ပုဂ္ဂလိကပိုင်ပြုမှု စီးပွားရေးလောက ဂယက်ရိုက်နိုင်

E-mail Print
စစ်အစိုးရက နိုင်ငံပိုင်စီးပွားရေးလုပ်ငန်း ၇၆ ခုကို မကြာသေးခင်က ပုဂ္ဂလိကပိုင်အဖြစ် လွှဲပြောင်းရောင်းချမှုကြောင့် စီးပွားရေး လောကတွင်း ကြီးမားစွာ ဂယက်ရိုက်စေနိုင်သည် ဟု စီးပွားရေး လုပ်ငန်းရှင်များနှင့် ပညာရှင်များက ပြောဆိုလိုက်သည်။

su_htoo_pan400ယင်းသို့ ပုဂ္ဂလိကပိုင် ပြုလုပ်ခြင်းကြောင့် ဈေးကွက်တွင် လည်ပတ်နေသော မြန်မာကျပ်ငွေ သန်း ထောင်ပေါင်းများစွာ အစိုးရထံ  ရောက်ရှိသွားမည်ဖြစ်သဖြင့် မြန်မာကျပ်ငွေ တန်ဖိုးမြင့်တက်လာပြီး ဒေါ်လာနှင့် ပြည်ပ ပို့ကုန်ရငွေ(Export Earning) တန်ဖိုးများ ထပ်မံ ကျဆင်းဖွယ်ရှိသည်ဟု စီးပွားရေးလုပ်ငန်းရှင်များက ခန့်မှန်းကြသည်။

“ဒီပစ္စည်းတွေ ထုတ်ရောင်းလိုက်တော့ ဈေးကွက်ထဲကငွေ ကျပ်သန်းထောင်ချီပြီး အစိုးရက သိမ်းသွား မှာ။ နဂိုကမှ ထိုးကျနေတဲ့ ဒေါ်လာဈေးနဲ့ Export Earning ဈေးက ထပ်ကျဖို့ပဲရှိတယ်။ ဒါဆိုရင် ကျနော်တို့ Export သမားတွေက အကြီးအကျယ်ကွဲပြီ။ နဂိုက မှ ဒေါ်လာနဲ့ Earning ဈေးကျလို့ လုပ်ငန်းတွေရပ်ကုန်တာ၊ ဒီလေလံပြီးရင် လုပ်ငန်းတွေ ထပ်ရပ်ကုန်လိမ့်မယ်”ဟု ငါးပုစွန်ပြည်ပ တင်ပို့နေသူ လုပ်ငန်းရှင်တဦးက ပြောသည်။

လက်ရှိ အမေရိကန် တဒေါ်လာလျှင် ကျပ် ၉၀၀ အောက် ဈေး ရှိနေသည်။

“Inflation(ငွေကြေးဖောင်းပွမှု)က ဘယ်လောက်ဖြစ်ဖြစ် ပြဿနာမရှိဘူး။ Inflation ဖြစ်လို့ ဈေးနှုန်းလိုက်တက်တာ တကယ်ဈေးကြီး တာမဟုတ်ဘူး။ Deflation(ငွေကြေးတန်ဖိုး မြင့်တက်) ဖြစ်ပြီဆိုရင်တော့ ပြဿနာတက်နိုင်တယ်။ ငွေကြေးတန်ဖိုးက ပြန် တက် လာပြီးတော့ ကုန်ဈေးနှုန်းတွေက မကျဘူးဆိုရင် ကုန်ပစ္စည်းတန်ဖိုးတွေ အရမ်းတက်သွားမယ်။ အရင် နှစ်ဒေါ်လာနဲ့ဝယ်စား လို့ရတဲ့ ဒံပေါက်တပွဲက Deflation ဖြစ်ပြီဆိုရင် ၃ ဒေါ်လာ အလိုလိုနေရင်းဖြစ်သွားမယ်။ Deflation ကိုမထိမ်းနိုင်ရင် တိုင်းပြည်မှာဆူဆူပူပူဖြစ်နိုင်တယ်”ဟု စီးပွားရေးဆိုင်ရာ စာပေများ ရေးသားသည့် စာရေးဆရာ မောင်စူးစမ်း က ပြောသည်။

မကြာသေးခင် ရက်ပိုင်းက အစိုးရသတင်းစာများတွင် ကြေညာခဲ့သည့် ပုဂ္ဂလိကပိုင်ပြုလုပ်မည့် နိုင်ငံပိုင်စီးပွားရေး လုပ်ငန်း ၇၆ ခု တွင် ၀န်ကြီးဌာန ၁၅ ခုမှ စက်ရုံအလုပ်ရုံများ၊ ရုပ်ရှင်ရုံများ၊ စားသောက်ဆိုင်များ၊ ဟိုတယ်များပါဝင်ပြီး စက်ရုံ ၃ ခု ကိုသာ မိမိ ကြိုက် နှစ်သက်ရာလုပ်ငန်း ပြောင်းလဲလုပ်ကိုင်နိုင်သည်ဟု ဖော်ပြထားသဖြင့် ကျန်နေရာများအားလုံးမှာ ယခင် လုပ်ငန်း ဟောင်းများကိုသာ ဆက်လက် လုပ်ကိုင်ရဖွယ် ရှိနေသည်ဟု လုပ်ငန်းရှင်များက ဆိုသည်။

စစ်အစိုးရ ရောင်းချမည်ဟု ကြေညာထားသော စားသောက်ဆိုင်၊ ဟိုတယ်နှင့် ရုပ်ရှင်ရုံအများစုမှာ လတ်တလောတွင် စီးပွားရေး လုပ်ငန်းရှင်တချို့မှ နှစ်ရှည် ငှားရမ်းလုပ်ကိုင်ထားခြင်းများလည်းရှိနေသဖြင့် လေလံတင်ရောင်းချပြီးပါက လျော်ကြေးတစုံတရာ မပေးဘဲ လုပ်ငန်းများ ဆက်လက်လုပ်ကိုင်ခွင့်မရတော့မည်ကိုလည်း လက်ရှိလုပ်ကိုင်နေသော လုပ်ငန်းရှင်များက စိုးရိမ်နေကြ သည်။

ပုဂ္ဂလိကပိုင်ပြုလုပ်မည့်စာရင်းတွင် ပါဝင်နေသည့်  စားသောက်ဆိုင်ကို အစိုးရထံမှ ငှားရမ်းလုပ်ကိုင်နေသူ တဦးကလည်း“ကျနော် ဒီဆိုင်ကို ငှားဖွင့်တာ ဟိုတယ် ခရီးဝန်ကြီးဌာနကို တလ ကျပ် တသောင်းခွဲ ပေးရတယ်။ ၅ နှစ် စာချုပ် ချုပ်ပြီး ငှားထားတယ်။ ဒီ ဆိုင် ငှားဖွင့်ခွင့်ရဖို့ ကျနော်ကုန်ထားတဲ့ ပိုက်ဆံက ကျပ် သိန်းတထောင် နီးပါးလောက်ရှိတယ်။ သူတို့က ဆိုင်ငှားခ ပြန်ပေးတယ် ဆိုရင်တောင် ကျနော်ဘယ်လိုသွားလုပ်မလဲ။ ကျနော့် ငွေ သိန်းတထောင် ယူထားတဲ့စားဖျော်လူကြီးတွေက ပိုက်ဆံတွေပြန်ပေးမှာလား”ဟု ပြောသည်။

ရန်ကုန်မြို့ရှိ ရုပ်ရှင်ရုံတချို့အား ငှားရမ်းလုပ်ကိုင်နေသည့် ၀ါဝါ၀င်းရွှေ ကုမ္ပဏီမှ ရုပ်ရှင်မင်းသမီးကြီး ဒေါ်ဝါ၀ါဝင်းရွှေကမူ ၎င်း လုပ် ကိုင် နေသော ရန်ကုန်မြို့ရှိ ဆုထူးပန်နှင့် ရွှေပြည်သာ ရုပ်ရှင်ရုံတို့မှာ လေလံတင်ရောင်းချမည့် ရုပ်ရှင်ရုံများစာရင်းတွင် ပါဝင်နေ သဖြင့် ပြန်လည် လုပ်ကိုင်ခွင့်ရရန် အဆိုပြုလွှာ တင်၍ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

စစ်အစိုးရက နိုင်ငံပိုင်လုပ်ငန်း အားလုံးနီးပါးကို လွှတ်တော်မခေါ်မီ အမြန်ရောင်းချနေခြင်းသည် ၎င်းတို့နှင့် နီးစပ်သူများကို သက် သာ သောဈေးနှုန်းများဖြင့် ရရှိစေလိုသောကြောင့်ဖြစ်သည်ဟု ဝေဖန်မှုများပေါ်ထွက်နေသော်လည်း စီးပွားရေးပညာရှင် တချို့ က ယခုအခြေအနေထက် ပိုမိုဆိုးရွားသည့် အခြေအနေမျိုး မဖြစ်နိုင်ဟု သုံးသပ်သည်။

“အခု လုပ်ငန်းတွေကို သွားကြည့်လိုက် ဘာမှလုပ်နေတာ မတွေ့ရဘူး။ ဒီဆိုင်ကြီးတွေ၊ ဒီနေရာကြီးတွေ နှမြောစရာ။ ပုဂ္ဂလိကပိုင် ပေးလိုက်တော့ ကိုယ်ပိုင်စီးပွားရေးဖြစ်သွားပြီ။ သူတို့လူပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ကိုယ့်လုပ်ငန်းကိုယ် ကောင်းအောင်လုပ်ကြတော့မှာပဲ။ ဒီအခြေအနေထက်တော့ သာမှာပဲ”ဟု မောင်စူးစမ်းက ပြောဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်