နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း နောက်ဆုံးအသုတ် ရောင်းချ

E-mail Print
ဝန်ကြီးဌာန အသီးသီးရှိ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၇၆ ခု ကို နောက်ဆုံး အသုတ်အဖြစ် ပုဂ္ဂလိကကို ရောင်းချနေကြောင်း သိရသည်။

ယခု ရောင်းချမှုသည် ပုဂ္ဂလိကပိုင် လွှဲပြောင်းပေးရေး အစီအစဉ်အရ ရောင်းချရန် ကျန်ရှိနေသည့် အဆောက်အအုံများဖြစ်ပြီး စီးပွားရေးလုပ်ငန်းကြီးများ ပြန်လည်လုပ်ကိုင်ရန် ကောင်းမွန်သည့် မြေနေရာများ မပါဝင်ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် အသိုင်း အ၀န်းကပြောသည်။

cathay-cinema-yangon“နေရာကောင်းတွေ၊ အဆောက် အအုံကောင်းတွေ အကုန်လုံးကို ဘယ်သူက ဘယ်လောက်နဲ့ ၀ယ်သွားမှန်းတောင် မသိလိုက် ရဘူး။ အခု ကျန်တဲ့ အသေးအမွှား လေးတွေကို လက်ကျန် ဖြတ်ပြီး ရောင်းနေတဲ့ သဘောမျိုး” ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်နှင့် နီးစပ်သည့် ဌာနဆိုင်ရာ အရာရှိ တဦးက ပြောဆိုသည်။

ဇန်န၀ါရီ ၂၁ ရက်နေ့ သတင်းစာ၌ ဌာနဆိုင်ရာ ၀န်ကြီးဌာန ၁၃ ခု လက်အောက်ရှိ အဆောက်အအုံနှင့် မြေနေရာများ၊ ရုံးအဆောက် အအုံအနေနှင့် ရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံးတို့ ပါဝင်ကြောင်း ဖော်ပြထားသည်။

ယခု လွှဲပြောင်းရောင်းချမည့်စာရင်းထဲတွင် စက်ရုံများ၊ မြေကွက်များနှင့် စက်ကိရိယာပစ္စည်းများ၊ ရုပ်ရှင်ရုံများ၊ အရက်ဖြူဆိုင် နှင့် ရောင်းချရန် ကျန်ရှိနေသေးသည့် ရုံးအဆောက်အအုံတချို့သာ ပါဝင်သည်ဟု ပုဂ္ဂလိကပိုင်ပြုလုပ်ရေး ကော်မရှင်နှင့် နီးစပ်သည့် ဌာနဆိုင်ရာ အရာရှိက ဆိုသည်။

“ရောင်းတဲ့အထဲက အများစုကို ကြည့်ရင် ဘာမဟုတ်တဲ့ အရက်ဖြူဆိုင်နဲ့ မြို့စွန်က ရုပ်ရှင်ရုံတွေ၊ နယ်ဘက်က သကြားစက်ရုံတို့ ပါတယ်။ ဘယ်သူမှမ၀ယ်လို့ ကျန်နေတဲ့ ဟာတွေပဲရှိတော့တယ်။ အဆောက်အအုံတွေကလည်း ဟောင်းနွမ်းပြီး အခွံပဲကျန်တော့တယ်။ ၀ယ်ပြီးရင် ဖြိုချ အသစ်ပြန်ဆောက်ရမယ့်ကိန်း”ဟု အဆိုပါ အရာရှိက ဆက်ပြောသည်။

ယခုနှစ်ဆန်းပိုင်းတွင် အပြီးသတ်ရောင်းချနိုင်ရေးအတွက် ပုဂ္ဂလိကပိုင်ပြုလုပ်ရေးကော်မရှင်က အဆိုပြုလွှာများခေါ်ယူ၍ အရှိန် အဟုန်မြှင့် ရောင်းချနေသည်ဟု သိရသည်။

မြန်မာနိုင်ငံတွင်၂၀၀၈ ခုနှစ် နောက်ပိုင်းမှစ၍ နိုင်ငံပိုင် စီးပွားရေးလုပ်ငန်းများ၊ နိုင်ငံပိုင် သိမ်းဆည်းထားသော အိမ်ခြံမြေ၊ ဂိုဒေါင် များနှင့် ဆိပ်ကမ်းနေရာများကို ပုဂ္ဂလိကပိုင်အဖြစ် ပြုလုပ်ခဲ့ရာ အရေအတွက်အားလုံး၏ ၇၀ ရာခိုင်နှုန်းခန့်မှာ ပုဂ္ဂလိကသို့ လွှဲ ပြောင်းပြီး ဖြစ်သည်ဟု ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင် အသိုင်းအ၀ိုင်းက ဆိုသည်။

၂၀၁၀ ပြည့်နှစ်အတွင်း နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၁၁၀ ၊ နိုင်ငံပိုင် အဆောက်အအုံ ၃၂ ခု၊ နိုင်ငံပိုင် စက်သုံးဆီ အရောင်း ဆိုင် ၂၄၆ ဆိုင်နှင့် ရန်ကုန်မြစ်ကမ်းတလျောက်ရှိ ဗိုလ်အောင်ကျော် ဆိပ်ကမ်း၊ ဗိုလ်တထောင် ဆိပ်ကမ်း၊ ပန်းဆိုးတန်း နန်းသီတာ ဆိပ်ကမ်း၊ ကျန်းမာရေး ဆိပ်ကမ်း၊ ဆူးလေ ဆိပ်ကမ်း၊ အလုံ ဆိပ်ကမ်းမှ ဗိုလ်တထောင် သံလျက်စွန်း အထိ ဆိပ်ကမ်း မြေနေရာများ ကဲ့သို့သော နေရာ အများအပြားကို ရောင်းချခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါ လုပ်ငန်းအများစုကို စစ်အစိုးရအတွက် အကျိုးအမြတ် အဓိက ရှာဖွေပေးနေသည့် မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်နှင့် ၎င်းတို့နှင့် နီးစပ်သူများဖြစ်သည့် ဦးတေဇ၊ ဦးထွန်းမြင့်နိုင် စသည့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ လုပ်ပိုင်ခွင့်ရရှိထားသည်။

“အကျိုးအမြတ်အနေနဲ့ ကြည့်ရင် အစိုးရ ၊ စီးပွားရေးလုပ်ငန်းရှင်နဲ့ ပြည်သူရော ရလာမယ်လို့ မြင်တယ်။ ရာခိုင်နှုန်းနဲ့ တွက် ရင်တော့ ပြည်သူတွေ အကျိုးအမြတ်ရတဲ့နေရာက တခုပဲ ရှိတယ်။ ၀န်ဆောင်မှုပေါ့။ ဘာ ၀န်ဆောင်မှုတွေ ပိုရနိုင်လဲ။ ပို တိုးတက် လာမလဲပဲ ကြည့်ရမှာ”ဟု စားသောက်ကုန် လုပ်ငန်း လုပ်ကိုင်နေသည့် စီးပွားရေး လုပ်ငန်းရှင်တဦးက ဆိုသည်။

အာဏာပိုင်များ၏ စီးပွားရေးဆိုင်ရာ မူဝါဒ ပြောင်းလဲမှုများအရ ပုဂ္ဂလိကသို့ တရားဝင် လွှဲပြောင်း လုပ်ကိုင်ခွင့် ပေးလာခြင်း သည် နယ်ပယ်ချဲ့ထွင်လိုသော စီးပွားရေးလုပ်ငန်းရှင်ကြီးများအတွက် အခွင့်အရေးတရပ်ဟု ဆိုနိုင်သော်လည်း တဖက်တွင် သမမျှတသည့် အကျိုးအမြတ်ကိုသာ ရယူ၍ ပြည်သူလူထု အကျိုးစီးပွားကို ထည့်သွင်းစဉ်းစား လုပ်ကိုင်မှသာ ဘက် ပေါင်းစုံ မျှတမှု ရှိနိုင်မည်ဟု မြင်ကြောင်း သူက ပြောသည်။

“ပြည်တွင်းက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေက အမည်ခံပြီး ၀ယ်ထားတယ်။ နိုင်ငံခြားက လာရင်းနှီးမြှပ်နှံ့တဲ့ သူတွေကို ပြန် ရောင်းတယ်။ ၀ယ်ပြီး ပြန်မရောင်းဘဲ ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့ လုပ်ငန်းရှင်ကြီးတွေရှိသလို၊ ဥပမာ စက်ရုံ ဆောက်မယ့် မြေ နေရာ ကောင်းကောင်းဆို ပြည်ပက လာဖွင့်ချင်တဲ့ ကောင်တွေကို ကြိုက်ဈေးခေါ်ပြီး ပြန်ရောင်းတဲ့ စီးပွားရေး လုပ်တာမျိုးရှိတယ်။ သတင်းစာထဲမှာ အဆိုပြုလွှာထည့်ပြီးခေါ်တယ်ဆိုတာကလည်း နေရာကောင်းတွေဆို မြင်တောင် မမြင်လိုက် ရပါဘူး” ဟု ငွေဆောင်နှင့် ချောင်းသာတွင် ဟိုတယ်များ ဖွင့်လှစ် လုပ်ကိုင်နေသူ လုပ်ငန်းရှင်တဦးက ဆိုသည်။ 

စစ်အစိုးရနှင့် နီးစပ်ပြီး ပြည်တွင်း စီးပွားရေး လုပ်ငန်းများကို လွှဲပြောင်းလုပ်ကိုင်ခွင့်ရရှိနေသည့် စီးပွားရေး သမားများနှင့် နိုင်ငံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် လုပ်ဆောင်နိုင်မည် မဟုတ်ကြောင်း စီးပွားရေး ပညာရှင်များက ပြောဆိုသည်။

“သေချာတာ တခုက ဘယ်သူပဲ လုပ်ခွင့်ရနေနေ ၊ ကောင်းအောင်၊ နိုင်ငံတိုးတက်အောင်၊ ပြည်သူတွေ တကယ်အဆင်ပြေ အောင် လုပ်ချင်စိတ်မရှိရင် ပိုင်ရှင် ပြောင်းသွားတာပဲရှိမယ်”ဟု စီးပွားရေး စာပေများရေးသားထုတ်ဝေနေသူ စာရေးဆရာ တဦး က ဆိုသည်။

စစ်အစိုးရသည် လွှတ်တော်ခေါ်ယူ၍ အစိုးရသစ်တက်ချိန်တွင် နိုင်ငံပိုင်လုပ်ငန်း၏ ၉၀ ရာခိုင်နှုန်းခန့်သည် ပုဂ္ဂလိကသို့ လွှဲပြောင်းပြီး ဖြစ်ရန်ဟူသော အစီအစဉ်ဖြင့် ၂၀၀၈ နှစ်ကုန်ပိုင်းမှ စတင်၍ ပုဂ္ဂလိကပိုင်ပြုလုပ်နေခြင်းဖြစ်သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်