စက်ရုံကြီးတချို့ လာဘ်ထိုးပြီး လျှပ်စစ်မီး သုံးစွဲခွင့်ရ

E-mail Print
လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်မှု လျော့ကျသွား ခြင်းကြောင့် ရန်ကုန်ရှိ စက်မှုဇုန်များကို ယာယီ မီးဖြတ် တောက်ကြောင်း စစ်အစိုးရက တရားဝင် ထုတ်ပြန် ကြေညာ ထားသော်လည်း စက်ရုံကြီး တချို့ လျှပ်စစ်မီး ရရှိသုံးစွဲ နေသေးကြောင်း သိရသည်။

အရှေ့ဒဂုံ၊ တောင်ဒဂုံနှင့် လှိုင်သာယာ စက်မှုဇုန်တို့ရှိ စက်ရုံကြီး တချို့သည် မီးဖြတ်လိုက်သည့်တိုင် လျှပ်စစ်မီးနှင့် စက်ရုံ ဆက်လက် လည်ပတ်နေခြင်းဖြစ်သည်။

“စက်မှုဇုန်တွေကို မီးဖြတ်ထားတယ်လို့ ပြောပြီး လျှပ်စစ်မီးခိုးရောင်းနေတာပါ၊ ကျနော်တို့ဆီက စက်ရုံကြီးတရုံဆိုရင် လျှပ်စစ်မီးနဲ့ပဲ လည်ပတ်နေတာ ဒီကနေ့အထိပဲ၊ စစ်ဆေးရေးရှိတဲ့ အချိန်လောက်ပဲ သူတို့စက်ရုံက မီးစက်ကို အမောင်း ပြထားတယ်” ဟု အရှေ့ဒဂုံ စက်မှုဇုန်မှ လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

အဆိုပါ စက်ရုံသည် စားသောက်ကုန်ကြမ်းတမျိုး ထုတ်လုပ်ရာတွင် မြန်မာနိုင်ငံ၏ အကြီးဆုံး စက်ရုံကြီးဖြစ်ပြီး စက်ရုံပိုင်ရှင်သည် စစ်အာဏာပိုင်များနှင့် နီးစပ်သော သောကြောင့် အထူးအခွင့်အရေး ရနေခြင်းဖြစ်ကြောင်း အဆိုပါ လုပ်ငန်းရှင်က ပြောသည်။

မေလ ၁၄ ရက်နေ့မှ စ၍ ရန်ကုန်တိုင်းအတွင်းရှိ စက်မှုဇုန်များ၊ မြို့တွင်း စက်မှုလက်မှု လုပ်ငန်းများ၊ ကုန်တိုက်၊ စူပါမားကက်နှင့် ဟိုတယ်အားလုံးကို လျှပ်စစ်မီး လုံးဝ ဖြတ်တောက်လိုက်ကြောင်း ရန်ကုန်တိုင်း လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး ကော်မတီက ထုတ်ပြန်ကြေညာခဲ့သည်။

“ပြည်သူတွေကို မီးပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလ ၁၅ ရက်က စပြီး စီးပွားရေးလုပ်ငန်းတွေကို ဖြတ်လိုက်တာပါ။ လူနေအိမ်တွေကို အုပ်စုခွဲပြီး အခု တရက်ကို မီး ၆ နာရီ ပေးနိုင်ဖို့အတွက် စက်မှုဇုန်တွေကို မီးဖြတ်လိုက်တာ” ဟု အဆိုပါ ကော်မတီမှ တာဝန်ရှိသူတဦးက ပြောသည်။

လျှပ်စစ်မီးနှင့် ဆက်လက်လည်ပတ်နေသော စက်ရုံကြီးများသည် သက်ဆိုင်ရာ မြို့နယ်အသီးသီးရှိ လျှပ်စစ်ရုံးများသို့ ပုံမှန် လစဉ်ကြေး ကျပ် ၁၀ သိန်းမှ သိန်း ၂၀ ၀န်းကျင်အထိ ပေးရပြီး လျှပ်စစ်မီး ဖြတ်ထားသည့် မေလတွင် စက်ရုံတရုံလျှင် သိန်း ၂၀ ထပ်ဆောင်း ပေးရကြောင်း သိရသည်။

“ကျနော်တို့ စက်ရုံအနေနဲ့ မီးစက်နဲ့သာ လည်ရင် ဘယ်လိုမှ မကိုက်နိုင်ပါဘူး၊ စက်တလုံးက မီးစက်နဲ့ မောင်းမယ်ဆိုရင် တနာရီကိုပဲ ဂါလန် ၅၀ (တပီပါ) လောက် ကုန်တယ်၊ စက်ရုံက ၂၄ နာရီ အဆိုင်းနဲ့လည်နေတာ ဆိုတော့ လျှပ်စစ်မီးကိုပဲ
အဓိက ထားရတယ်” ဟု လှိုင်သာယာစက်မှုဇုန်ရှိ လျှပ်စစ်မီးနှင့် လည်ပတ်နေသော စက်ရုံမှ ၀န်ထမ်းတဦးက ပြောသည်။

လှိုင်သာယာ စက်မှုဇုန်မှ စက်ရုံ ၀န်ထမ်းတဦးကလည်း ၎င်းတို့ စက်ရုံအနေဖြင့် မီးစက်ဖြင့် လည်ပတ်ပါက ဒီဇယ်ဖိုး ကုန်ကျစရိတ်မှာ တနာရီလျှင် ကျပ် ၁ သိန်းခွဲခန့် ရှိသောကြောင့် ၁၀ နာရီလည်ပါက ကျပ်သိန်း ၁၅၀၊ ၂၄ နာရီလည်မည်ဆိုပါက ဆီဖိုးမှာ မည်သို့မှ မကိုက်နိုင်သောကြောင့် လျှပ်စစ်ရုံးနှင့် ညှိပြီး လည်ပတ်နေခြင်း ဖြစ်ကြောင်း ပြောပြသည်။

“ပိုက်ဆံ တတ်နိုင်တဲ့ စက်ရုံတွေနဲ့ အစိုးရအထိ ပေါက်ပေါက်ရောက်ရောက်ရှိတဲ့ လုပ်ငန်းရှင်တွေကတော့ လျှပ်စစ်ရုံးတွေကို
ပိုက်ဆံပေးပြီး လည်နေကြတာပဲ၊ အဲဒီလို လည်လို့ ပြဿနာဖြစ်ရင်လည်း သူတို့က ဗိုလ်ချုပ်တွေနဲ့ ပတ်သက်မှုရှိတော့ ဘာမှ မဖြစ်ဘူး။ တကယ်တမ်း ခုလိုအချိန်မှာ အစိုးရ မီးဖြတ်နိုင်တာဆိုလို့ သာမန်ပြည်သူတွေနဲ့ စက်ရုံသေးလေးတွေပဲ ရှိတယ်၊ စက်ရုံကြီးတွေကိုတော့ သူတို့ ဘယ်လိုမှ မကိုင်နိုင်ပါဘူး” ဟု တောင်ဒဂုံ စက်မှုဇုန်မှ လုပ်ငန်းရှင်တဦးက ပြောသည်။

အငယ်နှင့် အလတ်စား စက်ရုံများတွင် မီးစက်ဖြင့် လည်ပတ်မည်ဆိုပါက တရက်လျှင် ဒီဇယ် ဂါလန် ၃၀ မှ ၅၀ ၀န်းကျင်အထိ အသုံးပြုရမည် ဖြစ်ပြီး ကုန်ကျစရိတ်မှာလည်း တရက်လျှင် အနည်းဆုံး ကျပ် ၂ သိန်းခန့် ရှိသောကြောင့် မတတ်နိုင်ဘဲ ရပ်ထားရခြင်း ဖြစ်ကြောင်း သိရသည်။

မီးဖြတ်ထားချိန်တွင် ဝယ်လိုအား မြင့်တက်လာသည့်အတွက် ဒီဇယ်ဈေးတက်သွားပြီး တဂါလန်လျှင် ၃၂၀၀ ကျပ်မှ ၃၃၀၀ ကျပ်ထိ ဖြစ်လာကြောင်း သိရသည်။

စစ်အစိုးရက ရန်ကုန်မြို့နေ ပြည်သူများကို တရက်လျှင် လျှပ်စစ်မီး ၆ နာရီ ပေးမည်ဟု ဆိုသော်လည်း မီးပေးသည့် အချိန်အတွင်း အကြိမ်ကြိမ် ပြတ်တောက်ခြင်း၊ သတ်မှတ်ချိန်အတိုင်း မရခြင်း၊ မီးအား အလွန်နည်းခြင်းများကို ကြုံတွေ့ရကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်နှင့် သဘာဝဓာတ်ငွေ့ နှစ်ခုပေါင်းမှ လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုမှာ စုစုပေါင်း ၆၆၀ မီဂါဝပ် ရှိကြောင်း၊ ထိုမှ ၅၀ ရာခိုင်နှုန်းကို ရန်ကုန်မြို့တွင်းအတွက် သုံးစွဲနေခြင်းဖြစ်ကြောင်း၊ သို့သော် ရန်ကုန်မြို့၏ အမှန်တကယ် လိုအပ်ချက်မှာ မီဂါဝပ် ၆၀၀ ကျော် ဖြစ်ကြောင်း ပြည်တွင်း သတင်းဂျာနယ်တစောင်က ဖော်ပြသည်။

ရန်ကုန်တိုင်းရှိ အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနှင့် မြောက်ပိုင်းခရိုင် ဇုန်ကြီး ၄ ခု အနက် အရှေ့ပိုင်းနှင့် မြောက်ပိုင်း ခရိုင်များတွင်သာ စက်မှုလုပ်ငန်းအများစု လုပ်ကိုင်လျက်ရှိပြီး၊ လည်ပတ်နေသော စက်ရုံပေါင်း ၄၃၀၀ ကျော်နှင့် အလုပ်သမား ၂ သိန်းခန့်ရှိကြောင်း စာရင်းဇယားများအရ သိရသည်။

အရှေ့ပိုင်းခရိုင်ရှိ စက်မှုဇုန်များတွင် တောင်ဒဂုံ စက်မှုဇုန် ၁ မှ ၃ အထိ၊ အရှေ့ဒဂုံစက်မှုဇုန်၊ ဒဂုံဆိပ်ကမ်း စက်မှုဇုန်၊ တောင်ဥက္ကလာ စက်မှုဇုန်၊ မြောက်ဥက္ကလာ စက်မှုဇုန်နှင့် သာကေတ စက်မှုဇုန်တို့ ပါဝင်သည်။

မြောက်ပိုင်းခရိုင်ရှိ စက်မှုဇုန်များတွင် လှိုင်သာယာ စက်မှုဇုန် ၁ မှ ၇ အထိ၊ ရွှေလင်ပန်း စက်မှုဇုန်၊ ငွေပင်လယ် စက်မှုဇုန်၊ ရွှေသံလွင် စက်မှုဇုန်၊ ရွှေပြည်သာ စက်မှုဇုန် ၁၊ ၂၊ ၃၊ ၄၊ သာဓုကန် စက်မှုဇုန်၊ ၀ါးတရာ စက်မှုဇုန်၊ မင်္ဂလာဒုံ စက်မှုဇုန်၊ ရန်ကုန် စက်မှုဇုန်နှင့်၊ ရွှေပေါက်ကံ စက်မှုဇုန်တို့ ပါဝင်သည်။

စက်မှုလုပ်ငန်းများတွင် လူသုံးကုန်ပစ္စည်း စက်ရုံများ၊ အထည်ချုပ် စက်ရုံများ၊ ဖိနပ် စက်ရုံများ၊ စားသောက်ကုန် စက်ရုံများမှာ အများစုဖြစ်သည်။ စက်မှုဇုန်များကို ၁၉၉၅ ခုနှစ်မှ စတင်တည်ထောင်ခဲ့ပြီး ယခုအခါ မြန်မာနိုင်ငံတဝန်းတွင် စက်ရုံပေါင်း တသိန်းကျော် ရှိနေပြီဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်