ပျဉ်းမနား နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ ကန့်သတ်ခံရ

Thursday, 21 October 2010 17:29
Print
ပျဉ်းမနားမြို့တွင် နှစ်စဉ် စည်စည် ကားကား ကျင်းပမြဲ ဖြစ်သည့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲကို ယခုနှစ်တွင် အာဏာပိုင်များက  အကန့်အသတ်ဖြင့်သာ ခွင့်ပြုကြောင်း ဒေသခံ ဓမ္မာရုံများမှ သတင်းရ ရှိသည်။

“ဘုရားပွဲက အစဉ်အလာ စည်စည်ကားကားလုပ်လာတာ။ နေပြည်တော်ဖြစ်လာပြီးတဲ့ အချိန်ကစပြီး ည ၁၁ နာရီ လောက် အထိပဲ ဖျော်ဖြေရေးကို ခွင့်ပြုတယ်။ ဒီနှစ် ပိုဆိုးမယ်။ ရွေးကောက်ပွဲနီးလာတော့ အခုအချိန်အထိ ဘာလုပ်ရမှန်း မသိသေး ဘူး”ဟု ဒေသခံ ဓမ္မာရုံဂေါပကတဦးက ဧရာဝတီသို့ ပြောသည်။

ဖျော်ဖြေရေးလုပ်ရာတွင်လည်း သက်ဆိုင်ရာ ဓမ္မာရုံဂေါပကများက ပွဲတွင် တစုံတရာမဖြစ်စေရန် တာဝန်ယူပါသည်ဟု ခယက သို့ ခံဝန်ချက်ကို လက်မှတ်ရေးထိုးပေးရသေးကြောင်း၊ ပျဉ်းမနားမြို့တွင် ဓမ္မာရုံ ၈ ရုံအနက် ၄၊ ၅ ရုံခန့်ကသာ ဖျော်ဖြေရေး အစီအစဉ် ထည့်သွင်းနိုင်ကြောင်းနှင့် နာမည်ကြီး တီးဝိုင်း၊ အဆိုတော်များကိုလည်း ငှားရမ်းရန် အာဏာပိုင်များက ခွင့်မပြု ကြောင်း သိရသည်။

“ကျနော်တို့ ဓမ္မာရုံတွေအဖို့ကလည်း နာမည်ကြီးတွေပါမှ အလှူငွေပိုရတယ်။ စပွန်ဆာပေးချင်တဲ့သူကလည်း လူများများ လာကြည့်မှ ပေးချင်တာ။ လူများများ လာကြည့်ဖို့ဆိုတာကလည်း နာမည်ကြီးတီးဝိုင်း၊ အဆိုတော်တွေ ပါမှလေ” ဟု ပွဲစီစဉ်သူတဦးက ပြောသည်။

၁၉၈၈ ခုနှစ်နောက်ပိုင်း စစ်အစိုးရတက်လာပြီးနောက် ဒေသဆိုင်ရာ ရိုးရာဓလေ့ပွဲများ၊ ဇာတ်ပွဲ၊ အငြိမ့်ပွဲများကို လုံခြုံရေးအကြောင်းပြချက်ဖြင့် ပိတ်ပင်မှုများ ပြုလုပ်ထားသောကြောင့် မြန်မာ့ရိုးရာများ မှေးမှိန်နေရကြောင်း လေ့လာသူများက ဆိုသည်။

“စစ်အစိုးရက အမျိုးသားအမွေအနှစ် ထိန်းသိမ်းရေး ပြောသေးတယ်၊ တဖက်ကလည်း လုံခြုံရေးအကြောင်းပြချက်နဲ့ ဖျက်ဆီးနေတာပါပဲ” ဟု လေ့လာသူတဦးက ပြောသည်။

အမည်မဖော်လိုသူ ဒေသခံ ဂေါပကတဦးက “တော်တော်စိတ်ပျက်ဖို့ ကောင်းပါတယ်။ ကျနော်တို့က အစဉ်အလာ မပျက်စေချင်ဘူးဗျ” ဟု ဆိုသည်။

ယခုနှစ်သည် ပျဉ်းမနားတွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲများကို ၉၂ ကြိမ်မြောက်အဖြစ် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။