မြန်မာ့ ကုန်သွယ်ရေးရုံး တရုတ်တွင် ဖွင့်မည်

Monday, 27 September 2010 18:17
Print
မြန်မာ စစ်အစိုးရနှင့် တရုတ်အစိုးရတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံ ကွမ်းဇီး (Guangxi) ပြည်နယ်၊ နန်နင်းမြို့တွင် မြန်မာနိုင်ငံ စီးပွားရေးဆိုင်ရာ ကုန်သွယ်ရေးရုံး (Myanmar Liaison Office) ကို လာမည့် နိုဝင်ဘာလတွင်ဖွင့်လှစ် မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြန်မာနိုင်ငံတွင် တရုတ်စီးပွားရေး ကုမ္ပဏီများ ပိုမိုရင်းနှီးမြှုပ်နှံလာရန်နှင့် တရုတ်နှင့် မြန်မာ ကုန်သွယ်ရေး ပိုမိုတိုးမြှင့်နိုင်ရန် ရည်ရွယ်ပြီး မြန်မာ့ကုန်သွယ်ရေးရုံးကို တရုတ်နိုင်ငံတွင် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန် မြို့တွင် ကျင်းပသော ရွှေနိုင်ငံ အရှေ့အာရှ ဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီ၏ နှစ်ပတ်လည် အစည်းအဝေး၌  ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင်က ပြောခဲ့သည်။

“ရုံးဖွင့်ပြီးရင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုတွေ မြန်မာနိုင်ငံမှာ တိုးတက်လာမယ်” ဟု ဦးဝင်းအောင်က ဆိုသည်။

ကွမ်းဇီးပြည်နယ်၊ နန်နင်းမြို့တွင် မြန်မာ့ကုန်သွယ်ရေးရုံး ဖွင့်လှစ်ရန် တရုတ်အစိုးရက မြေကွက်ဧက ၁၀ ဧက စစ်အစိုးရကို ပေးအပ်ခဲ့ကြောင်း၊ ထိုမြေဧက ၁၀ ဧကကို ကုန်သွယ်ရေးရုံး တည်ဆောက်ဖွင့်လှစ်ရန် စစ်အစိုးရက UMFCCI အား တာဝန် ပေးအပ်ခဲ့ကြောင်း UMFCCI ဗဟိုအလုပ်အမှုဆောင် တဦးကပြောသည်။

UMFCCI အနေနှင့် Guangxi Baoyuan Real Estate ကုမ္ပဏီနှင့် ပူးပေါင်းကာ Guangxi China-Myanmar Real Estate Development ကုမ္ပဏီကို ထူထောင်ပြီး မြေကွက် ၁၀ ဧက ပေါ်တွင် စီးပွားရေး အဆောက်အအုံများနှင့် မြန်မာ့ ကုန်သွယ် ရေးရုံး ဆောက်လုပ် ခဲ့ကြောင်း သိရသည်။

အဆိုပါရုံးဖွင့်လှစ်လိုက်ခြင်းကြောင့် တရုတ်စီးပွားရေးကုမ္ပဏီများအနေနှင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ရန် ပိုမိုလွယ်ကူလာမည်ဟု စုံစမ်းသိရှိရသည်။

“တရုတ်ကုမ္ပဏီတွေ ဒီမှာ ရင်းနှီးမြှုပ်နှံချင်ရင် မြန်မာနိုင်ငံအထိ လာစရာမလိုတော့ဘူး။ နန်နင်း မှာရှိတဲ့ မြန်မာ ကိုယ်စားလှယ် ရုံးမှာပဲ မြန်မာ့ရေမြေအနေအထား၊ လုပ်သားအင်အား၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေ တနေရာ၊ တထိုင်တည်း One Stop Service နဲ့ပေးနိုင်မယ်” ဟု UMFCCI ဗဟိုအလုပ်အမှုဆောင် တဦးက ရှင်းပြသည်။

ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း အလားအလာကောင်းများနှင့် အခွင့် အလမ်းကောင်းများ ရှိလာမည်ဟု ပြည်တွင်းစီးပွားရေး အသိုင်းအ၀န်းက မျှော်လင့်နေကြသည်။

“ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ ရွေးကောက်ပွဲပြီးရင် စီးပွားရေး အခန်းကဏ္ဍတွေ ပိုမိုတိုးချဲ့ လုပ်ကိုင်နိုင်အောင် ဆင်သင့်ဖြစ်တဲ့ အနေအထားရှိဖို့ လိုတယ်” ဟု UMFCCI ဒုတိယဥက္ကဋ္ဌ ဦးဝင်းအောင်ကပြောသည်။

မြန်မာနိုင်ငံ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်း၏ ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ တော်ဝင် ဆောက်လုပ်ရေး ကုမ္ပဏီ ပိုင်ရှင် ဦးကိုကိုထွေးကလည်း ရွေးကောက်ပွဲပြီးလျှင် ပြည်တွင်းသို့ ပြည်ပ ဆောက်လုပ်ရေးကုမ္ပဏီများ လာရောက်ရင်းနှီး မြှုပ်နှံကြဖွယ်ရှိကြောင်း ပြောသည်။

“ပြည်တွင်း ဆောက်လုပ်ရေးကုမ္ပဏီတွေ အနေနဲ့ ဆောက်လုပ်ရေးနည်းပညာပိုင်း၊ နည်းစနစ်ပိုင်းမှာ ပြည်ပဆောက်လုပ်ရေး ကုမ္ပဏီတွေထက် အားနည်းနေတယ်။ ပြည်ပ ဆောက်လုပ်ရေး ကုမ္ပဏီတွေနဲ့ ယှဉ်ပြိုင်ဖို့ဆိုရင် အခုကတည်းက ပြင်ဆင်ဖို့ လိုမယ်” ဟု ဦးကိုကိုထွေးက စက်တင်ဘာလဆန်းပိုင်းတွင် ရန်ကုန်မြို့၌ ပြုလုပ်ခဲ့သော ၁၂ ကြိမ်မြောက် မြန်မာနိုင်ငံ ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း၏ နှစ်ပတ်လည်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။

ပြည်တွင်း စီးပွားရေး ပညာရှင်တဦးကမူ ရွေးကောက်ပွဲပြီးသည်နှင့် မြန်မာ့စီးပွားရေးတဟုန်ထိုး တိုးတက်လာမည် မဟုတ်ကြောင်း၊ အမေရိကန်အပါအ၀င် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းခြင်း၊ စစ်အစိုးရ၏ တင်းကျပ်သော နိုင်ငံခြားငွေကြေးမူဝါဒနှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေများကို ပြင်ဆင်ခြင်းနှင့် နိုင်ငံခြားငွေ လဲလှယ်နှုန်းထား တရားဝင်သတ်မှတ်ပြောင်းလဲခြင်းများရှိမှသာ မြန်မာ့စီးပွားရေး တိုးတက်ပြောင်းလဲ နိုင်ကြောင်း ပြောဆိုသည်။