အီးယူ၊ အမေရိကန် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး တောင်းဆို

Friday, 24 October 2008 07:00
Print

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နေရသည့်ကာလမှာ သက်တမ်း ၁၃ နှစ် ပြည့်မြောက်ပြီဖြစ်သဖြင့် ၎င်းအားအမြန်ဆုံးလွှတ်ပေးရန်

အမေရိကန်နိုင်ငံခြားရေးဌာနက စစ်အစိုးရကို တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားနှစ်ထောင်ကျော်ကို ခြွင်း ချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ထပ်မံ တောင်းဆိုသည်ဟု ယမန်နေ့ကထုတ် ပြန်သည့် အမေရိကန် နိုင်ငံခြားရေးဌာန ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ဥရောပပါလီမန်ကလည်း တရုတ်နိုင်ငံရှိ မြို့တော်ဘေဂျင်း၌ ယနေ့နှင့် မနက်ဖြန် ၂ ရက် ကျင်းပမည့် ဥရာပ အာဆီယံ ထိပ်သီးခေါင်းဆောင်များ အစည်းဝေး ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက် ရေးကို တောင်းဆိုမည်ဖြစ်ကြောင်း သိရသည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ် ဇူလိုင်လ၊ ၂၀၀၀ ခုနှစ် စက်တင်ဘာလနှင့် ၂၀၀၃ ခုနှစ် မေလတို့ တွင် အကျယ်ချုပ် ၃ ကြိမ် ချမှတ်ခဲ့သည်။

ယခုလ ၉ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်ကျခံနေရခြင်းနှင့်ပတ်သက်၍ နေပြည်တော်တွင် အယူခံ တင်ခဲ့သည်ဟု ၎င်း၏အကျိုးဆောင်ရှေ့နေ ဦးကြည်ဝင်းက ဧရာဝတီကို ပြောဆိုသည်။

အယူခံလွှာနှင့်စပ်လျှင်း၍ ရှေ့နေ ဦးကြည်ဝင်းအား စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်နှင့် ၅ ကြိမ် တွေ့ဆုံခွင့်ပြုခဲ့ပြီး နောက်တကြိမ်တွေ့ခွင့်ထပ်ရရန် ရှေ့နေ ဦးကြည်ဝင်းက တောင်းဆိုထားကြောင်း သိရသည်။

ကမ္ဘာတ၀န်းရှိ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသူများက အစည်းဝေးပွဲများနှင့် ဆန္ဒပြပွဲများကို ယနေ့ပြုလုပ်ကြမည် ဖြစ်သည်။

အမေရိကန်အခြေစိုက် မြန်မာ့အရေးလှုပ်ရှားသူများအဖွဲ့ (USCB) ကလည်း စစ်အစိုးရကို ထောက်ခံအားပေးနေသည့် တရုတ်အစိုးရအား ရှုတ်ချသည့်အနေနှင့် ၀ါရှင်တန်မြို့တော်ရှိ တရုတ်သံရုံးရှေ့တွင် ယနေ့ ကန့်ကွက်ဆန္ဒပြမည်ဟု လွန်ခဲ့သည့် ဗုဒ္ဓဟူးနေ့ကတည်းက ကြေညာထားသည်။