မယ်လ ဒုက္ခသည်စခန်း သွေးလွန်တုပ်ကွေးဖြစ်၊ သေဆုံးသူ ၅ ဦး အထိရှိလာ

Tuesday, 13 July 2010 15:20
Print
ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည် စခန်းတွင် ယခုနှစ် အတွင်း သွေးလွန် တုပ်ကွေး ရောဂါ ဖြစ်ပွားသူ  ၅၀၀ ခန့် ရှိပြီး သေဆုံးသူ ၅ ဦး အထိ ရှိလာကြောင်း စခန်း တာဝန်ရှိသူများက ပြောသည်။

“သွေးလွန် တုပ်ကွေးဖြစ်တဲ့ လူနာတွေ တစ်ရက်ကို အနည်းဆုံး ၅ ယောက်၊ ၁၀ ယောက်လောက်  ဆေးရုံ လာတက်တယ်”ဟု မယ်လ ဒုက္ခသည်စခန်း ဆေးရုံမှ ကျန်းမာရေး တာဝန်ခံ စောနေဆဲက ဧရာဝတီသို့ ပြောသည်။

ယခုနှစ် အတွင်း သွေးလွန် တုပ်ကွေး ဖြစ်ပွားခဲ့သူ များထဲမှ အသက် ၂ နှစ် အရွယ် ၁ ဦး၊ ၃ နှစ်အရွယ် ၁ ဦးနှင့် ၇ နှစ်အရွယ် ၁ ဦး အပါအ၀င် အသက် ၄၀ ကျော်အရွယ် ၂ ဦး သေဆုံး ခဲ့ကြောင်း ၎င်းက ဆိုသည်။

သက်ဆိုင်ရာ ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက ရောဂါ ဖြစ်သူများ၏ နေအိမ်များသို့ သွားရောက်၍ သွေးလွန် တုပ်ကွေး ရောဂါ ကာကွယ်ရေးနှင့် ကျန်းမာရေး ပညာပေးရေး အစီအစဉ် များကိုလည်း ဆောင်ရွက် ပေးကြောင်း သိရသည်။ 

ယင်း ဒုက္ခသည် စခန်းတွင် သွေးလွန်တုပ်ကွေးအပြင် ကူးစက်ရောဂါ ဖြစ်ပွားသည့် လူနာများလည်း များပြားလာကြောင်း စောနေဆဲက ပြောသည်။  

လွန်ခဲ့သည့် မေလ နောက်ဆုံးပတ်မှစတင်၍ ယနေ့ အထိ ကူးစက် ၀မ်းရောဂါ ဖြစ်ပွားသူ လူဦးရေ ၃၀၂ ခန့်ကိုလည်း ဆေးကုသ ပေးခဲ့ရကြောင်း ၎င်းက ဆိုသည်။

ကူးစက် ရောဂါ ဖြစ်ပွားသူများတွင် အသက် ၅ နှစ်နှင့် အထက် ကလေးငယ်များနှင့် လူကြီးများ ပါဝင်ကြောင်း၊ မယ်လ ဒုက္ခသည် စခန်းရှိ ဆေးရုံ တာဝန်ခံများက ပြင်သစ် အခြေစိုက် နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အဖွဲ့ အစည်း တခုဖြစ်သော Aide Medical International (AMI) နှင့် ပူးတွဲ လုပ်ဆောင်နေကြောင်း သိရသည်။

မယ်လ ဒုက္ခသည်စခန်းတွင် လူဦးရေ ၄၀၀၀၀ ခန့် နေထိုင်လျက်ရှိပြီး ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် ဒုက္ခသည် စခန်း ၉ ခု ရှိသည်။

ထိုဒုက္ခသည်များသည် ၁၉၈၃ မှ စတင်၍ မြန်မာ စစ်အစိုးရတပ်များ ၏ ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးလာကြသူများ ဖြစ်သည်။