ဂျင်မ် ၀က်ဘ် ခရီးစဉ် မြန်မာ့အရေး ထူးခြားမှုမရှိနိုင်ဟု ဝေဖန်ခံရ

Monday, 31 May 2010 18:07
Print
အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ၀က်ဘ်၏ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ထူးခြားသည့် နိုင်ငံရေး အပြောင်း အလဲ များကို ဖော်ဆောင်နိုင်မည် မဟုတ်ဟု ပြည်တွင်း ပြည်ပရှိ မြန်မာ့အရေး လေ့လာသူများက ဝေဖန်ပြောဆိုကြသည်။

ပြည်ပ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက “အိုဘားမား အစိုးရ လက်ထက်မှာ နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ကောင်းလာ တာကိုတော့ တွေ့ရတယ်။ သို့သော်လည်း တဘက်မှာ ကျတော့ မြန်မာ အစိုးရက လိုက်လျောတာမျိုး မရှိဘူး၊ နောက်ပြီး မြန်မာပြည်နဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရအတွက် ကြီးမားတဲ့ အကျိုးစီးပွား မရှိဘူး၊ ဒီအတွက် နှစ်နိုင်ငံ ဆက်ဆံရေးဟာ လက်တွေ့ကျလှတဲ့ အနေအထားမှာ မရှိပါဘူး ၊ ဂျင်မ်ဝက်ဘ်ရဲ့ ခရီးစဉ် အတွင်းမှာလည်း ထူးခြားတဲ့ အပြောင်းလဲ တွေကို မြင်တွေ့ရ မယ့် သဘောမရှိဘူး"ဟု ပြောသည်။

ပြည်တွင်းရှိ ၀ါရင့်နိုင်ငံရေးသမားနှင့် သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းကလည်း"မြန်မာပြည်အခြေအနေက အစိုးရအပေါ်မှာပဲ လုံးလုံးမူတည်နေတယ်၊ အစိုးရက ကောင်းကောင်းချုပ်ကိုင်နိုင်တဲ့အတွက် သူတို့လုပ်ချင်သလို လုပ်လို့ရတယ်ဆိုတဲ့သဘောနဲ့ လုပ်ကိုင်နေတာပဲ ၊ ဘယ်သူကပဲ သြဇာပေးပေး ဗိုလ်ချုပ်ကြီးတွေအနေနဲ့ကတော့ သူတို့ ကောင်းမယ်ထင်ရာ လုပ်သွားကြမှာပဲ"ဟု ဆိုသည်။

အထက်လွှတ်တော် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ နိုင်ငံခြားရေး ဆပ်ကော်မတီ ဥက္ကဌ မစ္စတာ ဂျင်မ် ၀က်ဘ်သည် ၄င်း၏ အာရှခရီးစဉ်ကို မေ ၂၉ ရက်တွင် စတင်မည်ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

တောင်ကိုရီးယား နှင့် ထိုင်းနိုင်ငံတို့ကို ဦးစွာသွားရောက်မည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ဇွန်လ ပထမ အပတ်အတွင်း ရောက်လိမ့်မည် ဟု ခန့်မှန်းနေကြသည်။

မစ္စတာ ဂျင်မ် ၀က်ဘ်သည် ယနေ့တွင် တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့သို့ ရောက်ရှိနေကြောင်း သိရသည်။

NLD ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က မစ္စတာ ဂျင်မ် ၀က်ဘ် မြန်မာနိုင်ငံသို့ လာရောက်ပါက ၄င်းအနေဖြင့် တွေ့ဆုံမည် မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

“ကျနော့်အနေနဲ့ ဒီလိုလူမျိုးကို တွေ့စရာမလိုဘူးလို့ထင်တယ် ၊ ဒေါ်စုအနေနဲ့လည်း ဂျင်မ်ဝက်ဘ်ကို တွေ့ဖို့ မကောင်းဘူးလို့ ထင်တယ် ၊ ဘာလို့လဲဆိုတော့ သူလုပ်နေတာ မြန်မာပြည်အတွက် အကျိုးကျေးဇူးများစရာအကြောင်း တခုမှ မရှိဘူး ၊ သူလုပ်နေ တာ Sanctoin တွေဘာတွေ ရုပ်သိမ်းဖို့ ကိစ္စ ၊ ဒီစစ်အစိုးရကို Sanctoin လိုဟာမျိုးနဲ့မှ ကိုင်မထားရင် ဒီမိုကရေစီ ဖော်ဆောင်ရေး ဆိုတာ မဖြစ်နိုင်ဘူး"ဟု ဦးဝင်းတင်က ဧရာဝတီသို့ ပြောသည်။

ဦးဝင်းတင်သည် ၂၀၁၀ ရွေးကောက် ပွဲဝင်ရန် တိုက်တွန်းခဲ့သည့် မစ္စတာ ဂျင်မ် ၀က်ဘ် ၏ သဘောထားကို ပယ်ချခဲ့ပြီး စေ့စပ် ဆွေးနွေးရန် အသင့်ရှိကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်သွားရန်ရှိကြောင်း ရေးသားချက်များ ပါရှိသည့် “မြန်မာလူထု အလိုမရှိသည့် ရွေးကောက်ပွဲ” An ‘Election’ Burma’s People Don’t Need အမည်ရှိ ဆောင်းပါးကို ယမန်နှစ် အတွင်းက ၀ါရှင်တန် ပို့စ် သတင်းစာတွင် ရေးသားခဲ့ဖူးသည်။

ဦးဝင်းတင်က"ဒီလူက ရွေးကောက်ပွဲကို ထောက်ခံနေတယ် ၊ တကယ်တမ်းက ဂျင်မ်ဝက်ဘ်ထင်သလို ရွေးကောက်ပွဲဟာ မြန်မာပြည် နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်တဲ့ အနေအထားမှာ မရှိဘူးလို့ ကျနော်တို့က ယူဆတယ် ၊ ဒါ့ကြောင့် ဒီလို ပုဂ္ဂိုလ်မျိုးဟာ စစ်အစိုးရနဲ့ ကျနော်တို့အကြားဝင်ပြီး ဖြေရှင်းပေးနိုင်မယ်လို့ ကျနော်တို့ မယုံဘူး"ဟု ပြောသည်။

မစ္စတာ ဂျင်မ် ၀ဘ်သည် ဒေါ်အောင်ဆန်းစုကြည်ခြံဝန်းအတွင်း တရားမ၀င် ရေကူးဝင်ရောက်ခဲ့သော အမေရိကန်နိုင်ငံသား မစ္စတာ ယက်ထောနှင့် စပ်လျဉ်း၍ ယမန်နှစ် သြဂုတ်လအတွင်းက မြန်မာနိုင်ငံသို့ ပထမအကြိမ် သွားရောက်ခဲ့ဖူးသည်။

ထိုစဉ်က  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် တွေ့ဆုံနိုင်ခဲ့သော်လည်း မြန်မာဒီမိုကရေစီရေးအတွက် ထိရောက်သော လုပ်ဆောင်မှုများမတွေ့ရသဖြင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေသူများက ဝေဖန်ပြစ်တင်ခဲ့ကြသည်။

ထိုစဉ်က မစ္စတာ ဂျင်မ် ၀က်ဘ်က စီးပွားရေးပိတ်ဆို့မှုနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံသည် တခြား တိုင်းပြည်များနှင့် ပူးပေါင်း ဆောင် ရွက်ရန် လိုအပ်ကြောင်းပြောရာ ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းပူးပေါင်းဆောင်ရွက်ရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး ကို ဦးစွာ အကောင်အထည်ဖော်ရန် လိုအပ်ကြောင်း တုံ့ပြန် ပြောဆိုခဲ့သည်။

အဆိုပါခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့်သာတွေ့ဆုံခဲ့ပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ၊ တိုင်းရင်းသားပါတီများဖြင့် တွေ့ဆုံခြင်းမရှိခဲ့ပေ။

“အရင်တခေါက်လာတုန်းကလည်း ကျနော်တို့ CRPP တို့ ၊ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ သူမတွေ့ဘူး ၊ နအဖရဲ့ အစီစဉ် အတိုင်းပဲ သူကတွေ့တာလား ၊ သူကိုယ်တိုင်ကပဲ တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့ မတွေ့ချင်တာလားတော့ မသိဘူး ၊ သူ့ သဘောထားက ဒီမိုကရေစီ အင်အားစုတွေ ၊ တိုင်းရင်းသားတွေ ကြိုးပမ်းနေတဲ့ နိုင်ငံရေးလုပ်ဆောင်ချက်အပေါ် အာရုံမစိုက်ဘဲနဲ့ နအဖရဲ့ လုပ်ဆောင်ချက်တွေကိုပဲ အားပေးအားမြှောက်ပြုနေသလိုဖြစ်တဲ့အတွက် ဒီတခေါက်လာရင်လည်းပဲ တိုင်းရင်းသားခေါင်း ဆောင်တွေနဲ့ တွေ့လိမ့်မယ်လို့ မျှော်လင့်မထားဘူး"ဟု ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) အတွင်းရေးမှူး ဦးအေးသာအောင် က ပြောသည်။

နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရေးသည် အမေရိကန်အစိုးရ၏ နံပါတ် ၁ တောင်းဆိုချက်ဖြစ်သော်လည်း ဂျင်မ် ၀က်ဘ်၏ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ကိုမင်းကိုနိုင် တို့ကဲ့သို့သော အထင်ကရ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် နအဖ စစ်အစိုးရကို နားချနိုင်လိမ့်မည်မထင်ကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောင့်ရေး အသင်း (AAPP) တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က သုံးသပ်ပြောဆိုသည်။

မစ္စတာ ဂျင်မ် ၀က်ဘ်၏ ခရီးစဉ်မတိုင်မီ မေလဆန်းပိုင်းကလည်း အမေရိကန်အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ် ကမ်းဘဲလ် လာရောက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သေးသည်။