ဘဏ်အသစ်များကို ရန်ကုန် ကြိုဆို

Monday, 14 June 2010 14:42
Print
လာမည့် လပိုင်းအတွင်း ထပ်မံ ပေါ်ပေါက်လာမည့် ပုဂ္ဂလိက ဘဏ်များကို ရန်ကုန် ဒေသခံ အများအပြားက ကြိုဆိုကြဖွယ် ရှိကြောင်း ဧရာဝတီက ကောက်ယူသည့် စစ်တမ်း တခုတွင် တွေ့ရသည်။

စစ်တမ်းတွင် ပါဝင်သူ ၁၅ဝ အနက် ၈၇ ဦးက ပုဂ္ဂလိက ဘဏ်များ ပေါ်ပေါက် လာခြင်းကို ကောင်းသည်ဟု မြင်ကြသည်။ မကောင်းကြောင်း မှတ်ချက်ချသူ ၄၂ ဦး ရှိပြီး ကျန် ၂၁ ဦးက ဖြေဆိုခြင်း မရှိပေ။

အသက် ၅၂ နှစ်အရွယ်၊ အထည်အလိပ် ကုန်သည် တဦးက “အစိုးရနဲ့ နီးစပ်တဲ့ သူတွေကိုပဲ ဖွင့်ခွင့်ပေးတယ် ဆိုတာ မဆန်းပါဘူး၊ ဘယ်သူတွေ ဖွင့်တာပဲ ဖြစ်ဖြစ် ပုဂ္ဂလိက ဘဏ်တွေ များလာတာ ကောင်းပါတယ်” ဟု ဆိုသည်။

အများပြည်သူက ရွေးချယ်ခွင့် ပိုမို ရရှိလာမည် ဖြစ်ပြီး ငွေစုလိုသူများ၊ ငွေချေးလိုသူများ အဆင်ပြေနိုင်ကြောင်း မင်္ဂလာဈေးမှ အသက် ၄ဝ အရွယ် ကုန်သည်တဦးက ပြောသည်။

“အခုဆို ဘဏ်တွေမှာ ငွေလွှဲတာလောက်ပဲ လုပ်လို့ ရတော့ သိပ် အဆင်မပြေဘူး။ အသစ်ဖွင့်မယ့် ဘဏ်တွေ အနေနဲ့ နိုင်ငံတကာ အဆင့်မီ လုပ်နိုင်ကြမယ် ဆိုရင်တော့ ကောင်းပါတယ်” ဟု အသက် ၅ဝ ဝန်းကျင် ဆေးကိုယ်စားလှယ်တဦးက ဆိုသည်။

“ဘဏ်လုပ်ငန်း ကျွမ်းကျင်တဲ့သူတွေ အလုပ်အကိုင် အခွင့်အလမ်း ပိုရလာမှာ ဖြစ်တဲ့အတွက် ကောင်းတယ်လို့ မြင်တယ်” ဟု ရုံးဝန်ထမ်း လူငယ် တဦးက ပြောသည်။

ဧရာဝတီ၏ စစ်တမ်းကို ဖြေဆိုသူ အားလုံးက ထိုဘဏ်များသည် ပြည်သူလူထု၏ ယုံကြည်မှုကို အလွဲသုံးစား မလုပ်မိစေရန် အရေးကြီးကြောင်း၊ ၂ဝဝ၃ ခုနှစ်က ပုဂ္ဂလိကဘဏ်တချို့ ဒေဝါလီ ခံခဲ့ရသည့် အဖြစ်မျိုး ထပ်မံ မပေါ်ပေါက်စေရန် ကြိုးပမ်းသင့်ကြောင်း ပြောဆိုကြသည်။

ပုဂ္ဂလိက ဘဏ်အသစ်များ ပေါ်ပေါက်လာမည့် အခြေအနေကို မနှစ်သက်သူတချို့ကလည်း ဘဏ်များ ထိုသို့ ဒေ၀ါလီ ခံရသည့် ဖြစ်ရပ်ကို ထောက်ပြကြသည်။

အစိုးရ အရာရှိတဦးက “ငွေချေးလို့ ရတဲ့အတွက် လူတွေက ငွေကို လွယ်လွယ် ချေးလာကြလိမ့်မယ်။ ပြီးတော့ မဟုတ်တဲ့ နေရာမျိုးတွေမှာလည်း သုံးလာကြတော့မယ် ဆိုတော့ မကောင်းဘူးလို့ မြင်တယ်။ ၂ဝဝ၃ တုန်းကလို ငွေကြေး ပြဿနာတွေလည်း ထပ် ပေါ်လာနိုင်တယ်” ဟု သုံးသပ်သည်။

“ပုဂ္ဂလိက ဘဏ်လုပ်ငန်း တော်တော်များများက မရိုးသားကြဘူး။ ငွေမည်းကို ငွေဖြူလုပ်လို့ရတဲ့ နေရာမျိုးပဲ။ အဲဒါကြောင့် အားမပေးချင်ဘူး” ဟု အသက် ၄ဝ ဝန်းကျင် စာရင်းကိုင် အမျိုးသမီး တဦးက ပြောသည်။

စစ်အစိုးရက ၎င်းတို့နှင့် နီးစပ်သော လုပ်ငန်းရှင်တို့အား ပုဂ္ဂလိက ဘဏ် ဖွင့်ခွင့် ပေးလိုက်ခြင်းမှာ ထို လုပ်ငန်းရှင်တို့၏ တရား မဝင်သော လုပ်ငန်းများကို အကာအကွယ် ပေးလိုက်ခြင်း ဖြစ်သည်ဟု မြင်ကြောင်း သူက ပြောဆိုသည်။

အသစ် ပေါ်လာမည့် ဦးတေဇ၏ အေးရှားဂရင်းဘဏ်၊ ဦးဇော်ဇော်၏ ဧရာဝတီဘဏ်၊ ဦးနေအောင်၏ အမရာဘဏ်၊ ဦးချစ်ခိုင်၏ မြန်မာ့ရှေ့ဆောင်ဘဏ်တို့က ဝန်ထမ်းများခေါ်ယူ ခန့်အပ်ပြီး ဘဏ်နေရာ ရွေးချယ် ဆောက်လုပ်နေကြကြောင်း၊ နေပြည်တော်၊ ရန်ကုန်၊ ပခုက္ကူ၊ ပုသိမ်၊ ပြည်၊ တောင်ကြီး၊ မန္တလေး တို့တွင် စတင် ဖွင့်လှစ်နိုင်ရေး အတွက် ပြင်ဆင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ၂ဝဝ၃ ခုနှစ်က အကျိုးဆောင် လုပ်ငန်းများနှင့် မြန်မာမေဖလားဝါးဘဏ်၊ အာရှဓနဘဏ် စသည့် ပုဂ္ဂလိက ဘဏ်များ ဖျက်သိမ်းခဲ့ရသောကြောင့် ထိုလုပ်ငန်းများနှင့် ဆက်စပ်သူတို့မှာ ငွေကြေးဆုံးရှုံးခဲ့ရသည်။

အခြေခံလူတန်းစားများကမူ ဘဏ်အသစ်များ ပေါ်ပေါက်လာတော့မည့် သတင်းကို စိတ်ဝင်စားမှု မရှိဟု ဆိုကြသည်။ သုံးသပ်ချက် ပေးကြခြင်းလည်း မရှိပေ။

စစ်တမ်းတွင် ပါဝင်သူတို့မှာ စီးပွားရေးသမား အများစုဖြစ်ပြီး ရုံးဝန်ထမ်း၊ လက်လုပ်လက်စားတချို့လည်း  ပါဝင်သည်။

အများပြည်သူ၏ ငွေကြေးဖြင့် လည်ပတ်ရသော ဘဏ်လုပ်ငန်းသည် ဝန်ဆောင်မှု ကောင်းရုံတင်မက၊ ဘဏ်တည်ထောင်သည့် လုပ်ငန်းရှင်အပေါ် အများပြည်သူက မည်မျှ စိတ်ချယုံကြည်သည် ဆိုသည့် အချက်ကလည်း အရေးပါကြောင်း အစိုးရဘဏ် ဝန်ထမ်းဟောင်း တဦးက ပြောဆိုသည်။

လက်ရှိ ပုဂ္ဂလိက ဘဏ်များမှာ ရိုးမဘဏ်၊ အင်းဝဘဏ်၊ ကမ္ဘောဇဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ပထမ ပုဂ္ဂလိကဘဏ်၊ မြန်မာ့အရှေ့တိုင်း ဘဏ်၊ ထွန်းဖောင်ဒေးရှင်းဘဏ်၊ သမဝါယမဘဏ်၊ နယ်စပ် စည်ပင် သာယာရေးဘဏ်၊ Asia Yangon International Bank၊ မြန်မာ့မွေးမြူရေးနှင့် ရေလုပ်ငန်းဖွံ့ဖြိုးရေးဘဏ်၊ ရတနာပုံဘဏ် ၊ မြဝတီဘဏ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဘဏ် တို့ ဖြစ်ကြသည်။