ဘူးသီးတောင် ထောင် အကျဉ်းသား ရပိုင်ခွင့် ကန့်သတ်

Friday, 08 October 2010 17:17
Print
ထောင်ဖောက်၍ ထွက်ပြေးရန် အကျဉ်းသား တချို့က ကြံစည်သည် ဆိုသော သတင်းကြောင့် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်
ထောင်ရှိ နိုင်ငံရေး အကျဉ်းသားများမှာ ပုံမှန်ရနေကျ အခွင့်အရေးများ မရတော့ကြောင်း သိရသည်။

Buthidaung-prison285“ထောင်ဖောက်ဖို့ ကြံစည်တယ် ဆိုတဲ့ သတင်းကြောင့် ကိုဌေးကြွယ်နဲ့အတူ တခြားနိုင်ငံရေး အကျဉ်းသားတွေ၊ ရိုးရိုး အကျဉ်သားတွေဟာ သူတို့ ခါတိုင်းလုပ်နေကျ လမ်းလျှောက်တာတို့၊ စကားပြောတာ တို့ကို အရင်လို မရတော့ဘူး”ဟု ကိုဖြိုးမင်းသိန်း က ဧရာဝတီကို ပြောသည်။

ကိုဖြိုးမင်းသိန်းသည် ပြည်ထောင်စု ဒီမိုကရေစီပါတီ (UDP) ဥက္ကဌ ဟောင်း တဦးဖြစ်ပြီး ၈၈ မျိုးဆက်ကျောင်းသား ခေါင်း ဆောင် ကိုဌေးကြွယ်၏ ယောက်ဖတော်စပ်သူလည်း ဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ကိုဌေးကြွယ်အား ထောင်ဝင်စာ သွားတွေ့ ထားသူဖြစ်သည်။

ထောင်ဖောက်၍ထွက်ပြေးရန် အကျဉ်းသား တချို့ကြံစည်သည်ဆိုသော သတင်းသည် ပြီးခဲ့သည့် တပတ်ကျော်က ဖြစ်ပေါ်ခဲ့
ကြောင်း၊ ထိုသို့ ကြံစည်သူများမှာ ထောင်ဖောက်ရန်ကြံစည်သည့် ပြစ်မှုဖြင့် ဘူးသီးတောင်ထောင်သို့ မကြာမီက ပြောင်းရွှေ့ ခံထားရသူများ ဖြစ်ကြောင်း ကိုဖြိုးမင်းသိန်းက ပြောပြသည်။

ယခုအခါ ထိုသူများအား ခေါ်ယူစစ်ဆေးမှုများ ဆက်တိုက်လုပ်နေခြင်းကြောင့် နိုင်ငံရေး အကျဉ်းသားများနှင့် တခြားသော အကျဉ်းသားများကို ခေါ်ယူမေးမြန်းမှု၊ ပုံမှန်ရနေသည့် အခွင့်အရေးများ ကန့်သန့်မှုများကို ထောင်အာဏာပိုင်များက အရေး
တကြီး လုပ်ဆောင်နေကြောင်းလည်း သိရသည်။

ဘူးသီးတောင်ထောင်သည် နာမည်ဆိုးသတင်းများနှင့်ကျော်ကြားသော ထောင်တခုဖြစ်သည့် အပြင် လာဘ်စားမှု ပြဿနာ များကြောင့် ထောင်အာဏာပိုင်များ မကြာခဏ နေရာပြောင်းခံရခြင်း၊ အရေးယူခံရခြင်းများ ရှိကြောင်း ဒေသခံများက ပြော သည်။

ဘူးသီးတောင်ထောင်တွင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဌေးကြွယ် အပါအ၀င် ကိုစည်သူမောင်၊ ကိုအောင်ဇော် ဦး၊ ကိုမြတ်သူနှင့် ရွှေဝါရောင်တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် မင်္ဂလာတောင်ညွန့်မှ ဆရာတော် တပါး ရှိကြောင်း သိရသည်။

ဘူးသီးတောင် ထောင်ကဲ့သို့ သံတွဲ အကျဉ်းထောင်တွင်လည်း နိုင်ငံရေး အကျဉ်းသားများနှင့် တခြားထောင်သားများမှာ စား ၀တ်နေရေး ခက်ခဲမှုပြဿနာကို ယခုရက်ပိုင်းတွင် ဆိုးဆိုးဝါးဝါး ကြုံတွေ့နေရကြောင်း ထောင်နှင့် နီးစပ်သူများက ပြောသည်။

သံတွဲ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ချခံထားရသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုကိုကြီး၊
ကိုဝင်းမော်နှင့် နိုင်ငံရေးအကျဉ်းသား ၁၅ ဦးဝန်းကျင်ရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်
ရှောက်ရေးအသင်း(AAPP) ၏ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

သံတွဲထောင်၏ ထောင်အာဏာပိုင်များက ထောင်တန်းစီးများနှင့်ပူးပေါင်း၍ အိပ်ရန် နေရာတခုကို ကျပ် ၄ သောင်း၊ ၅ သောင်း
ထိရောင်းစားနေကြောင်း ထောင်ဝင်စာ သွားတွေ့ခဲ့သည့် အမျိုးသမီး တဦးကို ကိုးကား၍ ပြည်ပအခြေစိုက် နိရဉ္စရာ ဌာန တွင် ရေးသားထားသည်။

နိုင်ငံရေး အကျဉ်းသား ဖြစ်ခဲ့ဖူးသူ တဦးက“ထောင်တွေမှာ နေရာ ရောင်းစားတာတို့၊ မြေနေရာငှားစားတာတို့ တွေက မြန်မာ နိုင်ငံက ထောင် အများစုမှာ ရှိပါတယ်၊ ဒါပေမယ့် အခုကိစ္စက ဈေးကြီးလွန်းတယ်”ဟု ဆိုသည်။

သံတွဲထောင်ရှိ အကျဉ်းသားများအတွက် အစားအစာများမှာလည်း လတ်ဆတ်မှု မရှိဘဲ ရက်လွန် အစားအစာများ ဖြစ်ကြောင်း၊ အာဏာပိုင်များ၏ ထောင်တွင်းစီးပွားရေးဖြစ်သော မွေးမြူရေးလုပ်ငန်းများကိုလည်း အကျဉ်းသားများအား အတင်းအကျပ် ခိုင်းစေမှုများ ရှိကြောင်းလည်း သိရသည်။

“ပြီးခဲ့တဲ့လကလည်း ထောင်တွင်းမှာ ၀မ်းပျက်တာတို့၊ ၀မ်းလျှောတာတို့တွေ ဖြစ်ကြသေးတယ်၊ အဓိက အစားအသောက်တွေ
ကြောင့်ပါ”ဟု ၈၈ ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ဇနီး ဒေါ်မြင့်သောင်းက ဧရာဝတီကို ပြောသည်။

လက်ရှိတွင် ကိုကိုကြီး၏ ကျန်းမာရေး အခြေအနေမှာ အစာအိမ် ရောဂါ ဖြစ်နေကြောင်းလည်း ၎င်းက ဆက်ပြောသည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်များအတွင်း နိုင်ငံရေး အကျဉ်းသားပေါင်း ၂၁၇၁ ဦးရှိကြောင်း AAPP ၏ ထုတ်ပြန်ချက်အရ သိရသည်။