“ပြည်ခရိုင် အတွင်းမှာရှိတဲ့ ၁၂ မှုကို သူတို့ စစ်ဆေးလို့ ပြီးပြီ။ ဒါပေမယ့် ခရိုင်ကနေ ရဲချုပ်အထိ အဆင့်ဆင့် တင်ပြနေတယ်။ အခုအထိ တရားရုံးကို အမှုတွဲ မရောက်သေးဘူး။ အပေါ်က အမိန့်စောင့် နေတယ်လို့ ပြောနေတယ်” ဟု ယင်းပါတီမှ ဥက္ကဋ္ဌ ကိုအေးလွင်က ဆိုသည်။
၂၀၁၀ ရွေးကောက်ပွဲအတွင်း မဲမသမာမှု များစွာရှိခဲ့သည်ဟု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) နှင့် ပြိုင်ဘက် နိုင်ငံရေးပါတီများက ထုတ်ဖော်ပြောဆိုခဲ့ကြပြီး ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်နှင့် အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) တို့က နိုဝင်ဘာလဆန်းပိုင်း၌ ရွေးကောက်ပွဲဥပဒေ အခန်း ၁၃ ပါ ပုဒ်မ ၅၇ မှ ၆၅ အထိ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများအရ သက်ဆိုင်ရာရဲစခန်းများတွင် အမှုဖွင့်ခဲ့ကြခြင်း ဖြစ်သည်။
ရန်ကုန်တိုင်း သုံးခွမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော NDF လွှတ်တော်ကိုယ်စားလှယ်လောင်း ရှေ့နေ ဦးသိန်းဇော်ညွှန့်ကလည်း “ကျနော်တင်ထားတဲ့အမှုမှာ ရွေးကောက်ပွဲကော်မရှင် ၀န်ထမ်းတွေကိုလည်း စစ်ပြီးပြီ။ ကျနော့်ဘက်က သက်သေတွေကိုလည်း စစ်ပြီးပြီ။ ဒါပေမယ့် ဒီစစ်ချက်တွေကို တိုင်းရုံးကို တင်ပြထားဆဲလို့သာ သိရတယ်” ဟု ပြောသည်။
ရွေးကောက်ပွဲဥပဒေတွင် ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများကို ရွေးကောက်ပွဲကျင်းပသောနေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ ရဲစခန်းများတွင် တိုင်တန်းကြရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“ဒီဥပဒေက ဒီရွေးကောက်ပွဲဖြစ်လာမှ ပေါ်လာတာဆိုတော့ လူတွေအနေနဲ့က မကျေညက်ဘူး။ တချို့ကိုယ်စားလှယ်လောင်းတွေ ကျတော့လည်း မညီမျှတဲ့ ဥပဒေတွေကို ကြောက်ပြီး အမှုမဖွင့်ရဲကြပြန်ဘူး” ဟု ဦးသိန်းဇော်ညွှန့်က ဆိုသည်။
ရွေးကောက်ပွဲဥပဒေတွင် တိုင်တန်းခံရ၍ ပြစ်မှုထင်ရှား စီရင်ခြင်းခံရသူကို ၁ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် တသိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟု ဖော်ပြထားပြီး လိမ်လည် စွပ်စွဲတိုင်တန်းသည်ဟု ယူဆရပါက ၃ နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် သုံးသိန်းထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရမည်ဟုလည်း ဖော်ပြထားသည်။
ရွေးကောက်ပွဲဝင်ခဲ့ကြသော ပါတီ ကိုယ်စားလှယ်လောင်းများအနေဖြင့် တခြားနိုင်ငံများ၏ ရွေးကောက်ပွဲ ဥပဒေများကို လေ့လာခွင့် နည်းခဲ့ကြခြင်းကြောင့် တဖက်စောင်းနင်းရေးဆွဲထားသော ဥပဒေများကို မမြင်နိုင်ခဲ့ကြကြောင်း ဦးသိန်းဇော်ညွှန့်က ပြောသည်။
ကိုအေးလွင်က “ဥပဒေကတော့ အမျိုးမျိုးဖြစ်နေတယ်ဗျာ။ ရွေးကောက်ပွဲ အကြိုကာလက မကွေးတိုင်းထဲမှာ ကျနော်တို့ လက်ကမ်းစာစောင်တွေ ဝေတာကို မလုပ်ရဘူးဆိုပြီး ပိတ်လို့ တိုင်တာကို လက်မခံခဲ့ဘဲ အခု ရွေးကောက်ပွဲပြီးလို့ မဲသမာမှုတွေကို တိုင်တော့မှ အဲဒီအမှုကိုလည်း ရဲစခန်းက ပြန်လက်ခံပြီး စစ်နေပြန်တယ်” ဟု ပြောသည်။
မဲမသမာမှုများစွာရှိခဲ့ကြောင်း ထုတ်ဖော်ပြောဆို နေကြသော်လည်း နအဖစစ်အစိုးရ ၀န်ကြီးများ ဦးဆောင်သည့် ကြံ့ဖွံ့ပါတီကမူ လွှတ်တော်သုံးရပ်၏ မဲဆန္ဒနယ် ၁၁၅၄ နေရာတွင် ၈၈၂ နေရာ အနိုင်ရခဲ့ကြောင်း၊ ၎င်းတို့အား ထောက်ခံခဲ့ကြသည့် ပြည်သူလူထုကြီးအား ကျေးဇူး ဥပကာရ တင်ရှိပါကြောင်း ဒီဇင်ဘာလ ၅ ရက်နေ့ထုတ် သတင်းစာများ၌ ရေးသားထားသည်။
< Prev | Next > |
---|