ဒေါ်အောင်ဆန်းစုကြည်နှင့် CRPP တွေ့ဆုံဆွေးနွေး

Friday, 26 November 2010 19:12
Print
ဒေါ်အောင်ဆန်းစုကြည်နှင့် ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ (CRPP) တို့ ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေး ယနေ့ ဆွေးနွေးကြသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်တွင် ကျင်းပသော အစည်းဝေးသို့ ဒေါ်အောင်ဆန်းစုကြည် ပြန်လည် လွတ်မြောက် လာပြီးနောက် ပထမဆုံး တက်ရောက်ကာ CRPPအဖွဲ့ဝင် ၁၂ ဦးနှင့် တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

CRPP-12th-Anniversary-(U-Tin-Oo's-Home)CRPP အတွင်းရေးမှူး ဦးအေးသာအောင်က“ဒီကနေ့ ဒုတိယ ပင်လုံညီလာခံ ကျင်းပနိုင်ရေး နည်းလမ်းတွေ ဆွေးနွေးကြတယ်။ နောက်တခုက NLD ပါတီရပ်တည်ခွင့်အတွက် အထူးအယူခံဝင်မယ့် အကြောင်းတွေ ဆွေးနွေးကြတယ်”ဟု ပြောသည်။

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေး အတွက် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်မလွတ်မြောက်လာမီ စစ်ကိုင်းတိုင်း ကလေးမြို့၌ အောက်တိုဘာလ ၂၄ ရက် နေ့တွင်ပြုလုပ်သော ဇိုမီးအမျိုးသား ကွန်ဂရက် ၂၂ နှစ်မြောက် အခမ်းအနားတွင် NLD နှင့် တိုင်းရင်း သား ခေါင်းဆောင်များက သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်လာပြီးနောက် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ဆုံစဉ်ကလည်း ဒုတိယ ပင်လုံ ညီလာခံ ကျင်းပနိုင်ရေး ဆွေးနွေးခဲ့ကာ ၀ါရင့်နိုင်ငံရေးသမားကြီးများက ထိုလုပ်ငန်းစဉ်ကို ဆက်လက်လုပ်ဆောင်ပေးရန် ဒေါ်အောင်ဆန်းစုကြည်ကို အပ်နှင်းကြသည်။

“လာမယ့် ပြည်ထောင်စုနေ့လို နေ့မျိုးမှာ ကျင်းပနိုင်ဖို့ ဆန္ဒရှိကြတာပေါ့။ ဒါပေမယ့်လည်း အသေအချာ မဆုံးဖြတ်နိုင်သေးပါဘူး။ ကျင်းပနိုင်ရေး လုပ်ငန်းစဉ်တွေကိုလည်း ဆွေးနွေးနေကြဆဲပါ။ လာမယ့် အစည်းအဝေး တွေမှာလည်း ဆွေးနွေးကြရ ဦးမှာပါ”ဟု ဦးအေးသာအောင် က ပြောသည်။

ယနေ့ ပြုလုပ်သော CRPP အစည်းအဝေးမကျင်းပမီ ပြည်ထောင်စု ဒီမိုကရေစီ ပါတီ(UDP) ဥက္ကဌ ဟောင်း ဦးဖြိုးမင်းသိန်းကိုလည်း ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခဲ့သေးကြောင်း သိရသည်။