ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး မဟာဗျူဟာ

E-mail Print
“ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ပထမ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် ဒုတိယ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးသည် တတိယ”။ ယင်းသည် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ခေါင်းဆောင်သည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး သန္နိဋ္ဌာန်ဖြစ်သည်။

“၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် လတ်တလော ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ” အမည်ရှိ USDP ပါတီ၏ ပညာရေးဌာနကြီးမှ ထုတ်ပြန်ချက်တွင် ရွေးကောက်ပွဲ မဲဆွယ်ကာလတခုလုံးကို လွှမ်းမိုးထားနိုင်ရေးနှင့် ရွေးကောက်ပွဲနေ့တွင် အပြတ်အသတ် အောင်နိုင်ရေး လမ်းညွှန်ချက်မှာ ပါရှိသည်။

ယင်းညွှန်ကြားချက်၏ ထူးခြားချက်မှာ လက်ရှိနိုင်ငံရေးအပေါ် ဝေဖန်သုံးသပ်ထားပြီး  USDP အနိုင် ရရှိနိုင်မှု အလားအလားကိုပါ တွက်ချက်ထားသည်။

“ယခုလက်ရှိတွင် မိမိတို့ပါတီနှင့် အဓိကယှဉ်ပြိုင်နိုင်သည့် ပါတီကြီး မရှိတော့ခြင်း၊ ကျန်ပါတီငယ်များမှာ မိမိတို့ပါတီကို ယှဉ်ပြိုင်နိုင်ရန် အဘက်ဘက်မှ ပြည်စုံမှုမရှိခြင်း၊ ကြိုတင်ပြင်ဆင်မှု မရှိခြင်း၊ မိမိတို့ပါတီမှာ အဆင့်ဆင့် စနစ်တကျ ဖွဲ့စည်းထားပြီး အင်းအားတောင့်တင်းစွာဖြင့် ပြည်သူ၏ လိုလားထောက်ခံမှုကို ရရှိထားခြင်းတို့ကြောင့် အနိုင်ရရှိရန် အလားအလာကောင်းများ ပိုင်ဆိုင်ထားသည်” ဟု USDP သုံးသပ်ထားသည်။

ထို့အပြင် လွန်ခဲ့သော အနှစ် ၂၀ လုံးလုံး မကြားခဲ့ရသော ၁၉၉၀ ရွေးကောက်ပွဲရလဒ်အပေါ် စစ်ခေါင်းဆောင်များ၏ ဝေဖန် သုံးသပ်ထားချက်ကို  USDP ၏ ဤရွေးကောက်ပွဲ အောင်နိုင်ရေး လုပ်ငန်းစဉ်တွင် တွေ့ရသည်။

“၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ၌ မဲရုံမှူးများ၏ ဘက်လိုက် ဆောင်ရွက်မှုများကြောင့် NLD ပါတီအများစု အနိုင်ရသွားသည့် ဖြစ်စဉ်အပေါ် သင်ခန်းစာယူပြီး ယခုရွေးကောက်ပွဲ၌ ယင်းသို့သော မသမာမှုများ မလုပ်နိုင်အောင် ထိန်းသိမ်းကာကွယ်ရမည်” ဟု ၁၉၉၀ ရွေးကောက်ပွဲကို ကျင်းပခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ကို စွပ်စွဲထားသည်။

၁၉၉၀ ရွေးကောက်ပွဲနေ့ မတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလတွင် ရွေးကောက်ပွဲကော်မရှင်သည် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ တဖြစ်လဲ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) ကို မျက်နှာသာပေးခဲ့ပြီး စစ်တပ်နှင့် ရဲတို့က သွယ်ဝိုက်၍ အကာအကွယ် ပေးခဲ့သည်။

မြန်မာပြည်သူများ၏ ၁၉၉၀ ရွေးကောက်ပွဲ၌ လိမ္မာပါးနပ်မှုကို သိထားသော USDP ၏ စစ်ဗိုလ်ချုပ်တဖြစ်လဲ ပါတီခေါင်းဆောင် များသည် ၂၀၁၀ ရွေးကောက်ပွဲတွင် ပြည်သူ့ဆန္ဒမဲများကို ကျုံးသွင်းရယူရန် ကြိုးစားနေသည်ဟု လေ့လာသူများက ထောက်ပြကြသည်။

ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီများကို ဗဟိုအဆင့်မှစ၍ အဆင့်ဆင့် စနစ်တကျဖွဲ့စည်းထားပြီး ရပ်ကွက်ကျေးရွာ အဆင့်များတွင် စည်းရုံးရေးအကူအဖွဲ့၊ ဆော်သြရေးအဖွဲ့၊ သယ်ယူပို့ဆောင်ရေးအဖွဲ့၊ ဧည့်ခံမဏ္ဍပ်နှင့် ဧည့်ခံကျွေးမွေးရေး အဖွဲ့၊ စောင့်ကြည့်လေ့လာ ကြပ်မတ်ရေးအဖွဲ့၊ မဲရုံကိုယ်စားလှယ်များ ဟူ၍ ဖွဲ့စည်းရန် USDP ၏ ရွေးကောက်ပွဲအောင်နိုင် ရေးလုပ်ငန်းစဉ်တွင် ဖော်ပြထားသည်။

စည်းရုံးရေးအကူအဖွဲ့ကို ရပ်ကွက်ကျေးရွာတိုင်းတွင် မြို့နယ်အမှုဆောင်တဦး သို့မဟုတ် ပါတီကေဒါတဦး အပါအ၀င် အဖွဲ့ဝင် ၃ ဦးဖြင့် ဖွဲ့စည်း၍ တအိမ်တက်ဆင်း စည်းရုံးသည့် ဗျူဟာကို ချမှတ်ထားပြီး ကျေးရွာနှင့် ရပ်ကွက်ထဲမှ ရာဇ၀င်လူဆိုးများကို ပစ်မှတ်ထား စည်းရုံးခြင်းသည် ၎င်းတို့၏ အဓိကတာဝန်များထဲတွင် ပါဝင်သည်။

“လူဆိုးလူမိုက် စာရင်းဝင်များကိုပါ ထိတွေ့ စည်းရုံးထားကြရမည်။ မိမိတို့က မစည်းရုံးနိုင်ဘဲ အခြားပါတီများက ချဉ်းကပ်ပြီး ၎င်းတို့ကို အသုံးချလျက် မိမိတို့ကို ထောက်ခံသူများကို ရန်မူခြင်း၊ ခြိမ်းခြောက်ခြင်း၊ မိုက်ကြေးခွဲခြင်း၊ အနိုင်ကျင့်ခြင်းများ ရှိလာနိုင်သည်” ဟု ဆိုသည်။

ဆော်သြရေးအဖွဲ့ကို အဖွဲ့ဝင် ၂ ဦးဖြင့်ဖွဲ့စည်းပြီး မဲဆန္ဒရှင်တိုင်း မဲပေးရန်နှင့် ၎င်းတို့ပါတီကို မဲပေးရန် အဓိက လုပ်ဆောင်မည် ဖြစ်သည်။

ရွေးကောက်ပွဲနေ့တွင် ဆော်သြရေးအဖွဲ့၏ အဓိကတာဝန်မှာ “ကျေးရွာ ရပ်ကွက်များအတွင်းရှိ မဲဆန္ဒရှင် အားလုံးကို စုစည်းပြီး အိုးစည်ဒိုးပတ်ဝိုင်းများ၊ အကများ၊ အသံချဲ့စက်များဖြင့် ပြည်ခိုင်ဖြိုးပါတီ၏ အလံများကိုင်ဆောင်ပြီး သွားရောက် မဲပေးနိုင်အောင် စည်းရုံးဆော်သြရမည်” ဟု ဖော်ပြထားသည်။

သယ်ယူပို့ဆောင်ရေး အဖွဲ့ကို အဖွဲ့ဝင် ၂ ဦးဖြင့် ဖွဲ့စည်းပြီး မဲဆန္ဒရှင်များကို မဲရုံသို့ ပိုဆောင်ရန် “ဆိုက်ကား၊ မြင်းလှည်း၊ နွားလှည်း၊ ဆိုင်ကယ်၊ ထော်လာဂျီနှင့် မော်တော်ကား” များ စီစဉ်ထားရန် တာဝန်ပေးထားသည်။ ထို့အတူ ဧည့်ခံမဏ္ဍပ်နှင့် ဧည့်ခံကျွေးမွေးအဖွဲ့ကို လူအင်းအား အလုံအလောက်ဖြင့် ဖွဲ့စည်းရန် ညွှန်ကြားထားပြီး မဲရုံတိုင်းတွင် မဏ္ဍပ်ထိုးရန် ဖြစ်သည်။

“မဲလာထည့်သော မဲဆန္ဒရှင်များ ခေတ္တထိုင်ပြီး အနားယူနိုင်ရန် ထိုင်ခုံ၊ ဖျာ၊ သောက်ရေသန့်၊ လက်ဖက်၊ အချိုရည်များဖြင့် အဆာ ပြေဧည့်ခံနိုင်အောင် ဆောင်ရွက်ရမည်” ဟု ထိုညွှန်ကြားလွှာက ဆိုထားသည်။

ယခု USDP ပါတီ၏ ရွေးကောက်ပွဲနေ့ လုပ်ငန်းစဉ်က ထွက်ရှိမလာသေးသော ရွေးကောက်ပွဲကော်မရှင်၏ မဲဆွယ်ခွင့် ဥပဒေကို ကြိုပြီးသိရှိနေသည့်အလား အသေးစိတ် ညွှန်ကြားထားသည်ကို တွေ့ရသည်။ နိုင်ငံတကာ ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲနေ့များ၌ ပါတီများ မဲဆွယ်စည်းရုံးခြင်းကို တားမြစ်လေ့ရှိသည်။

ရွေးကောက်ပွဲနေ့တွင် မဲရုံ အတွင်းနှင့်အပြင် အဖွဲ့နှစ်ဖွဲ့ ပူးပေါင်းလှုပ်ရှားရန် USDP က စီစဉ်ထားသည်။ ပါတီ၏ မဲရုံကိုယ်စားလှယ် နှစ်ဦးစီက မဲရုံအတွင်း ဖြစ်စဉ်အသေးစိတ်ကို မှတ်တမ်းတင်ရမည်ဖြစ်ပြီး မဲရုံပြင်ပတွင် စောင့်ကြည့်လေ့လာ ကြပ်မတ်ရေးအဖွဲ့က မဲရုံဝန်းကျင်တွင် ၎င်းတို့၏ အတိုက်အခံပါတီများ လှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်ရန် ဖြစ်သည်။

မဲရုံ အတွင်းအပြင်တွင် ဖြစ်ပွားသော မဲမသမာမှုများကို အတွင်းအပြင်အဖွဲ့များ ပေါင်းစပ်ပြီး အထက် အဆင့်ဆင့်ကို အလျင်အမြန် သတင်းပို့ရန် ညွှန်ကြားထားသည်။

“လိုအပ်ပါက ဓာတ်ပုံ၊ ဗီဒီယိုမှတ်တမ်းများ ရယူထားနိုင်ရေးအတွက် နယ်မြေအလိုက် ဓာတ်ပုံကင်မရာ၊ ဗီဒီယိုကင်မရာများ အသုံးပြုပြီး မှတ်တမ်းတင် ဆောင်ရွက်ရမည်” ဟု  USDP က ၎င်းတို့၏ စောင့်ကြည့် လေ့လာရေး အဖွဲ့များကို ညွှန်ကြားထားသည်။

ညွှန်ကြားလွှာ၏ အဆုံးတွင် “အမှိုက်က စ ပြာသာဒ်မီးလောင် မဖြစ်ရအောင်၊ မြင်းခွာသံမှို တချောင်းလိုသဖြင့် စစ်ပွဲကြီးတပွဲလုံး မရှုံးနိမ့်ရအောင်” ဟု ဆိုထားပြီး “ဆန့်ကျင်ဖက်အုပ်စုများ ပေါင်းမိသွားပါက မိမိတို့သည် အလိုလိုနေရင်း ၎င်းတို့၏ ဘုံရန် သူဖြစ်လာနိုင်သည်” ဟု ပါတီဝင်များကို သတိပေးထားသည်။ ပါတီဝင်များအကြား အနိုင်ရမည်မှာ သေချာသည်ဟု ယုံကြည်မှု လွန်ကဲခြင်း (Over Confidence) မဖြစ်ရန်လည်း သတိပေးထားသည်။

USDP သည် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကြီး (USDA) ကို အမွေခံထားခြင်းဖြစ်၍ ထိုကဲ့သို့ လူအင်အား၊ ငွေအင်းအားနှင့် လက်ရှိ စစ်အစိုးရ၏ အာဏာကို တိုက်ရိုက်တမျိုး သွယ်ဝိုက်တဖုံ အတားအဆီးမရှိ အသုံးချပြီး ရွေးကောက်ပွဲကို အပိုင်စီးရန် ယခု အောင်နိုင်ရေးမဟာဗျူဟာကို ချမှတ်ထားခြင်းက သက်သေပြနေသည်ဟု လေ့လာသုံးသပ်သူတချို့က ပြောဆိုသည်။

ဧပြီလ ၂၉ ရက်နေ့တွင် လက်ရှိ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်နှင့် အစိုးရ၀န်ကြီး၊ အရာရှိကြီး ၂၆ ဦးတို့သည် ၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သို့ USDP ပါတီကို တည်ထောင်ခွင့် လျှောက်ထားပြီး ဇွန်လ ၈ ရက်နေ့၌ ပါတီ မှတ်ပုံတင်ခွင့် ကျထားသည်။

ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် နိုင်ငံရေးပါတီ ၄၆ ခုတို့က နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက် လက် တည်ထောင်ခွင့်တို့ကို လျှောက်ထားခဲ့ပြီး ပါတီမှတ်ပုံ တင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ အနက် ၃၉ ပါတီကို ရွေးကောက်ပွဲ ကော်မရှင်က မှတ်ပုံတင်ခွင့် ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

၃၉ ပါတီ အနက် ယနေ့အထိ ပါတီဝင်အင်အားစာရင်း တင်ပြပြီးသည့် ပါတီမှာ ၁၀ ပါတီရှိပြီဖြစ်သည်။ USDP သည် ရွေးကောက်ပွဲ ကော်မရှင်သို့ ပါတီဝင်အင်အား တင်ပြသည်ကို ယနေ့အချိန်အထိ မတွေ့ရှိရသေးပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်