ဗုံးထောင်သူဟု မသင်္ကာသူ ၂ ဦးကို ကြေညာထား

Friday, 19 November 2010 19:30
Print
ရန်ကုန် မြို့တော်ခန်းမ အရှေ့ စီးတီးစတား ဟိုတယ် မြေညီထပ်တွင် ဖွင့်လှစ်ထားသည့် Star Net အင်တာနက် ဆိုင်အတွင်း ဗုံးတွေ့ရှိမှုကြောင့် စီစီတီဗီက တွေ့ရသည့် မသင်္ကာသူ ၂ ဦးကိုတွေ့ရှိက သတင်းပေးရန် ကြေညာထားသည်ဟု သိရသည်။

အဆိုပါ ဖြစ်ရပ်နှင့် ပတ်သက်၍ ကျောက်တံတား ရဲစခန်းကို ဧရာဝတီက ဆက်သွယ်မေးမြန်းရာ တာဝန်မှူးက မည်ကဲ့သို့ ပြောဆိုရမည် မသိဟု ဖြေကြားသည်။

ဗုံးတွေ့ရှိသည့် နေရာနှင့် ကပ်လျက်ရှိ ၃၃ လမ်း အလယ်ဘလောက်တွင် နေထိုင်သူ လူငယ်တဦးက “Star Net အင်တာနက်ဆိုင် မနေ့ကတော့ ပိတ်ထားတယ်။ ဒီနေ့လည်း မနက်ပိုင်းမှာ ပိတ်ထားတယ်။ မနေ့ညကဆိုရင် ကျနော်တို့ ရပ်ကွက်မှာ ဧည့်စာရင်းတွေ လိုက်စစ်တယ်။ ဗုံးထောင်တာက ၂ ယောက်လို့ ကြားပါတယ်။ စီစီတီဗီ မှာ ပေါ်တယ် ပြောတာပဲ” ဟု ဆိုသည်။

စီစီတီဗီတွင် ပေါ်သည့် ရဲက မသင်္ကာသော လူ ၂ ဦး၏ ဓာတ်ပုံများ ကိုလည်း လူသွားလူလာ များသောနေရာများနှင့် အင်တာနက်ဆိုင် များတွင် သတိပေး ကပ်ထားသည်ဟု ၎င်းလူငယ်က ဆက်ပြောသည်။

စစ်အစိုးရ၏ ယနေ့ထုတ် သတင်းစာတွင် နိုဝင်ဘာလ ၁၇ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်ခန့်က စီးတီးစတား ဟိုတယ်အောက်ထပ် Star Net အင်တာနက်ဆိုင် အတွင်းရှိ ကွန်ပျူတာ စားပွဲအောက်တွင် စက္ကူဖြင့် ထုပ်ထားသည့် မသင်္ကာဖွယ် အထုပ် ၂ ထုပ်အား စစ်ဆေးကြည့်ရာ ချိန်ကိုက်မိုင်း ၄ လုံးဖြစ်သည်ဟု ရေးသားထားသည်။

ထို့ကြောင့် Star Net အင်တာနက်ဆိုင်သို့ ဖုန်းဆက် စုံစမ်းကြည့်သောအခါ အဆိုပါ ဗုံးတွေ့ရှိသည့် ကိစ္စနှင့် ပက်သတ်၍ ပြောခွင့် မရှိကြောင်း ဆိုင်ဝန်ထမ်း တဦးက ဆိုသည်။

ဗုံးတွေ့ပြီးသည့် နောက်ပိုင်းတွင် ရန်ကုန်မြို့အတွင်း အင်တာနက်ဆိုင်များ၌ လာရောက်သုံးစွဲသူ အလွန်ပင် နည်းသွားသည့် အတွက် စီးပွားရေး ထိခိုက်ကြောင်း အင်တာနက် ဆိုင်ရှင်များက ပြောဆိုနေကြသည်။ 

ပြီးခဲ့သည့် ရွေးကောက်ပွဲမတိုင်မီ ကာလက အင်တာနက်ဆိုင်များတွင် ကွန်နက်ရှင် မကောင်းသည့် ပြဿနာကြောင့် လာရောက်သုံးစွဲသူ မရှိသလောက်နည်းပါးခဲ့ပြီး  ၀င်ငွေ ထိခိုက်သော်လည်း လကုန်သည့် အချိန်တွင် ပုံမှန် အင်တာနက် သုံးစွဲခ FEC ၁၃၀ ကို ပေးဆောင်ခဲ့ရသည်ဟု သိရသည်။

ရန်ကုန်မြို့ အတွင်းရှိ အင်တာနက်ဆိုင် ပိုင်ရှင်တဦးက “အင်တာနက်ကိုလည်း အထက်က အမိန့်အတိုင်း ခဏခဏဖြတ်တယ်။ကျသင့်ငွေကျတော့ အပြည့် သွင်းရတယ်။ ၀န်ထမ်း များများ ခန့်ထားရတဲ့ ကျနော့် ဆိုင်ဆိုရင် ပြီးခဲ့တဲ့လက ၄ သိန်းရှုံးတယ်” ဟု ညည်းညူ ပြောဆိုခဲ့သည်။