စီးပွားရေး ကျပ်တည်း၍ မင်္ဂလာပွဲ ကျင်းပခြင်း ရည်ရွယ်ချက် ပြောင်းလာ

E-mail Print
ထုံးတမ်း အစဉ်အလာများ၌ တခုအပါအ၀င်ဖြစ်သော လက်ထပ်ထိမ်းမြား မင်္ဂလာပွဲများတွင် ယခု အခါ မင်္ဂလာ လက်ဆောင် ပမာဏကို မျှော်ကိုး၍ လက်ထပ်ပွဲများ ကျင်းပလာကြကြောင်းသိရသည်။

“ရှေးတုန်းက ထုံးစံတွေမှာ မင်္ဂလာဆောင်တယ်ဆိုတာ တောင်ဘက် ၇ အိမ်၊ မြောက်ဘက် ၇ အိမ် အရပ်ထဲကို ကျနော်၊ ကျမ တို့ သည် အိမ်ရာထူထောင်ပါပြီ၊ အသိအမှတ်ပြုကြပါဆိုပြီးတော့ တတ်နိုင်တာလေး ကျွေးကြပေါ့၊ အဲ့ဒါကိုမှ သိတတ်စွာနဲ့ သူတို့ အတွက် အသုံးတည့်မယ့် ပစ္စည်းလေးတွေကို လက်ဖွဲ့ကြတာ၊ နောက်ပိုင်းကျတော့ မင်္ဂလာဆောင်တယ်ဆိုတာ လက်ဖွဲ့ လိုချင်လို့ ဆောင်တာ ဖြစ်သွားကြရော"ဟု မန္တလေးက အမျိုးသားစာပေဆုရ စာရေးဆရာတဦးက ဆိုသည်။

စာရေးဆရာမ နုနုရည်(အင်းဝ)ကလည်း ထိုသို့ဖြစ်လာသည်မှာ စီးပွားရေးအခြေအနေ ကျပ်တည်းမှုနှင့် အများဆုံးသက်ဆိုင် ကြောင်း ဧရာဝတီသို့ ပြောသည်။

yanyanchan_wedding“အိမ်ထောင်ကျခါစ ဇနီးမောင်နှံရဲ့ မင်္ဂလာဆောင်ကနေစပြီး နောက်ပိုင်း ကလေး ပုခက်တင် မင်္ဂလာ၊ အိမ်သစ်တက် မင်္ဂလာပေါ့ အဲ့ဒါ တွေမှာလည်း လိုအပ်တာလေးတွေကို လက်ဆောင်တွေ ပေးတတ်ကြတာ ဓလေ့ပါပဲ၊ ပေးလည်းပေးနိုင်ကြတယ်၊ နောက်ပြီး အရင်က တချို့ အသုဘ၊ အလှူတွေမှာဆို ကူငွေပေးတာ လက်မခံဘူး၊ အခုဆိုရင် ကူငွေလက်ခံလာတယ်၊ အဲ့ဒါတွေက စီးပွားရေး အကျပ်အတည်းကြောင့် ဖြစ်လာတာပဲ"ဟု စာရေးဆရာမက ဆိုသည်။

မင်္ဂလာလက်ဖွဲ့ဆိုရာတွင်လည်း မင်္ဂလာဆောင် ကာယကံရှင်များအနေဖြင့် ပစ္စည်းလက်ဖွဲ့ခြင်းထက် ငွေကြေးလက်ဖွဲ့ခြင်းအား ပိုမို လိုလားကြကာ ကုန်ကျစရိတ်ကြေနိုင်ရေးကို တွက်ချက်၍ ဧည့်ခံကျွေးမွေးလာကြပြီး လက်ဖွဲ့ကိုသာ မျှော်ကိုးလာကြကြောင်း သိရသည်။

“သူတို့မှာ ဘယ်လောက်ကုန်ကျတယ်၊ အဲ့ဒီတော့ ဘယ်လောက်ပြန်ရမှဖြစ်မှာဆိုတဲ့ တွက်ချက်မှုတွေရှိလာတယ်၊ စီးပွားရေး သ ဘောတွေပေါ့၊ အရင်ကဆိုရင် နှစ်ဘက်မိဘနဲ့ ဆွေမျိုးအနည်းအကျဉ်းလောက်ပဲ၊ အခုဆိုရင် တခါလောက်ပြုံးပြ နှုတ်ဆက်ဖူးတဲ့ သူ ဆီလည်း ဖိတ်စာက ရောက်လာတာပဲ"ဟု အဆိုပါ မန္တလေးမှ စာရေးဆရာက ပြောသည်။

မင်္ဂလာပွဲလာ ပရိသတ်များအနေဖြင့်လည်း ငွေကြေးလက်ဖွဲ့မည်ဆိုလျှင် ထိုကဲ့သို့အခက်အခဲများရှိနိုင်ခြင်းကြောင့် ထုပ်ပိုးရာတွင် မျက်နှာပန်းလည်းလှနိုင်မည့် တရုတ်ဖြစ် လက်ဖက်ရည်ပန်ကန်းလုံးများ လက်ဖွဲ့ခြင်း၊ တရုတ် တိုင်ကပ်နာရီ စသဖြင့် ကျပ် ၂၀၀၀ ခန့်ဖြင့် အဆင်ပြေနိုင်မည့် လက်ဖွဲ့ခြင်းများလာသဖြင့် မင်္ဂလာဆောင်သူများကလည်း ငွေကြေးလက်ဖွဲ့ခြင်းကို ပိုမို အလေးထား လာခြင်းဖြစ်ကြောင်း သူကဆိုသည်။

“ဒီပစ္စည်း ဆိုင်ပြန်သွင်းမယ်ဆိုရင်လည်း တ၀က်ဈေးတောင် ရရင် ကံကောင်း၊ လက်ဖွဲမယ့်သူကလည်း ပိုက်ဆံလက်ဖွဲ့မယ်ဆို ၅၀၀၀ လောက်မှ မျက်နှာပန်းလှမှာဆိုတော့ တွက်တော့တာပေါ့၊ အဲ့ဒီတော့ ဟိုဘက်ကရော ဒီဘက်ကရော တွက်နေကြ တော့ တာ၊ စေတနာ မပါကြတော့ဘူး"ဟု ၎င်းက ဆက်ပြောသည်။

မင်္ဂလာမောင်နှံများအနေဖြင့် မိမိရရှိလာသော လက်ဖွဲ့ပစ္စည်းများအား ဖွင့်ဖောက်ကြည့်ရသည့်ပီတိမှာ ပျော်ရွှင်စရာတခု ဖြစ်သော် လည်း အခြေအနေအရ စီးပွားတွက်တွက်လာရခြင်းဖြစ်ကြောင်း၊ ထိုသို့ တွက်ချက်မှုမှာ မပြည့်စုံသည့် အသိုင်းအ၀ိုင်းတွင် များပြား ကြောင်း စာရေးဆရာမ နုနုရည်(အင်းဝ)က ဆိုသည်။

များသောအားဖြင့် မင်္ဂလာလက်ဖွဲ့အဖြစ် ပစ္စည်းများကို မြို့ပြ လူတန်းစားနှင့်ပညာတတ်အသိုင်းအ၀ိုင်းများက ပေးတတ်ကြကာ ကျေးလက် လူတန်းစားများမှာ ငွေကြေးလက်ဖွဲ့ကြကြောင်းသိရသည်။

တချို့သော မင်္ဂလာဆောင်သူများအနေဖြင့် မိမိနှင့်ရင်းနှီးသော အသိုင်းအ၀ိုင်းများဆိုလျှင် ငွေကြေးသာ လက်ဖွဲ့ရန် တောင်းဆိုလာ သည်များပင်ရှိကြောင်း သိရသည်။

“အဲ့ဒီ မင်္ဂလာဆောင်ကိစ္စက တော်တော်ဒုက္ခရောက်တယ်၊ လူမှုရေးအရ မသွားရင်လည်းမဖြစ်၊ သွားရပြီဆိုရင်လည်း အနည်းဆုံး ငါးထောင် တစ်သောင်းဆိုတော့ ၃၊ ၄ ခုဆိုရင် ကိုယ့်ရတဲ့ လစာနဲ့ဘယ်လိုမှ အဆင်မပြေနိုင်ဘူး၊ မပေးနိုင်ရင်လည်း မျက်နှာငယ် ရသေးတယ်"ဟု အစိုးရ ၀န်ထမ်းတဦးက ပြောသည်။

သခင်ကိုယ်တော်မှိုင်း၏ “အညာမင်္ဂလာဆောင်ဘွဲ့” လေးချိုးကြီးတွင် နွားတရှဉ်း၊ ယာ ၁ ခင်း စသဖြင့် တတ်နိုင်သူက တတ်နိုင် သရွေ့ လက်ဖွဲ့ကြသကဲ့သို့ မတတ်နိုင်သည့်သူကလည်း သူတတ်နိုင်သလောက် လက်ဖွဲ့ကြောင်းကို ရေးသားထားသည်။

အဆိုပါ ဓလေ့ထုံးစံများမှာ မြို့ပေါ်တွင် ပျောက်လုခမန်း နည်းပါးလာသော်လည်း အညာဒေသ ကျေးလက်များတွင် ကျန်ရှိနေသေး သည်။

“ပြီးခဲ့တဲ့ ၃ လလောက်က သူငယ်ချင်း ပအို့ဝ်မလေးတယောက် ရှမ်းပြည်မှာရှိတဲ့ သူ့ရွာကိုပြန်ပြီး မင်္ဂလာဆောင်တာ လယ် ၁၂ ဧက လက်ဖွဲ့ရတယ်"ဟု ရန်ကုန်မြို့တွင် နေထိုင်သူတဦး ကပြောပြသည်။

မြို့ဆင်ခြေဖုံး ရပ်ကွက်များတွင် ဆင်ရဲနွမ်းပါး၍ မင်္ဂလာမဆောင်နိုင်သောသူများအား ရပ်ကွက်ထဲရှိ ငွေးကြေးအနည်းအကျဉ်း ရှိသူ တို့က ၎င်း၏မင်္ဂလာဆောင်ကြေးအား ကြိုတင်ငွေထုတ်ပေးကာ မင်္ဂလာပွဲပြီးသည်နှင့် ရရှိလာသည့်လက်ဖွဲ့ပစ္စည်းများ၊ ငွေကြေးများ အား ပြန်သိမ်းသော မင်္ဂလာဆောင်ကန်ထရိုက်ဆွဲခြင်းများလည်း ရှိလာကြောင်း သိရသည်။

“မြောက်ဥက္ကလာတို့၊ သင်္ဃန်းကျွန်းတို့ဘက်တွေမှာ များသောအားဖြင့်ရှိကြတယ်၊ သူတို့မှာက ပစ္စည်းက ပြန်ရောင်းလို့လည်း မရဘူးဆိုတော့ စာအိတ်လေးတွေနဲ့ တတ်နိုင်သလောက် လက်ဖွဲ့ကြတာများတယ်လေ၊ ငွေထုတ်ပေးတဲ့သူကလည်း ပြန်ရ နိုင်မယ်ထင်မှ ကိုယ်နဲ့သိတဲ့သူမှ ထုတ်ပေးတာ"ဟု ရန်ကင်းမြို့နယ်တွင် နေထိုင်သူ တဦးက ဆိုသည်။

တချို့မင်္ဂလာဆောင်များတွင် ရရှိသည့်လက်ဖွဲ့မှာ ထုတ်ပေးထားသည့်ငွေပမာဏ အတိုင်းပြန်မရသဖြင့် မင်္ဂလာဆောင်သူများမှ ငွေထပ်ဆောင်းပေးရသည်များလည်း ရှိကာ တချို့မှာ အကြွေးပင်တင်သွားတတ်ကြောင်း သိရသည်။

ထို့အပြင် တချို့သော ချမ်းသာသည့် အသိုင်းအ၀ိုင်းများသာမက လူလတ်တန်းစားများ၏ မင်္ဂလာပွဲများတွင် လက်ဖွဲ့ ပစ္စည်း မယူဘဲ  ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ဂေဟာများသို့ လှူဒါန်းရန်အတွက် မင်္ဂလာခန်းမရှေ့တွင် အလှူခံပုံးထားရှိကာ လာရောက်သည့် ပရိသတ် များ ထံမှ အလှူကောက်ခံကြခြင်းများလည်း ရှိကြောင်း သိရသည်။

“မသိလို့ လက်ဖွဲ့ယူလာတဲ့ သူကလည်း ငွေလည်းထည့် ပစ္စည်းလည်းပေးခဲ့တော့ အဲ့ဒီပစ္စည်းကိုပါ ထည့်လှူလိုက်တာ၊ မင်္ဂလာ ဆောင်ရှင်ကလည်း တပြားမှ မယူဘူး၊ မင်္ဂလာဆောင်ပြီးတော့ တပျော်တပါးသွားလှူကြတာပေါ့၊ မင်္ဂလာဦးအလှူသဘောမျိုးပေါ့"ဟု ရန်ကုန်မြို့နေ လူငယ်တဦးက ၎င်း၏အတွေ့အကြုံကိုပြောပြသည်။

မင်္ဂလာဇနီးမောင်နှံတို့အား မင်္ဂလာလက်ဖွဲ့ပေး ကြသည်မှာ အိမ်ထောင်တခု ထူထောင်ရာတွင် ရှိသင့်ရှိအပ်သည်များကို နှစ်ဘက် ဆွေမျိုးသားချင်း မိဘများမှ ထောက်ပံ့ခြင်းနှင့် ၎င်းတို့အား အသိအမှတ်ပြုသည့် ဓလေ့ထုံးစံတခုဖြစ်ကြောင်း အမျိုးသားစာပေဆုရ စာရေးဆရာက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်