ဆန္ဒပြ ထိုင်းဗိုလ်ချုပ် ပစ်ခတ်ခံရ

E-mail Print
ဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို ထောက်ခံ ဆန္ဒပြနေသည့် ရှပ်နီအဖွဲ့ဝင် စစ်ဗိုလ်ချုပ်တဦး ယမန်နေ့က သေနတ်ဖြင့် ပစ်ခတ်ခံရ ပြီးနောက် အစိုးရနှင့် ရှပ်နီများအကြား ထိုင်းနိုင်ငံရေး အဓိကရုဏ်းမှာ ဘန်ကောက်မြို့တွင် ပိုမိုပြင်းထန်လာသည်။

ခတ်သိယ ဆဝပ်ဒီဖွန် (Khattiya Sawasdipol) သည် မေလ ၁၃ ရက်နေ့ ည ၇ နာရီခွဲတွင် စာလာဒန်နှင့် လုမ္ပနီ လမ်းဆုံ ရှပ်နီများ စခန်းချရာ နေရာ၌ နိုင်ငံခြား သတင်းထောက် များနှင့် အင်တာဗျူး နေစဉ် ဦးခေါင်းကို သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရခြင်း ဖြစ်ပြီး ယခုအခါ ဆေးရုံတွင် စိုးရိမ်ရသော အခြေအနေဖြင့် မေ့မျောနေသည်။

ထိုင်းတွင် စေဒန် (Seh Daeng) ဟု လူသိများသည့် ဆဝပ်ဒီဖွန်သည် ရှပ်နီများနှင့် ဆန္ဒပြပွဲတွင် ပူးပေါင်း မှုကြောင့် ဗိုလ်ချုပ် ရာထူးမှ ဆိုင်းငံ့ ခံထားရသူ ဖြစ်သည်။ ထိုင်း ကာကွယ်ရေး ဝန်ကြီးက ဆဝပ်ဒီဖွန်ကို တာဝန် ရပ်စဲရန် လက်မှတ် ရေးထိုးပြီး ထိုင်းဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝထံ ပြီးခဲ့သည့် တနင်္ဂနွေက တင်ပြခဲ့သည်။ 

ဆဝပ်ဒီဖွန် ပစ်ခတ်ခံရသည့် သတင်းပျံ့နှံ့သွားပြီးနောက် ည ၁၀ နာရီခန့်တွင် ရှပ်နီနှင့် လုံခြုံရေးတပ်ဖွဲ့များ ရုန်းရင်းဆန်ခတ်ဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့က ခြောက်လှန့်ပစ်ခတ်သည့် ရာဘာကျည်ဆန်အတု မျက်နှာ ထိမှန်ကာ တဦး သေဆုံးသွားသည်။ ထို့နောက် ရှပ်နီများ အားကောင်းသည့် ခရိုင် ၁၅ ခုတွင် ထိုင်းအစိုးရက အရေးပေါ်အခြေအနေ ကြေညာလိုက်သည်။

“လက်နက်မပါ တကိုယ်တည်း လျှောက်သွားနေတဲ့ ကျနော့်ကို သတ်ဖို့ ဘာကြောင့် ဒီလောက်ခက်နေသလဲဆိုတာ တချို့လည်း သိချင်နေကြတယ်” ဟု အပစ်မခံရမီ တရက်အလိုက The Nation သတင်းစာနှင့် အင်တာဗျူးတွင် ဆဝပ်ဒီဖွန်က ပြောခဲ့သေးသည်။

ဆလာဒန် စုရပ်သို့ အချိန်ပုံမှန်လာတတ်ခြင်းနှင့် စစ်ဝတ်စုံကို အမြဲ ဝတ်ထားခြင်းတို့ကြောင့် ဆဝပ်ဒီဖွန်သည် သိသာသော ပစ်မှတ် ဖြစ်စေခဲ့သည်ဟု လေ့လာအကဲခတ်သူများက ဆိုကြသည်။

“ရှပ်နီခေါင်းဆောင်တွေက ကျနော့်ကို ဒီမှာ မနေစေချင်ဘူး၊ ဒါပေမယ့် ဆန္ဒပြသူတွေကို စောင့်ရှောက်ပေးဖို့လိုတယ်၊ ကျနော် ဒီကနေ ထွက်သွားရင် သူတို့ အပစ်ခံရလိမ့်မယ်” ဟု အင်တာဗျူးတွင် ဆက်လက်ပြောထားသည်။ ကျည်ကာအင်္ကျီဝတ်ခြင်းသည် သူရဲဘောကြောင်သည်ဟု ခံစားရသဖြင့် မဝတ်ဟုလည်း ၎င်းက ပြောသည်။

ရာ့ချဒမ်နင် ရိပ်သာလမ်းတွင် ဧပြီ ၁၀ ရက်နေ့ က လုံခြုံရေး တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည့် အမည်မသိ လက်နက်ကိုင်များနှင့် ဆဝပ်ဒီဖွန်သည် ဆက်သွယ်မှု ရှိခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်နေသည်။

ဆဝပ်ဒီဖွန် အပစ်ခံရသည့် ညတွင် အစိုးရက ရှပ်နီများကို အင်အားသုံး နှိမ်နင်းရန် အစီအစဉ်ရှိသည်ဟု စစ်ဘက်ရပ်ကွက်မှ သတင်းရထားကြောင်း The Nation သတင်းစာက ဖော်ပြသည်။

ဝန်ကြီးချုပ် အဖိဆစ်က နိုဝင်ဘာ ၁၄ ရက်တွင် ရွေးကောက်ပွဲ လုပ်ပေးမည်ဟု ကတိပြုပြီး ရာ့ချပရစုန် တဝိုက်ရှိ လမ်းများကို ရှပ်နီများ သိမ်းပိုက်ထားရာမှ ဆုတ်ခွာပေးရန် ဖိအားပေးနေသည်။

ရှပ်နီခေါင်းဆောင်များတွင်လည်း ဝန်ကြီးချုပ် ကမ်းလှမ်းသော လမ်းပြမြေပုံနှင့် ရင်ကြားစေ့ရေးကို လက်ခံလိုသူနှင့် လက်မခံလိုသူ ဟူ၍ နှစ်စု ကွဲနေသည်။ လက်မခံလိုသူများက ၁၉၉၇ အခြေခံဥပဒေကို ပြန်သွားရေးနှင့် သက်ဆင် ပြန်လာရေးကို တောင်းဆိုထားသည်။ ဦးခေါင်းကို အပစ်ခံရသူ ဆဝပ်ဒီဖွန်သည် ဝန်ကြီးချုပ်၏ ကမ်းလှမ်းမှုကို လက်မခံသည့် သဘောထားတင်းမာသူတဦး ဖြစ်သည်။

“ဆဝပ်ဒီဖွန်ကို လုပ်ကြံဖို့ ကြိုးစားခဲ့ပေမယ့် ရှပ်နီတွေဟာ ဆန္ဒပြမှုကို ရပ်တန့်မယ်လို့ မထင်ဘူး၊ အဖိဆစ်အစိုးရကလည်း ဆက်ပြီး နှိပ်ကွပ်မှာပဲ” ဟု ချင်းမိုင်တက္ကသိုလ်မှ နိုင်ငံရေးသိပ္ပံ ပါမောက္ခ ဒေါက်တာ သာနက် ကျရိန်မွမ်းင် (Tanet Charoenmuang) က ဧရာဝတီသို့ ပြောသည်။

အရေးပေါ် ကြေညာချက် ထုတ်ထားသည့်အတွက် ချင်းမိုင်ကဲ့သို့သော ခရိုင်များရှိ ရှပ်နီများက ဘန်ကောက်သို့ သွားရောက်ပြီး အင်အားဖြည့်ရန် ခက်ခဲသွားကြောင်း ပါမောက္ခက ဆက်လက်ပြောကြားသည်။

နောက်ဆုံးရရှိသော သတင်းများအရ ဆဝပ်ဒီဖွန်ကို ပစ်ခတ်မှုနောက်ကွယ်တွင် အရေးပေါ်အခြေအနေ ဖြေရှင်းရေးဌာန (Centre for the Resolution of the Emergency Situation – CRES) ပါဝင်ပတ်သက်နေသည်ဟု ရှပ်နီများ၏ အဖွဲ့ United Front for Democracy against Dictatorship (UDD) က စွပ်စွဲလိုက်သည်။

CRES သည် ရှပ်နီများ သိမ်းပိုက်ထားသော နေရာများ ရှင်းလင်းရေးကို တာဝန်ယူ ဆောင်ရွက်နေသော အစိုးရ အဖွဲ့အစည်းဖြစ်သည်။

လုမ္ဗနီအနီး Rama IV လမ်းပေါ်တွင် ရှပ်နီများက ကားတာယာများကို မီးရှို့နေကြပြီး သေနတ်ပစ်ခတ်သံများလည်း နေရာအနှံ့တွင် ပေါ်ထွက်နေသည်။ မြေအောက် မီးရထား ဘူတာ အချို့ကို ပိတ်ထားလိုက်ပြီး ညနေ ၅ နာရီတွင် မြေအောက်ရထား ပြေးဆွဲမှု အားလုံးကို ရပ်ဆိုင်းလိုက်သည်။

ပစ်ခတ်မှုများကြောင့် ကနေဒါနိုင်ငံသား ဂျာနယ်လစ်တဦးနှင့် ထိုင်း ဂျာနယ်လစ်တဦး ယနေ့ မွန်းလွဲပိုင်းတွင် ဒဏ်ရာရကြောင်း သိရသည်။

လုံခြုံရေး တပ်ဖွဲ့များက ရာ့ချပရစုန် ရှိ ဆန္ဒပြဇုံကို သိမ်းပိုက်ရန် ရာ့ချပရာရို့ လမ်းမကြီးကို ပိတ်ဆို့လိုက်ကြသည်။ ထိုလမ်းမကြီးကို ပိတ်ဆို့ခြင်းအားဖြင့် ဆန္ဒပြသူများကို လမ်းကြောင်း ဖြတ်တောက်ထားနိုင်မည်ဖြစ်သည်။ ဆန္ဒပြသည့် ရပ်ဝန်းတွင် အမျိုးသမီးနှင့် ကလေးများ ရှိနေသောကြောင့် လုံခြုံရေးတပ်ဖွဲ့များ၏ သိမ်းပိုက်ရှင်းလင်းမှုများ ကြန့်ကြာနေကြောင်း သိရသည်။

ဘန်ကောက်တွင် မတ်လ ၁၂ ရက်နေ့က စတင်သော ရှပ်နီဆန္ဒပြပွဲအတွင်း စုစုပေါင်း ၃၀ သေဆုံးပြီး ၁၄၀၀ ကျော် ဒဏ်ရာရခဲ့ပြီးဖြစ်သည်။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် စီးပွားရေးနှင့် ခရီးသွားလုပ်ငန်းတွင်လည်း အကြီးအကျယ် ထိခိုက်မှု ရှိနေသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်