ထက်ထက်မိုးဦး သတင်းကြောင့် ဂျာနယ် ၂ စောင် အပိတ်ခံရ

E-mail Print
ခွင့်မပြုသည့် သတင်းကို ဖော်ပြသည့် အတွက် ဂျာနယ် ၂ စောင်အား ယာယီပိတ် လိုက်ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင် ဌာနတွင် စာကပ်ထား သည်ဟု သတင်း ရရှိသည်။

The Voice ဂျာနယ်နှင့် First Music ဂျာနယ်တို့ကို စာပေစိစစ်ရေးက ၁၉၆၂ ခုနှစ် အက်ဥပဒေအရ ပိတ်ပင်ခြင်း ဖြစ်သည်ဟု ရေးသားထားပြီး မည်သည့်သတင်းနှင့် ပတ်သက်၍ ပိတ်ပင်သည်ဟု ရေးသားထားခြင်းမရှိကြောင်း စာပေစိစစ်ရေးသို့ ရောက်ရှိ ခဲ့သည့် သတင်းသမား တဦးကပြောသည်။


သို့ရာတွင် ရန်ကုန်အခြေစိုက် သတင်းဂျာနယ်တစောင်မှ အယ်ဒီတာ တဦးကမူ သရုပ်ဆောင် ထက်ထက်မိုးဦးနှင့် 7 Day News ဂျာနယ် သတင်းထောက်တို့ ပဋိပက္ခဖြစ်သည့် သတင်းကို ဖော်ပြသည့်အတွက် ယခုကဲ့သို့ ပိတ်ပင်ခံရခြင်း ဖြစ်ကြောင်း ပြောသည်။

“အဲဒီသတင်းကို စိစစ်ရေးက မဖော်ပြနဲ့လို့ ပြောနေတဲ့ကြားက ဖော်ပြလိုက်လို့ ယာယီပိတ်လိုက်တာပါ။ တပတ်တည်းလည်း ဖြစ်နိုင်တယ်။ ဘယ်လောက် ကြာကြာပိတ်မှာလဲ ဆိုတာကတော့ မပြောတတ်ဘူး” ဟုအဆိုပါ အယ်ဒီတာက ပြောသည်။

အဆိုပါ သတင်းကို သရုပ်ဆောင် ထက်ထက်မိုးဦးက ဖော်ပြခွင့်မပြုရန် စာပေစိစစ်ရေးသို့ တင်ပြထားခြင်းဖြစ်ကြောင်း ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ဖြေကြားထားပြီး ဖြစ်သည်။

“ဘာမှတော့ အကြောင်း မပြန်ဘူး။ ဒါပေမယ့် သတင်းကြားတာ The Voice ဂျာနယ်ကို ခဏ ပိတ်လိုက်တယ်လို့ ကြားတယ်လေ” ဟု ထက်ထက်မိုးဦးက ပြောသည်။

အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ စာပေစိစစ်ရေး၏ လုပ်ရပ်အပေါ် အံ့သြမိသည်ဟု ထိုင်းနိုင်ငံ မြန်မာသတင်းသမဂ္ဂ အတွင်းရေးမှူး ဦးစံမိုးဝေက ပြောသည်။

“မင်းသမီးတယောက်က အခုလို ဖိအားပေးရုံနဲ့ မြန်မာနိုင်ငံရဲ့ စာပေစိစစ်ရေးလို ဌာနကြီးက နားထောင်ပြီး အရေးယူပေးတယ် ဆိုတာကတော့ တော်တော် စဉ်းစားရကျပ်တယ်” ဟု သူက ဆိုသည်။

ထက်ထက်မိုးဦး အနေနှင့် ၎င်း၏ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် ပတ်သက်၍ ဖော်ပြခွင့်မပြုရန် စာပေစိစစ်ရေးသို့ တင်ထားခဲ့ သော်လည်း ယခင်အကြိမ်များက ဂျာနယ်နှင့် မဂ္ဂဇင်းများတွင် ဖော်ပြခွင့်ပေးခဲ့ရာ စိတ်မကောင်းဖြစ်ရသည်ဟု ဧရာဝတီ မဂ္ဂဇင်းနှင့် အင်တာဗျူးတွင် ပြောထားသည်။

ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံတို့ ပဋိပက္ခ ဖြစ်သည့်ကိစ္စရပ်ကို အင်တာနက် စာမျက်နှာများပေါ်တွင် အပြန်အလှန် ဆွေးနွေးငြင်းခုန်မှုများ ရှိနေသည်။ သတင်းစာဆရာကြီး လူထုစိန်ဝင်းနှင့် စာရေးဆရာ သတင်းစာ ဆရာ မောင်ဝံသ တို့ကဲ့သို့သော ဝါရင့် သတင်းစာ ပညာရှင်များကိုယ်တိုင် Weekly Eleven ဂျာနယ်သို့ ပေးသည့် အင်တာဗျူး အပေါ်မူတည်၍ အဆိုပါ ငြင်းခုန်မှု များ ဖြစ်လာရသည်ဟု သိရသည်။

သတင်းစာဆရာကြီး လူထုစိန်ဝင်းက “မင်းသား မင်းသမီးကို နှမ်းအကြောင်း၊ ပဲ အကြောင်း၊ ဆီအကြောင်း၊ ဆန်အကြောင်း မေးပြီး ရေးရင်လည်း ပရိသတ်က စိတ်ဝင်စားမှာ မဟုတ်ဘူး ….။ မင်းသမီးက မဖြေချင်ဘူးဆိုရင် ငြင်းပိုင်ခွင့်ရှိတယ်။ ကြိုက်သလို ဖြေလို့ရတယ်။ ဖြေပြီးမှ ဒါတော့ မရေးပါနဲ့ ဆိုပြီး ကိုယ်ရေးကိုယ်တာမို့ Off The Record လုပ်လို့ရတယ်” ဟု Weekly Eleven ဂျာနယ်တွင် ပြောထားသည်။

ဆက်လက်၍ ၎င်းက သတင်းထောက် အေးသူစံအနေနှင့် လွန်သည်ဟု မဆိုနိုင်ကြောင်း၊ သတင်းထောက် ဆိုသည်မှာ မစပ်စုရသည့် ကိစ္စဟူ၍ မရှိကြောင်း၊ သတင်းထောက်တွင် စပ်စုရန်အခွင့်အရေး ရှိကြောင်းပြောထားသည်။

“မမေးရတဲ့ မေးခွန်းဆိုတာ မရှိဘူး၊ မရေးသင့်တဲ့ အကြောင်းအရာ ဆိုတာပဲ ရှိတယ်။ ဒါကတော့ ရေးတဲ့နေရာမှာ သတင်းထောက်က သူ့ဟာသူ ဆုံးဖြတ်လိမ့်မယ်” ဟု လူထုစိန်ဝင်းက ဆိုထားသည်။

စာရေးဆရာ၊ သတင်းစာဆရာ မောင်ဝံသကလည်း ထက်ထက်မိုးဦးအနေနှင့် မီဒီယာသမားကို ကိုယ်ထိလက်ရောက် ကျူးလွန်ခြင်းသည် မီယာသမားသာမက မီဒီယာကိုယ်စားပြု စာဖတ်ပရိသတ်များကိုပင် မခန့်လေးစား ပြုရာရောက်သည်ဟု  Weekly Eleven ဂျာနယ်ကို ပြောသည်။

ထက်ထက်မိုးဦးနှင့် သတင်းထောက် အေးသူစံ ပြဿနာကို မည်သူမှန်သည်၊ မည်သူမှားသည်ဟူ၍ အင်တာနက် စာမျက်နှာ တခုပေါ်တွင် စစ်တမ်းကောက်ယူထားသည် ကိုလည်း တွေ့ရသည်။

လူထုစိန်ဝင်းနှင့် မောင်ဝံသတို့၏ ပြောကြားချက်များမှာ Weekly Eleven ဝက်ဘ်ဆိုက်မှတဆင့် ပျံ့နှံ့နေခြင်း ဖြစ်ပြီး အဆိုပါ ပြောကြားချက်များကို စာပေစိစစ်ရေးက ဂျာနယ် စာမျက်နှာပေါ်တွင် ဖော်ပြခွင့် မပြုကြောင်း သိရသည်။

နာမည်ကျော် ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးသည် စာနယ်ဇင်းသမားတဦးကို ဆံပင်ဆွဲပြီး လည်ပင်း ညှစ်ခဲ့သဖြင့် တရားစွဲခံနေရသည် ဟူသော သတင်းမှာ ယခု ရက်ပိုင်းအတွင်း အများ စိတ်ဝင်စားကြသည့် သတင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်