မန္တလေးတိုင်း အန်အယ်လ်ဒီ ပါတီဝင်များကို ထောင်ဒဏ်ချမှတ်

Friday, 24 October 2008 07:00
Print

မန္တလေးတိုင်းမှ အန်အယ်လ်ဒီ ပါတီဝင်များဖြစ်ကြသည့် ဒေါ်ဝင်းမြမြ၊ ဦးသန်းလွင်၊ ဦးတင်ကိုကို၊ ဦးမင်းသူ၊ ဦးဝင်းရွှေနှင့် ဦးကံထွန်းတို့ကို ယနေ့နံနက်ပိုင်းက ထောင်ဒဏ် အသီးသီးချမှတ်

လိုက်သည်ဟု အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက အတည်ပြုပြောဆိုသည်။

စစ်အစိုးရက မန္တလေးတိုင်း အတွင်းရေးမှူး ဦးကံထွန်းနှင့် စည်းရုံးရေးကော်မတီဝင် ဒေါ်ဝင်းမြမြကို ထောင်ဒဏ် ၁၂ နှစ်စီ ချမှတ်ပြီး မန္တလေးတိုင်း မတ္တရာမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းလွင်ကို ၈ နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

မိုးကုတ်မြို့နယ်မှ အန်အယ်လ်ဒီ အဖွဲ့ဝင် ဦးမင်းသူအား ထောင်ဒဏ် ၁၃ နှစ်၊ ကျောက်ပန်းတောင်းမြို့နယ်မှ ဦးဝင်းရွှေအား ထောင်ဒဏ် ၁၁ နှစ်၊ မတ္ထီလာမြို့နယ်မှ ဦးတင်ကိုကိုအား ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

အဆိုပါ အန်အယ်လ်ဒီ ပါတီဝင်များ အပြစ်ဒဏ်ချမှတ်ခံရခြင်းနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက ၎င်းတို့သည် မည်သည့် အပြစ်ကိုမျှ ကျူးလွန်ခြင်းမရှိသဖြင့် အပြစ်ဒဏ်ချမှတ်ခြင်းသည် တရားမျှတမှုမရှိကြောင်း ပြောဆိုသည်။

အဆိုပါ အန်အယ်လ်ဒီ အဖွဲ့ဝင်များကို စစ်အစိုးရက ၂၀၀၇ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလများအတွင်းက ဖမ်းဆီးခဲ့ပြီး အစည်းအဝေးပြုလုပ်ဟူသည့် အကြောင်းပြချက်ဖြင့် ဖမ်းဆီးခြင်း ဖြစ်သည်။

၎င်းတို့အား ဥပဒေပုဒ်မ ၅၀၅ (ခ) နှင့် ၁၅၃ (က) တို့ဖြင့်တရားစွဲဆိုကာ အမိန့်ချလိုက်ခြင်းဖြစ်သည်ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောသည်။

နိုင်ငံခြားသံတမန်နှင့် တွေ့ဆုံသည့်အတွက် ပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲခံရခြင်းဖြစ်ပြီး အစည်းအဝေးပွဲက ချမှတ်သည့် ဆုံးဖြတ်ချက်များကြောင့် ပုဒ်မ ၁၅၃ (က) ဖြင့်တရားစွဲခံရခြင်းဖြစ်သည်ဟု အေအေပီပီအဖွဲ့၏ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

အဆိုပါအစည်းအဝေးပွဲ၏ ဆုံးဖြတ်ချက်များတွင် နအဖအဖွဲ့က အန်အယ်လ်ဒီ ပါတီနှင့် တွေ့ဆုံဆွေးနွေးရန်၊ ဒေါ်အောင်ဆန်း စုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦးတို့အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်နှင့် ငြိမ်းချမ်းစွာဆန္ဒပြသူများအား အာဏာပိုင်တို့က အကြမ်းဖက် နှိမ်နင်းမှုများ မလုပ်ရန်တို့ ပါဝင်သည်။