အိန္ဒိယက မြန်မာကို စက်ယန္တရားများပေး

E-mail Print
အိန္ဒိယ အစိုးရက မြန်မာအစိုးရကို မြေထိုးစက် တစီးနှင့် ကရိန်းကား တစီး ယနေ့ ပေးအပ် လိုက်သည်ဟု သိရသည်။

လက်ဆောင် ပေးသည့် အခမ်းအနားကို ယနေ့ နေ့လယ်ပိုင်းက မြန်မာ-အိန္ဒိယ နယ်စပ်ရှိ မိုးရေးမြို့တွင် ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

“ကားနှစ်စီးက စစ်တပ်သုံးတဲ့ ကာကီ ရောင်တွေ၊ အာသံ ရိုင်ဖယ်တပ်က အကြီးအကဲ လာတယ်လို့ သိရတယ်။ စစ်ကား တွေနဲ့ ၀န်းရံပြီး သွားလိုက်တာ။ နယ်စပ်နဲ့ အနီးဆုံး ဘောလုံး ကွင်းမှာ။ အဲ့ဒီနားကို ဘယ်သူမှ မပေးဝင်ဘူး” ဟု မိုးရေးမြို့ခံ တဦးက ပြောသည်။

မော်တော်ယာဉ် ၂ စီးကို အနောက် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် ကြည်စိုး သွားရောက် လက်ခံ ရယူခဲ့သည်ဟု ဆိုသည်။

ယမန်နေ့က မြန်မာအရာရှိများကို အိန္ဒိယက ခေါ်ယူ၍ ထိုမော်တော်ယာဉ်များ မောင်းနှင်ကိုင်တွယ်ပုံကို သင်ကြား ပြသပေးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

နှစ်နိုင်ငံ အစိုးရချင်း ကာလကြာမြင့်စွာ ညှိနှိုင်းဆွေးနွေးနေသော မဏီပူရ်ပြည်နယ် မြို့တော် အင်ဖားမှ မန္တလေးအထိ ဖောက်လုပ်မည့် နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်း အတွက် အဆိုပါ စက်ပစ္စည်းများ ပေးအပ်ခြင်း ဖြစ်နိုင်ကြောင်း ဒေသခံများက ထင်ကြေးပေး နေကြသည်။

ထို ကား ၂ စီး  ပေးအပ်ခြင်းသည် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ ဆက်ဆံမှု တိုးတက်ရေးနှင့် မြန်မာပိုင်နက်တွင်း ခိုအောင်းနေသည့် အိန္ဒိယ ခွဲထွက်ရေး သူပုန်များကို ချေမှုန်းရေးအတွက်  ဖြစ်မည်ဟု နယ်စပ်အရေး လေ့လာသူများက ဆိုသည်။

“အိန္ဒိယမှာ အသုံးပြုတဲ့ ဒီကားတွေက အ၀ါရောင်။ အခု စစ်ရောင်သုံးထားတော့ ဒါဟာ စစ်ရေးအရ သုံးတာပဲ ဖြစ်ဖို့များတယ်။ တပ်အချင်းချင်း ဆက်ဆံရေးတိုးတက်နေတယ်။ ခွဲထွက်ရေး သူပုန်တွေကို မြန်မာ့မြေထဲ မထားဘူးဆိုတာမျိုး ပြတဲ့သဘောမျိုးပေါ့” ဟု လေ့လာသူ တဦးက ပြောသည်။

အိန္ဒိယက ၁၉၈၈ မှ စတင်ပြီး မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူများကို အားပေးကူညီခဲ့သော်လည်း ၁၉၉၀ နောက်ပိုင်းတွင်မူ နှစ်နိုင်ငံ အစိုးရအကြား စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး ပူးပေါင်း လုပ်ဆောင်မှုများ တိုးတက် လုပ်ဆောင်လာပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် ပြင်းပြင်းထန်ထန် ၀င်ရောက် ပြောဆိုခြင်း မပြုတော့ပေ။

၁၉၉၃ တွင် အိန္ဒိယက မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို Jawaharlal Nehru ဆု ချီးမြှင့်လိုက်ချိန်မှစ၍ အိန္ဒိယခွဲထွက်ရေး သူပုန်များကို ပူးပေါင်းတိုက်ခိုက်သည့် စစ်ဆင်ရေးများကို မြန်မာအစိုးရက ရပ်နားလိုက်သည်။

သို့သော်လည်း နောက်ပိုင်းတွင် နှစ်နိုင်ငံ အပြန်အလှန် သတင်းဖလှယ်ခြင်းများ ဆက်လက် တည်ရှိဆဲ ဖြစ်သည်ဟု သိရသည်။

နှစ်နိုင်ငံ စစ်ဦးစီးချုပ်နှင့် စစ်ခေါင်းဆောင်များ၏ အပြန်အလှန် ချစ်ကြည်ရေး ခရီးစဉ်များ နောက်တွင် အိန္ဒိယ အစိုးရက စစ်လေယာဉ်၊ ကမ်းရိုးတန်းသွား ရေယာဉ်ငယ်များ၊ လေယာဉ်ပစ် လက်နက်များ၊ လက်နက်ခဲယမ်းများ၊ နည်းပညာ အကူအညီများ ပေးအပ်ခဲ့သည်ဟု သိရသည်။

မြန်မာပြည်သည် လက်ရှိတွင် တရုတ်နိုင်ငံနှင့် စီးပွားရေး၊ နိုင်ငံရေးများ ပူးပေါင်း လုပ်ဆောင်နေရာ မြန်မာပြည် တောင်ဘက်စွန်းရှိ ကိုကိုးကျွန်း၊ မြိတ်ကျွန်းစု၊ ရခိုင်ကမ်းရိုးတန်းနှင့် ဟိုင်းကြီးကျွန်းဒေသများ ဖွံ့ဖြိုးရေးအတွက် တရုတ်နိုင်ငံက ကူညီထောက်ပံ့မှုများသည် အိန္ဒိယအတွက် စိုးရိမ်ဖွယ်ရာများ ဖြစ်စေသည်ဟု အကဲခတ်များက ခန့်မှန်းကြသည်။

တရုတ်နိုင်ငံ အတွက် ဘင်္ဂလားပင်လယ်အော်၊ ထိုမှ အိန္ဒိယသမုဒ္ဒရာဒေသနှင့် မလက္ကာ ကျွန်းဆွယ်အထိ မြန်မာနိုင်ငံမှ တဆင့် ပင်လယ် ထွက်ပေါက် ရနေရာ ပထ၀ီအနေအထားနှင့် စစ်ရေးအရ အိမ်နီးချင်းဖြစ်သော အိန္ဒိယမှာ နယ်စပ်ဒေသ လုံခြုံရေးအတွက် စိုးရွံ့မှုများ ရှိလာသည်။

ထို့အပြင် ရခိုင် ကမ်းလွန်ပင်လယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန် ပြည်နယ် အထိ ရေနံပိုက်လိုင်း သွယ်တန်း၍ တိုက်ရိုက် ရောင်းချမည်ဖြစ်ရာ စီးပွားရေးအရ မြန်မာနိုင်ငံနှင့် လွန်စွာ နီးကပ်လာသည်။

အရှေ့မျှော်ဝါဒကို ကျင့်သုံးသည့် အိန္ဒိယက နောက်ပိုင်းတွင် အိမ်နီးချင်း မြန်မာနိုင်ငံနှင့် စီးပွားရေး ပူးပေါင်းမှုများကို တိုးမြှင့် လုပ်ဆောင်လာရာ နယ်စပ် ကုန်သွယ် လမ်းကြောင်းများ ဖွင့်လှစ်ရေး၊ နယ်စပ် လမ်းကြောင်းများမှ နှစ်နိုင်ငံ ခရီးသွား ဗီဇာများ ထုတ်ပေးရေးများ ဆွေးနွေးခဲ့ကြပြီး TATA ကဲ့သို့ အိန္ဒိယ လုပ်ငန်းရှင်များက မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံလာသည်။

“အရင်ကလည်း မိုင် ၉၀ ကျော်ရှိတဲ့ တမူး-ကလေးလမ်းကို အိန္ဒိယက အလကား ဖောက်ပေးတာ။ အခုလည်း ထမံသီ ရေကာတာ ဆောက်တာ၊ ဟုမ္မလင်း လေယာဉ်ကွင်းတွေ လုပ်ပေးနေတာတွေလည်း ရှိတယ်” ဟု လေ့လာသူက ပြောသည်။

အိန္ဒိယက ထိုသို့ ကူညီနေခြင်းမှာ နယ်စပ် ဒေသတွင် တရုတ်၏ စီးပွားရေးအရ လွှမ်းမိုးမှုကို မလိုလား၍ ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။

“ချင်းတွင်းမြစ် အနောက်ဘက် ဒေသတကြောကို တရုတ်က လာပြီးတော့ ကန်ထရိုက်လုပ်တာတွေ၊ တစုံတခု လာဆောက်တာတွေသူတို့ မလိုလားဘူး။ ဒါကြောင့် သူတို့က အခုလို တတ်နိုင်သလောက် ကူညီနေ၊ ပေးနေတာ” ဟု လေ့လာသူက ပြောသည်။

အိန္ဒိယနှင့် တရုတ်နှစ်နိုင်ငံရှိ မီဒီယာများ၊ လေ့လာသုံးသပ်သူများက ၁၉၆၀ ပြည့်နှစ်လွန် ၂ နိုင်ငံ နယ်စပ် ပြဿနာများကို ပြန်လည် အစဖော် ရေးသား ဝေဖန် ကြပြီး နှစ်နိုင်ငံ ဆက်ဆံရေး မပြေလည်မှုများ ဖြစ်ပေါ်ခဲ့သည်။

ထို့ပြင် အိန္ဒိယအရှေ့မြောက်ပိုင်း အာသံပြည်နယ်ရှိ အာသံခွဲထွက်ရေးအဖွဲ့မှ ခေါင်းဆောင် ပါရက်ရှ်ဘာရူရာသည် တရုတ်အာဏာပိုင်များနှင့် ဆက်သွယ်မှုများပြုနေသည်ဆိုသည့် သတင်းများ ထွက်ပေါ်လာသည့်နောက်တွင် အိန္ဒိယနှင့် တရုတ် ဆက်ဆံရေးမှာ ပိုမို တင်းမာလာခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်၏ အိန္ဒိယ ခရီးစဉ်အပြီး အမေရိကန်-အိန္ဒိယ နှစ်နိုင်ငံ စီးပွားရေး နိုင်ငံရေးများ ပူးပေါင်း လုပ်ဆောင်ရန် သဘောတူလိုက်ချိန်တွင် ရှိနှင့် ပြီးသော တရုတ်နှင့် အိန္ဒိယ ဆက်ဆံရေး ယိမ်းယိုင်ခဲ့ကြောင်း သိရသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်