မန္တလေး ရေကြီး၊ မြန်မာပြည်အောက်ပိုင်း မုန်တိုင်းရှိ

E-mail Print
မန္တလေးတိုင်း ပုသိမ်ကြီး မြို့နယ် အတွင်းရှိ ဆည်တော်လေးဆည် ယမန်နေ့ညက ရေလျှံသောကြောင့် မန္တလေးမြို့နှင့် အနီး တဝိုက်တွင် ရေကြီးနေကြောင်း သတင်းရရှိသည်။

“ဆည်ကျိုးသွားတယ်လို့ သိရတယ်။ လူ ၃ ဦး သေတယ် ကြားတယ်။ ပုသိမ်ကြီးထဲကပဲ။ အခုတော့ ပုသိမ်ကြီးမှာလည်း  ရေကြီးတယ်။ ဒီမန္တလေးဘက်မှာလည်း ရေကြီးနေတယ်။ မိုးကတော့ ရွာနေတုန်းပဲ”ဟု မန္တလေးမြို့ခံတဦးက ပြောသည်။

မန္တလေးတိုင်းအတွင်း အောက်တိုဘာ ၆ ရက်နေ့မှ ယနေ့အထိ မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း၊ ယခုအခါ ကျွဲဆည်ကန် ကားဝင်းအတွင်း ၃ ပေ ၀န်းကျင်အထိ ရေတက်လာသောကြောင့် ကားအသွားအလာများလည်း အခက်အခဲ ဖြစ်နေကြောင်း၊  မန္တလေးမြို့တွင်းမှာပင် ကားလမ်းရေကျော်မှုများ ရှိနေသောကြောင့် တနေရာမှ တနေရာသို့ ဆိုင်ကယ်နှင့် သွားလာရန်ပင်  ခက်ခဲနေကြောင်း သိရသည်။

“ဒီလိုသာ မိုးရက်ဆက် သည်းနေဦးမယ်ဆို ရွှေတချောင်းလည်း ရေလျှံနေပြီ။ မြို့နေလူထုအနေနဲ့ ဟိုဘက်ဒီဘက် ကူးဖို့တောင် အခက်အခဲ ရှိတယ်”ဟု အဆိုပါမြို့ခံက ပြောသည်။

မန္တလေးမြို့တွင် မြို့သစ်ပိုင်းနှင့် အနောက်ခြမ်းရပ်ကွက်များတွင် ရေစီးရေလာ မကောင်းသဖြင့် ရေလျှံကြောင်း၊ မန္တလေး မြို့တော်ဝန် ဦးဖုန်းဇော်ဟန် ယနေ့နံနက် ၉ နာရီခန့်တွင် မြို့ပေါ်သို့ လိုက်လံကြည့်ရှု စစ်ဆေးကြောင်းလည်း ၎င်းက ဆိုသည်။

ထို့အပြင် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသတွင် အောက်တိုဘာလ ၃ ရက်နေ့မှ ယနေ့အထိ မိုးဆက်တိုက် ရွာသွန်းနေသော ကြောင့် ဒုဋ္ဌ၀တီမြစ်၊ မြစ်ငယ်မြစ်တို့မှ ရေကြီးရေလျှံဖြစ်ပြီး ကားလမ်းများ ရေကျော်နေသောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နှင့် မန္တလေးတိုင်းအတွင်း သွားလာရေးကို ရပ်ဆိုင်းထားရကြောင်း သိရှိရသည်။

“မန္တလေးကနေ မေမြို့ကိုတောင် သွားလို့မရတော့ဘူး။ မေမြို့ ဟိုဘက်မှာလည်း ကားလမ်းတွေ ရေကျော်ကုန်တယ်။ နောင်ချို ဂုတ်တွင်းမှာလည်း ရေကျော်တယ်။ သီပေါမှာလည်း ရေကျော်နေတော့ ဒီကကားတွေလည်း မတက်နိုင်ဘူး။ အဆင်းကားတွေလည်း မလာနိုင်ဘူး” ဟု ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် မန္တလေးတိုင်းအတွင်း ပြေးဆွဲနေသော ရွှေမန်းသူကားလိုင်းမှ ဂိတ်မှူးက ပြောသည်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသအတွင်း မိုးရက်ဆက် သည်းထန်စွာ ရွာသွန်း၍ တောင်ကျချောင်းများ ရေလျှံကာ ကားလမ်းများ ရေကျော်နေသောကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်၊ နမ့်ခမ်းမှ ကားများ၊ လားရှိုး၊ သီပေါ၊ ကျောက်မဲမှ ကားများ မန္တလေးတိုင်းအတွင်းသို့ ဆင်းမလာနိုင်ကြောင်း၊ မန္တလေးတိုင်းမှ ကားများလည်း ရှမ်းပြည်နယ်ဘက်သို့ မတက်နိုင်သေးကြောင်း၊ ထိုသို့ ကားလမ်း ရေကျော်နေသည်မှာ ၇ ရက်ဝန်းကျင်ခန့် ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“ရှမ်းပြည်မြောက်ပိုင်းက ကားမဆင်းတာ ၇ ရက်၊ ၈ ရက်လောက်ရှိပြီ။ အခုဆို အဲဒီဘက်ကိုလည်း ကားတွေတက်မရတော့ဘူး။ မိုးဆက်ရွာနေရင်တော့ တရုတ်ပစ္စည်း အ၀င်ပိုင်းကို ထိခိုက်လာနိုင်တယ်”ဟု မန္တလေးမြို့ တရုတ်တန်းမှ ကုန်သည်တဦး က ပြောသည်။

မြန်မာနိုင်ငံ အထက်ပိုင်း၌ မိုးရွာပြီး ရေကြီးမှုများ ဖြစ်ပေါ်နေချိန်တွင် မြန်မာနိုင်ငံ အောက်ပိုင်း၌လည်း မုန်တိုင်း အဖျားခတ်နိုင် ကြောင်း သတိပေးချက်များ ထွက်ပေါ်နေသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင်လည်း မုန်တိုင်း အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် မိုးသက်လေပြင်းကျနိုင်ပြီး ရေပြင်၊ မြေပြင်လေသည် တနာရီလျှင် မိုင် ၄၀နှုန်းအထိ တိုက်ခတ်နိုင်သည်ဟု သတိပေးထားသည်။

မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာ ထွန်းလွင်ကလည်း ယခု ဖြစ်ပေါ်နေ သည့် မုန်တိုင်းငယ်သည် အင်အားကြီးမားခြင်း မရှိသော်လည်း ကြီးမားသည့် တိမ်တိုက်တခုအနေဖြင့် အရှေ့မြောက်ဘက်ကို ဦးတည်နေကြောင်း ယနေ့တွင် ယင်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် ကမ်းခြေကို စတင်ကျော်ဖြတ်နေပြီ ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။

ယင်းမုန်တိုင်းဖြတ်သန်းမှုကြောင့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ကချင်ပြည်နယ်တွင် နေရာ အနှံ့ အပြား မိုးရွာနိုင်ပြီး ဒေသအလိုက် မိုးကြီးမှု ဖြစ်နိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အထူးသတိပြုရန်မှာ ကုန်းမြင့်ဒေသများတွင် မြေပြိုကျမှု နှင့်တောင်ကြားဒေသများတွင် ရုတ်တရက်ရေကြီးမှုများ ဖြစ်နိုင် ကြောင်း၊ အတိုင်းအတာတခုအထိ ပျက်စီးနိုင်ကြောင်း၊ ချင်းတွင်းမြစ်၊ မြစ်သာမြစ်တို့၏ ရေဝေရေလဲဒေသများတွင် မိုးများမှု ကြောင့် ချင်းတွင်းမြစ်ရေ လျှင်မြန်စွာ တက်နိုင်အောင်ကြောင်း ဒေါက်တာ ထွန်းလွင်က ဆိုသည်။

ရခိုင် ကမ်းရိုးတန်းဒေသနှင့် ကမ်းလွန် ပင်လယ်ပြင်တွင် မုန်တိုင်းအင်အား မကြီးမားသည့်အတွက် ကြီးမားသော ဒီရေ မတက် နိုင်သော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးကြိုးပစ်ခြင်း၊ လေဆင်နှာမောင်း ကျရောက်ခြင်း၊ လှိုင်းကြီးခြင်းတို့ ကြုံတွေ့ နိုင်
ကြောင်း ဒေါက်တာ ထွန်းလွင်က ရှင်းပြသည်။

ထိုကြောင့် ရခိုင်ပြည်နယ် မြောက်ပိုင်း ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင်သွား ငါးဖမ်းရေယာဉ်များ၊ ခရီးသွားရေယာဉ်များ အနေဖြင့် အထူးဂရုပြုရန်လည်း ဒေါက်တာ ထွန်းလွင်က အကြံပေးထားသည်။

ယခုအောက်တိုဘာလ အတွင်း ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်း ၂ ကြိမ်ခန့် ဖြစ်နိုင်ပြီး ယခုမုန်တိုင်းသည် ၂၀၁၀ အတွင်း ဒုတိယ မြောက်မုန်တိုင်းဖြစ်သည်ဟု သိရသည်။

စစ်တွေမြို့ခံ တဦးဖြစ်သူ ခိုင်ပြည်စိုးက “လေက အရမ်းထန်နေပြီ။ အတွေ့အကြုံအရ မုန်တိုင်းဝင်မယ့် လက္ခဏာပဲ”ဟု ဆို သည်။

ပြီးခဲ့သည့် ၃ရက်ခန့်က ရာသီဥတုမှာ ပူပြင်းသော်လည်း ယမန်နေ့ကမှ စတင်ပြီး မိုးသည်းထန်စွာ ရွာသွန်းလာခြင်း ဖြစ်ကြောင်း၊ ယနေ့ နံနက်တွင် ရာသီဥတုမှာ မှုန်မှိုင်းလာသည့်အတွက် မုန်တိုင်းငယ်ဟု ဆိုသော်လည်း သတိထားနေကြကြောင်း ခိုင်ပြည်စိုးက ပြောသည်။

စစ်တွေအခြေစိုက် ပဉ္စ၀တီ FM ရေဒီယိုနှင့် ဒေသဆိုင်ရာ အာဏာပိုင်များ၏ မုန်တိုင်းနှင့် ပတ်သက်သည့် သတိပေးချက် မထုတ်ပြန်သေးကြောင်း၊ မုန်တိုင်းဝင်မည် အဓိကနေရာများမှာ ဘူးသီးတောင်၊ မောင်းတော မင်းပြားမြို့နယ်များဖြစ်ကြောင်း သိရသည်။

ဧရာဝတီ သတင်းထောက် ရန်ပိုင် ပူးပေါင်း ရေးသားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်