စစ် အာဏာပိုင် အသိုင်းအဝန်းတို့ ဂိုဏ်းဖွဲ့၍ လိုင်စင်မဲ့ကားများ တင်သွင်းနေ

Friday, 28 May 2010 16:53
Print
စစ်အာဏာပိုင်များ၏ သားသမီး၊ ဆွေမျိုးသားများ၊ ၎င်းတို့နှင့် နီးစပ်သော စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းကာ ပြည်တွင်းသို့ လိုင်စင်မဲ့ကားများ တရားမ၀င် တင်သွင်းသည့် လုပ်ငန်းကို ဂိုဏ်းပုံစံ အုပ်စုဖွဲ့ လုပ်ကိုင်လာကြကြောင်း သတင်းရရှိသည်။

အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံမှ လိုင်စင်မဲ့ကားများကို အုပ်စုဂိုဏ်းဖွဲ့ တင်သွင်းကြခြင်း ဖြစ်ပြီး အဆိုပါဂိုဏ်းများသည် နယ်စပ် ကုန်သွယ်ရေးလုပ်ငန်းများကို ထိန်းချုပ်ထားသည့် စစ်ဘက်၊ အရပ်ဘက် အရာရှိများနှင့် ချိတ်ဆက် လုပ်ကိုင် ကြခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

“အခု လိုင်စင်မဲ့ကား တင်သွင်းတဲ့ပုံစံက တဦးတယောက်တည်း မဟုတ်ဘူး။ ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်၊ ဗိုလ်မှူးကြီးတွေလို စစ်အရာရှိ၊ လူကြီး ဆွေမျိုး သားသမီးတွေနဲ့ စီးပွားရေးသမားတွေ ပေါင်းလုပ်ကြတယ်။ ဂိုဏ်းဖွဲ့လုပ်တော့ လုပ်နိုင်အားရော၊ လုပ်ပိုင်ခွင့်ရော ပိုကြီးသွားတယ်” ဟု စက်မှုဇုန်ကား ထုတ်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောသည်။

လိုင်စင်မဲ့ ကားတင်သွင်းသည့် ဂိုဏ်းများတွင် ဗိုလ်ချုပ်၊ ဗိုလ်မှူးချုပ်တို့၏ သားသမီး၊ ဆွေမျိုးများက ဦးဆောင်ပြီး စီးပွားရေး သမားများနှင့် နယ်မြေခံ အာဏာပိုင်များပါ ပူးပေါင်းပါဝင်နေခြင်းကြောင့် ဥပဒေကို အလွယ်တကူရှောင်လွှဲပြီး တရားမ၀င် လိုင်စင်မဲ့ ကားများကို တရားဝင်ကားများအဖြစ် အမြတ်အစွန်း များစွာဖြင့် ပြောင်းလဲ ရောင်းချကြသည်ဟု ရန်ကုန်ကားဈေးကွက်မှ
သိရသည်။

“လိုင်စင်မဲ့ ကားသွင်းတဲ့ အုပ်စုတွေက အနည်းဆုံး စစ်တိုင်းမှူး အဆင့်လောက်ထိ ပေါက်ပေါက်ရောက် ရောက်ရှိကြတဲ့ သူတွေ” ဟု ရန်ကုန် ကားပွဲစားကြီးတဦးက ဆိုသည်။

လိုင်စင်မဲ့ကား အရောင်းအ၀ယ်တွင် ရောင်းဝယ်သည့် ကားအမျိုးအစားကိုလိုက်ပြီး ငွေကျပ် သိန်းရာ၊ ထောင်ချီ အမြတ် ကျန်သည်ဟု စုံစမ်းသိရသည်။

လိုင်စင်မဲ့ ကားအများစုသည် တရားဝင် လမ်းကြောင်းများကို လာဘ်ပေးသည့် စနစ်ဖြင့် ဖြတ်ကျော်ကာ ပြည်တွင်းသို့
သယ်ဆောင် လာခြင်း ဖြစ်ပြီး ဈေးကွက်ထဲတွင် ပုံစံအမျိုးမျိုးဖြင့် ရောင်းဝယ်သည်ဟု သိရှိရသည်။

“Without (လိုင်စင်မဲ့) ကားတွေက တရားဝင်လမ်းကပဲ ၀င်တာ။ အကောက်ခွန်၊ ရဲ၊ နယ်စပ် ကုန်သွယ်ရေး၊ စစ်တပ်၊ အားလုံးကို ပေးကမ်းပြီး ၀င်လာတာ။ အားလုံးချိတ်ဆက် လုပ်ကြတာဆိုတော့ တောလမ်း၊ တောင်လမ်းတွေဖြတ်စရာမလိုဘူး။ အစိုးရ ခင်းထားတဲ့ ကတ္တရာလမ်း ပေါ်ကနေ တရားဝင် အိနြေ္ဒရှိရှိနဲ့ ၀င်လာရုံပဲ” ဟု မြ၀တီ နယ်စပ် ကုန်သည်တဦးက ပြောသည်။

ဈေးကွက်တွင် လိုင်စင်မဲ့ကားများ ရောင်းဝယ်ကြရာ၌ အစိုးရ လေလံကားများနှင့် လိုင်စင်မဲ့ ကားများ လဲလှယ်စီးနင်း ကြသည့် အရောင်းအ၀ယ်ပုံစံ၊ လိုင်စင်မဲ့ ကားများကို ပြည်တွင်း စက်မှုဇုန်ထုတ် ကားများအဖြစ် ပြောင်းလဲရောင်းဝယ် သည့်ပုံစံ၊
စီးနင်းနေသော မော်ဒယ်နိမ့်ကားကို လိုင်စင်မဲ့ကားဖြင့် လဲလှယ်စီးနင်းရန် ရောင်းဝယ် သည့်ပုံစံများရှိကြောင်း သိရသည်။

“အစိုးရလေလံပစ်တဲ့ ကားဝယ်ထားတဲ့သူတွေက လိုင်စင်မဲ့ကားနဲ့ လဲစီးလို့ရတယ်။ ဥပမာ၊ အစိုးရလေလံပစ်လိုက်တဲ့ တိုယိုတာ မတ်တူးကားအစုတ် ၀ယ်ထားသူက လိုင်စင်မဲ့ တိုယိုတာ မတ်တူး ကားအကောင်းနဲ့ လဲစီးတာမျိုး” ဟု ရန်ကုန်ကားပွဲစား တဦးကပြောသည်။

မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းများသည် လိုင်စင်မဲ့ကားများကို ပြည်တွင်း စက်မှုဇုန်ထုတ် ကားများအဖြစ် ပြောင်းလဲ တပ်ဆင် ရောင်းချခြင်းများ ရှိကြောင်းလည်း သိရသည်။

“လိုင်စင်မဲ့ကားကို ပုံစံလေးပြောင်းပြီး ထုတ်ထားတဲ စက်မှုဇုန်ထုတ်ကားတွေက ဈေးကြီးတယ်” ဟု ကား ထုတ်လုပ်ရေး လုပ်ငန်းရှင်တဦးက ပြောဆိုသည်။

ထိုသို့ လိုင်စင်မဲ့ကားမှ စက်မှုဇုန်ထုတ်ကားအဖြစ် ပြောင်းလဲထားသော ကားများသည် ၈ဂ၊ ၈ဃ၊ ၈င၊ ၈စ စသော နောက်ဆုံးပေါ် အက္ခရာ နံပါတ်များရရှိကာ ရန်ကုန်၊ မန္တလေး အပါအ၀င် မြို့ပြဒေသ လမ်းမကြီးများပေါ်တွင် မောင်းနှင်နေကြသည်ဟု သိရသည်။

စစ်အစိုးရက ၂၀၁၀ ပြည့်နှစ်၊ ဇန်န၀ါရီ ၁ ရက်နေ့မှစပြီး လုပ်ငန်းသုံး၊ ခရီးသည်တင်ယာဉ်နှင့် စက်ယန္တရား ယာဉ်ကြီးများကို ကန့်သတ်ချက် များဖြင့် စီးပွားရေး လုပ်ငန်းရှင်များကို လွတ်လပ်စွာ တရားဝင်တင်သွင်းခွင့် ပေးထားသော်လည်း အိမ်စီးဇိမ်ခံကား တင်သွင်းခွင့်ကိုမူ တင်းကျပ်စွာ ချုပ်ကိုင်ထားဆဲ ဖြစ်သည်။