ဒေါ်အောင်ဆန်းစုကြည် ဝေဖန်ချက်ကို NDF တုံ့ပြန်

E-mail Print
ဒေါ်အောင်ဆန်း စုကြည်က ပါတီသစ် ခွဲထောင်ခြင်း အပေါ် ဝေဖန် လိုက်ခြင်းကို အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) က တနင်္လာ နေ့တွင် ကာကွယ် ပြောဆို လိုက်သည်။

NLD အဖွဲ့ဝင်ဟောင်း တချို့ ပါတီသစ် ခွဲထောင်ခြင်းသည် ဒီမိုကရေစီ နည်းလမ်းမကျဟု ဒေါ်အောင်ဆန်းစုကြည်က မေလ ၁၄ ရက်နေ့တွင် ဦးဉာဏ်ဝင်းမှ တဆင့် ဝေဖန်ပြောဆိုလိုက်ပြီးနောက် NDF ၏ တုံ့ပြန် ပြောဆိုမှု ထွက်ပေါ်လာခြင်း ဖြစ်သည်။

“NLD တရားဝင် ပျက်ပြယ်သွားတဲ့ အချိန်မှသာ ကျနော်တို့က ပါတီသစ် ထောင်တာပါ၊ တဦးချင်းအနေနဲ့ ကျနော်တို့ လုပ်ပိုင်ခွင့် ရှိပါတယ်၊ ဒီမိုကရေစီ သမားတဦးအနေနဲ့ ဒေါ်စု ကျနော်တို့အပေါ် နားလည်သင့်ပါတယ်” ဟု NDF ပါတီ ခေါင်းဆောင် ဒေါက်တာသန်းငြိမ်းက ပြောသည်။ ဒေါက်တာသန်းငြိမ်းက ဒီမိုကရေစီအရေး ဆောင်ရွက်ရန် ပါတီတရပ် ရှိရန်လိုသည်ဟု ယုံကြည်ထားသည်။

NLD က ပါတီမှတ်ပုံ မတင်ခြင်းသည် အများသဘောတူ လက်ခံထားသည့် ဆုံးဖြတ်ချက် ဖြစ်သောကြောင့် ပါတီသစ် ခွဲထောင်ခြင်းအပေါ် သဘောမကျကြောင်း ဦးဝင်းတင်က ပြောသည်။

NDF သည် ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ရုံးဖွင့်လှစ်ထားပြီး ရှေ့သီတင်းပတ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီမှတ်ပုံတင်ရန် လျှောက်ထားမည်ဟု သိရသည်။

ရန်ကုန်မြို့မှ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးက NDF ခေါင်းဆောင်များသည် NLD မဆောင်ရွက်နိုင်ခဲ့သည့် နိုင်ငံရေး ရည်မှန်းချက်များကို NDF က ပါတီသစ်အနေဖြင့် ဆောင်ရွက်မည်ဟု ထုတ်ဖော်ပြောလာခြင်းအပေါ် ဒေါသဖြစ်မိသည်ဟု ပြောသည်။

တချို့ကလည်း NDF ကို ခေါင်းဆောင်သည့် ဒေါက်တာသန်းငြိမ်းသည် ရာထူးမှ ဖြုတ်ချခံရသည့် ယောက်ဖဖြစ်သူ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နှင့် တွေ့ဆုံခဲ့သည်ဟု စွပ်စွဲ ပြောဆိုမှုများ ထွက်ပေါ်နေသည်။

“၁၉၈၈ ကတည်းက ခင်ညွန့်နဲ့ တခါမှ မတွေ့ဖြစ်ပါဘူး၊ အထောက်အထားရှိရင် သက်သေ ပြစေချင်ပါတယ်” ဟု ဒေါက်တာသန်းငြိမ်းက ငြင်းဆိုသည်။

အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး ကာ့တ် ကမ်းဘဲလ် ရန်ကုန်မြို့သို့ လာရောက်သော သတင်းကို အစိုးရထုတ် သတင်းစာများတွင် ဖော်ပြရာ၌ NLD ကို နိုင်ငံရေး ပါတီဟောင်း ဟု သုံးစွဲ ပြောဆိုထားသည်ကို တွေ့ရသည်။

သို့သော် NLD ထိပ်တန်း ခေါင်းဆောင် ဦးဝင်းတင်က စစ်အစိုးရနှင့် ထိပ်တိုက် မတွေ့လိုသောကြောင့် ကြေညာချက် ထုတ်ပြန်ခြင်း၊ အစည်းအဝေးထိုင်ခြင်းများ မရှိစေကာမူ NLD သည် ဆက်လက် တည်ရှိနေဆဲ ဖြစ်သည်ဟု ပြောသည်။

ယနေ့အထိ နိုင်ငံရေးပါတီပေါင်း ၃၈ ဖွဲ့ ရွေးကောက်ပွဲ ကော်မရှင်ထံ မှတ်ပုံတင်ရန် လျှောက်ထားပြီး ပါတီ ၁၇ ဖွဲ့ကို မှတ်ပုံတင်ခွင့် ချထားပေးပြီး ဖြစ်သည်။ စစ်အစိုးရက ရွေးကောက်ပွဲ ကျင်းပမည့် ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်