ရွေးကောက်ပွဲ ဥပဒေ ရုပ်သိမ်းရန် ဥရောပ ပါလီမန် တောင်းဆို

E-mail Print
မြန်မာ စစ်အစိုးရ ထုတ်ပြန် ထားသော ရွေးကောက်ပွဲ ဥပဒေများကို ပြန်လည် ရုပ်သိမ်းပေးရန် ဥရောပ ပါလီမန်က မေလ ၁၉ ရက်နေ့က တောင်းဆို လိုက်သည်။

ဥရောပ ၂၇ နိုင်ငံမှ လွှတ်တော် အမတ် ၇၃၆ ဦးဖြင့် ဖွဲ့စည်းထားသော ဥရောပပါလီမန်အမတ်များ အစည်းအဝေးကို ပြင်သစ်နိုင်ငံ  Strasbough မြို့တွင် ပြုလုပ်ခဲ့အပြီး ထိုတောင်းဆို ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်ချက်ကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLDအနေဖြင့် ကြိုဆိုကြောင်း ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးအုံးကြိုင် က ပြောသည်။

“ဒါဟာ မြန်မာလူထုအကျိုးကို ကြည့်ပြီး ဆောင်ရွက်တဲ့လုပ်ငန်းလို့မြင်တယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒီရွေးကောက်ပွဲဟာ မျှတ လွတ်လပ်တဲ့ ရွေးကောက်ပွဲမဖြစ်ဘူး၊ ဒီဥပဒေတွေနဲ့သာ သွားလို့ကတော့ တာထွက်ကတည်းက မှားမှာဖြစ်လို့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ဆီ ရောက်မှာ မဟုတ်ဘူး၊ ဒါကြောင့် အီးယူ ပါလီမန်ရဲ့ ဆုံးဖြတ်ချက်မှန်တယ်လို့ မြင်မိတယ်"ဟု ဦးအုံးကြိုင်က ဆိုသည်။

ဥရောပပါလီမန်၏ ထုတ်ပြန်ကြေညာချက်တွင်လည်း ဒီမိုကရေစီစံနှုန်းများနှင့်မကိုက်ညီသော ရွေးကောက်ပွဲလုပ်ဆောင်နေ ခြင်းကို ရှုတ်ချကြောင်း ဖော်ပြထားသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကမူ ဥရောပ အပါအ၀င် အနောက်အုပ်စု နိုင်ငံများက ဖိအားများပေးနေသော်လည်း မြန်မာနိုင်ငံအတွင်း ရွေးကောက်ပွဲမတိုင်မီကြားကာလ၌ အပြောင်းအလဲဖြစ်ပေါ်လာမည့် အလားအလာမတွေ့မိဟု ပြောသည်။

“ဒီဖိအားတွေကြောင့်တော့ အပြောင်းအလဲဖြစ်လာမယ့် အလားအလာမမြင်ဘူး၊ တကယ်က ပြည်တွင်းက လုပ်မှ ရမှာကိုး၊ပြည် တွင်း မှာလည်း လူထုတိုက်ပွဲတွေ ဖြစ်လာဖို့ ဘာညာဆိုတာ မဖြစ်နိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည် ငြိမ်ဝပ်ပိပြား နေအောင် စစ်တပ်ကလုပ်နိုင်တယ်၊ နည်းနည်းလေးမှ အထအထောင်မခံဘူး၊ ယိုးဒယားလို မဟုတ်ဘူး။ ယိုးဒယားမှာက ဆန္ဒပြတဲ့ သူတွေက လက်နက်ရှိတော့ ပြန်ပစ်တာခတ်တာရှိသေးတယ်၊ ဒီမှာက အဲဒီလို မရှိဘဲနဲ့တောင် စစ်တပ်က ဒီအတိုင်း ပစ်ခတ် သတ်ဖြတ်နေတဲ့ အခါကျတော့ သူတို့ လုပ်တဲ့အတိုင်း ဖြစ်သွားမှာပဲ"ဟု သခင်ချန်ထွန်းက သုံးသပ်ပြောဆိုသည်။

NLD အနေဖြင့် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို စစ်အစိုးရအပေါ်ဖိအားများပေးရန် တိုက်တွန်းသကဲ့သို့ ပြည်တွင်း၌လည်း ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို လူထုနားလည်ရန် လုပ်ဆောင်သွားမည်ဖြစ်သည်ဟု ဦးအုံးကြိုင်က ပြောသည်။

အီးယူ အဖွဲ့ဝင် ချက်သမ္မတနိုင်ငံ ဒု နိုင်ငံခြားရေးဝန်ကြီး ဂျီရီ ဆတ္တလာနှင့် အဖွဲ့ဝင်တဦးတို့ကလည်း ယမန်နေ့က NLD ဗဟို အလုပ်အမှုဆောင်များနှင့် တွေ့ဆုံမှုပြုလုပ်ခဲ့သည်။

“သူတို့က NLD ရဲ့ ရပ်တည်ချက်ကို သူတို့သိပြီးပါပြီတဲ့၊ နောက် ရှေ့ဆက်ပြီး ဘယ်လိုလုပ်သွားမလဲလို့မေးပါတယ်၊ အဲဒါကို ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့က နိုင်ငံရေးရည်ရွယ်ချက်ရှိတဲ့ လူမှုရေးလုပ်ငန်းတွေ ဆောင်ရွက်နေတယ်ဆိုတာကို ပြောပြတယ်၊ လတ်တလော ရေရရှိရေးကိစ္စတွေ ဆောင်ရွက်နေတယ်၊ HIV လူနာစောင့်ရှောက်မှု လုပ်ငန်းတွေ ၊ နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေးလုပ်ငန်းတွေ လုပ်နေတာကို ရှင်းပြတယ်"ဟု ဦးအုံးကြိုင်က ပြောသည်။

NLD ၏ လူမှုရေးလုပ်ငန်းများအပေါ် အာဏာပိုင်များက နှောင့်ယှက်မှု ရှိမရှိကိုလည်း မေးမြန်းခဲ့ရာ NLD ဘက်က ယခုအချိန်ထိမူ ကြီးမားသော နှောင့်ယှက်မှုများ မရှိသေးကြောင်း ပြန်လည်ပြောဆိုခဲ့ကြောင်း သိရသည်။

ဒုနိုင်ငံခြားရေး ၀န်ကြီး ဂျီရီ ဆတ္တလာကလည်း ချက်နိုင်ငံအနေဖြင့် မြန်မာ့ လူ့အခွင့်ရေးကိစ္စရပ်များတွင် အထူးအလေးပေး ဆောင် ရွက်ပေးခဲ့ကြောင်း ၊ ဆက်လက်၍လည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု ဦးအုံးကြိုင်က ပြောပြသည်။

အဆိုပါတွေ့ဆုံမှုကို ရန်ကုန်မြို့သံတမန်ရပ်ဝန်းတခုတွင် ပြုလုပ်ခဲ့ခြင်းဖြစ်ကာ NLD ဘက်မှ ဦးတင်ဦး ၊ ဦးဝင်းတင် ၊ ဦးဉာဏ်ဝင်း ၊ ဦးအုံးကြိုင် ၊ ဦးဟံသာမြင့်တို့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

ချက် သံတမန်များသည် နေပြည်တော်သို့ မေလ ၁၈ ရက်နေ့က သွားရောက်ခဲ့ပြီးနောက် ရန်ကုန်တွင် NLD ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အဆိုပါ ချက်သံတမန်များ နေပြည်တော်ရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်းကို စစ်အစိုးရ မီဒီယာများက ယနေ့အချိန်အထိ ထုတ်ပြန်ခြင်းမရှိပေ။

ချက် သမ္မတနိုင်ငံသည် မြန်မာ့ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် အားပေးထောက်ခံနေသော နိုင်ငံဖြစ်ကာ ချက်သမ္မတဟောင်း    ဗားကလက် ဟာဗဲလ် ကလည်း ၁၉၉၁ ခုနှစ် နိုဗဲလ်ငြိမ်းချမ်းရေးဆုသည် ဒေါ်အောင်ဆန်းစုကြည်နှင့် ထိုက်တန်ကြောင်း ဆော်သြခဲ့ သူ ဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်