲ့ဝင်များ၊ မကြာသေးမီက ဖွဲ့စည်းခဲ့ကြသည့် နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့သည်။  

ယခုခရီးစဉ်သည် ကမ်းဘဲလ်၏ မြန်မာနိုင်ငံသို့ ဒုတိယ ခရီးစဉ်ဖြစ်ပြီး ၂၀၀၉ ခုနှစ် နိုဝင်ဘာလတွင်လည်း အမေရိကန် အစိုးရ ကိုယ်စားလှယ် တဖွဲ့ကို ဦးဆောင်၍ လာရောက်ခဲ့ဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်