AFC ဘောလုံး ပြိုင်ပွဲများလည်း အပူဒဏ် ခံနေရ

E-mail Print
ရန်ကုန်မြို့တွင် ကျင်းပနေသည့် အာရှ ဘောလုံး အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလား AFC President's Cup ပြိုင်ပွဲကို ရာသီဥတု ပူပြင်းသည့် အတွက် ညပိုင်းအချိန်တွင် ပြောင်းလဲ ကျင်းပသင့် သည်ဟု တာဂျစ် ကစ္စတန် နိုင်ငံ၊ တာ့ခ်မင်နစ္စတန် နိုင်ငံများမှ နည်းပြများက ပြောဆိုဝေဖန်နေကြောင်း သိရသည်။

ရာသီဥတု အခြေအနေမှာ အားကစား သမားများနှင့် ကိုက်ညီခြင်း မရှိခြင်းကြောင့်၊ ညပိုင်းအချိန်သို့ ပြောင်းလဲ ကျင်းပသင့် သော်လည်း မြန်မာပြည်၏ လျှပ်စစ်မီး အခြေအနေကို နားလည် ပေးနိုင်ပါကြောင်း နည်းပြများက ပြောဆိုခဲ့သည်ဟု ပြည်တွင်း အခြေစိုက် စာနယ်ဇင်းသမား တဦးက ဧရာဝတီသို့ ပြောသည်။

“ဘူတန်က အားကစား သမားတွေ ကလည်း သူတို့က ဟိမ၀န္တာ တောင်ပေါ်က ဆင်းကန်ရတာ၊ ညဆိုရင် အဆင်ပြေတာပေါ့၊ ဒါပေမယ့် ခင်ဗျားတို့နိုင်ငံ မီးမှမရတာ ဘယ်တတ်နိုင်မလဲ လို့ပြောတယ်”ဟု ၎င်းစာနယ်ဇင်း သမားက ဆိုသည်။

နိုင်ငံတကာတွင်ဘောလုံးပွဲများကို အပူချိန်လျော့ကျသည့် ညပိုင်းအချိန်တွင် လျှပ်စစ်မီးထွန်းပြီး ကစားစေကြောင်း၊ နိုင်ငံတကာ ကလပ်အသင်းပွဲများကို အပူချိန်မြင့်တက်နေသည့် အချိန်တွင် ကစားခိုင်းခြင်းသည် ကစားသမားများ၊ ဒိုင်လူကြီးများနှင့် ပွဲကြည့်သူ များအတွက်ပါ အသက်အန္တရယ် ထိခိုက်နိုင်ကြောင်း အဆိုပါ စာနယ်ဇင်းသမားက ပြောသည်။

လာရောက်ယှဉ်ပြိုင်သည့် ပါကစ္စတန်၊ သီရိလင်္ကာ၊ ကမ္ဘောဒီယားနိုင်ငံများအနေဖြင့် အပူဒဏ်ကိုခံနိုင်သော်လည်း၊တာဂျစ်ကစ္စတန် နိုင်ငံ၊ တာ့ခ်မင်နစ္စတန်နှင့် ဟိမ၀န္တာ တောင်တန်းပေါ်မှ ဘူတန်နိုင်ငံများမှ ကစားသမားများအနေဖြင့် အပူချိန် ၄၀ဒီဂရီ စင်တီဂရိတ် အထက်ရှိသည့် ရာသီဥတုတွင် ကစားရသည့်အတွက် မောပန်းနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။

ယင်းဘောလုံးပွဲများကို ရန်ကုန်မြို့အောင်ဆန်းအားကစားကွင်း၌ ညနေ ၃း၃၀ တွင် ကျင်းပပြီး သုဝဏ္ဏအားကစားကွင်း၌ ၄နာရီတွင် စတင် ကစားစေခြင်း ဖြစ်သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့က ကစားခဲ့သည့် တာ့ခ်မင်နစ္စတန် နိုင်ငံမှ HTTU အသင်းနှင့် ဘူတန် နိုင်ငံ ဒရုခ်စတား အသင်း ပွဲစဉ်တွင် ကိုရီးယားလူမျိုး ကွင်းလယ်ဒိုင်သည် ပြင်းထန်သည့် ရာသီဥတု အပူရှိန်ကြောင့် ဒုတိယပိုင်းပြန်အစ ကွင်းအတွင်းမ၀င်မီ သတိမေ့ လဲကျခဲ့ ကြောင်း၊ တခြားသောဒိုင်လူကြီးတဦးနှင့် အစားထိုးရကြောင်း Soccer Myanmar အားကစားသတင်းတွင် ဖော်ပြထား သည်။

အဆိုပါ ကွင်းလယ်ဒိုင်သည် ပွဲမကစားမီ အကြိုစမ်းသပ်မှုများတွင် စံချိန် အကောင်းဆုံး ရတတ်သည့် ဒိုင်လူကြီး တဦး ဖြစ်ပြီး ယခင်က ထိုသို့ ဖြစ်ဖူးခြင်း မရှိဟုလည်း ရေးသားထားသည်။

ဝါရင့် အားကစားကလောင်ရှင် တဦးဖြစ်သူ ခင်မောင်ထွေး(ပျဉ်းမနား)ကလည်း“ဘယ်လောက်ပဲ ကျန်းမာရေးကောင်းတဲ့ ဒိုင်လူ ကြီး ဖြစ်ဖြစ် ဒီရာသီဥတုက မလွယ်ဘူး၊ ဒါပေမယ့် အားလုံးသတိပြုရမယ့် အချက်က လူနာတင်ကား အဆင်သင့် မရှိတာဘဲ” ဟုပြောသည်။

ပြိုင်ပွဲကျင်းပသည့် အားကစားကွင်းနှစ်ကွင်းစလုံးတွင် လူနာတင်ကားများကို အဆင်သင့်ထားရှိခြင်း မရှိသည့်အတွက် အရေးပေါ် အခြေအနေတွင် အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် လာမည့် ၂၀၁၃ ခုနှစ်တွင် ကျင်းပမည့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ(SEA GAME)ကို လက်ခံကျင်းပမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် အားကစားတာဝန်ရှိသူ များအနေဖြင့် သင်ခန်းစာယူရမည့် အချက်ဖြစ်ကြောင်း ဦးခင်မောင်ထွေးက ထောက်ပြပြောဆိုသည်။

ယင်း AFC President's Cup အုပ်စုတွင်း ပြိုင်ပွဲ အုပ်စုပွဲစဉ်များကို သုဝဏ္ဏ အားကစားကွင်းနှင့် အောင်ဆန်းကွင်း တို့တွင် အုပ်စု ၂ စုခွဲ၍ ပြီးခဲ့သည့် တနင်္ဂနွေနေ့က စတင်ကျင်းပနေရာ လာမည့် သောကြာနေ့တွင် ပြီးဆုံးမည်ဟုသိရသည်။

အောင်ဆန်းအားကစားကွင်း၌ အုပ်စု (ခ)တွင် ပါဝင်သော တာဂျစ်ကစ္စတန်နိုင်ငံမှ ဗာကက်ရှ်(Vakhsk)၊ ကမ္ဘောဒီယားနိုင်ငံမှ နာဂါကော့ (Nagacrop)၊ ပါကစ္စတန်နိုင်ငံမှ KRL၊ သီရိလင်္ကာနိုင်ငံမှ ရီနောင်းစပို့တ်စ် (Renow ) အသင်းတို့ ယှဉ်ပြိုင်နေသည်။

သုဝဏ္ဏ အားကစားကွင်းတွင်မူ အုပ်စု(ဂ)မှ HTTU ကလပ်အသင်း၊ ဘူတန်နိုင်ငံမှ ဒရုခ်စတားအသင်း၊ မြန်မာနိုင်ငံမှ ရတနာပုံ FC အသင်း တို့ ကစားနေကြသည်။

ရတနာပုံ FC ဘောလုံးအသင်းသည် ဘူတန်နိုင်ငံမှ ဒရုခ်စတား ဘောလုံးအသင်းနှင့် ယမန်နေ့က သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင် ကစားရာ ၁၁ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။

အနိုင်ဂိုးများကို ကစားသမား ပိုင်စိုးမှ ၄ဂိုး၊ ရန်ပိုင်မှ ၃ ဂိုး၊ ရဲဇော်ထက်အောင်၊ အောင်ကျော်မိုး၊ အေးမိုးနှင့် သက်နိုင်တို့က ၁ဂိုးစီ သွင်းယူခဲ့ခြင်း ဖြစ်သည်။

လာမည့် ကြာသပတေးနေ့တွင် ရတနာပုံ FC အသင်းသည် တာ့ခ်မင်နစ္စတန် နိုင်ငံမှ HTTU ကလပ်အသင်းနှင့် ယှဉ်ပြိုင်ကစားရ မည်ဖြစ်သည်။

HTTU ကလပ်အသင်းသည် ပြီးခဲသည့် တနင်္ဂနွေနေ့က ဒရုခ်စတားအသင်းနှင် ကစားရာ ၈ ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားပြီးဖြစ်သည်။

ရတနာပုံ FC အသင်းသည် ဒရုခ်စတားအသင်းနှင့် ပွဲတွင် ဂိုးပြတ်ကစားနိုင်သည့် အတွက် HTTU အသင်းနှင့် ဂိုးမရှိ သရေကစားရုံ ဖြင့် ဂိုးကွာခြားချက်အရ အုပ်စုဗိုလ်အဖြစ် ဆီးမီးဖိုင်နယ်သို့တက်ရောက်မည်ဖြစ်ကြောင်း၊ သို့သော် ဥရောပ ကစား ဟန်ရှိပြီး အရပ် အမောင်းသာလွန်သည့် တဘက်အသင်းကို လျှော့မတွက်သင့်ကြောင်း ၀ါရင့်အားကစားကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား) ကသုံးသပ်သည်။

“ပထမ ၄၅မိနစ်လောက်မှာ ရာသီဥတုကြောင့် HTTUအသင်းက သိပ်ကစားနိုင်မှာမဟုတ်ဘူး၊နောက်ပိုင်း နေအေးသွားရင်တော့ ခြေရည်တူဖြစ်သွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။

ရတနာပုံ FC အသင်းနည်းပြ မစ္စတာ ရိုဟန်ကမူ ပြိုင်ဘက်အသင်းကို အနိုင်ကစားမည်ဖြစ်ပြီး၊ ရန်ကုန်မြို့အပူချိန်သည် မန္တလေး မြို့အပူချိန်ထက်လျော့နည်းသောကြောင့် မိမိကစားသမားများအတွက် စိုးရိမ်စရာမရှိဟု ပြောဆိုကြောင်း ၎င်းက ဆက် လက် ပြောပြသည်။

AFC President's Cupသည် ၂၀၀၅ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ဘောလုံးအားကစားဖွံ့ဖြိုးမှု အားနည်းနေသည့် အာရှနိုင်ငံများမှ ကလပ်အသင်းများအတွက် အာရှဘောလုံးအဖွဲ့ချုပ်က ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကမ္ဘောဇ အသင်း ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်