ဖိအားပေးမှုကြောင့် ဗေဒါသင်တန်းကျောင်း ခေတ္တ ပိတ်မည်

Friday, 11 February 2011 13:37
Print
လူမှုသိပ္ပံ ဘာသာရပ်များ သင်ကြားပေးနေသည့် ဗေဒါ သင်တန်းကျောင်း (Bayda Institute) ကို နေရာမှ ချက်ချင်း ဖယ်ရှားပေးရန် အာဏာပိုင်များက ဖိအားပေးသောကြောင့် သင်တန်းကျောင်းကို ခေတ္တရပ်နားမည် ဖြစ်ကြောင်း သိရသည်။

SAM_3829ရန်ကုန်မြို့ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်၊ စိတ္တသုခလမ်း၊ အမှတ် (၂၃) ငါးလွှာရှိ အခန်းတခန်းကို ရန်ကုန်ရှိ လူငယ်တစုက၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလမှ စတင်ငှားရမ်းခဲ့ပြီး လူမှုသိပ္ပံဘာသာရပ်များကို ပညာဒါနပြုဆရာများဖြင့် သင်ကြားပေးနေခြင်းဖြစ်သည်။

“ပြီးခဲ့တဲ့ အင်္ဂါနေ့က ည ၁၀ နာရီလောက်မှာ သင်တန်းကျောင်းရဲ့ အခန်းပိုင်ရှင်အမျိုးသမီး ကျနော့်အိမ်ရောက်လာပြီး သူ့ကို အာဏာပိုင်တွေက ကျနော်တို့ သင်တန်းကျောင်းဟာ အစိုးရဆန့်ကျင်ရေး လုပ်နေတဲ့အတွက် ကျောင်းကို ချက်ချင်းဖယ်ရှားပေးဖို့ ဖိအားပေးနေပါတယ်လို့ ငိုပြီးလာပြောတယ်” ဟု ဗေဒါသင်တန်းကျောင်းမှ ဆရာတဦးဖြစ်သူ ကိုမျိုးရန်နောင်သိမ်းက ပြောသည်။

၎င်းက ဆက်လက်၍ “ကျနော်တို့က အစိုးရဆန့်ကျင်ရေး လုပ်တာ မဟုတ်ဘူး။ လူငယ်တွေ ကမ္ဘာကြီးအကြောင်း ပိုသိလာဖို့၊ အင်္ဂလိပ်စာ တိုးတက် ကောင်းမွန်လာဖို့အတွက် ပညာမျှဝေနေကြတာာ။ ခင်ဗျားကို ဘယ်သူတွေက ဖိအားပေးနေသလဲ၊ ကျနော်တို့ လိုက်ရှင်းပြမယ်ဆိုတော့လည်း သူက မပြောပါရစေနဲ့၊ သူ့ကိုပါ ထိခိုက်လာမှာ စိုးလို့ပါလို့ ပြောတယ်” ဟု ပြောသည်။

ဗေဒါသင်တန်းကျောင်း၏ ဒုတိယအကြိမ်မြောက် သင်တန်းဆင်းပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ပြုလုပ်ခဲ့ရာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်တို့က သင်တန်းကျောင်းအတွက် ကျေနပ်မိကြောင်း စာပေးပို့ခဲ့ပြီး ဒု ဥက္ကဌ ဦးတင်ဦးက သင်တန်းဆင်းပွဲသို့ ကိုယ်တိုင်တက်ရောက်ခဲ့သည်။

ထိုသင်တန်းဆင်းပွဲအပြီးတွင် အာဏာပိုင်များ၏ ဖိအားပေးမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

“စဖွင့်စက ဘာအမည်မှ တပ်မထားဘူး။ ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီးနောက် ကျနော်တို့ အားလုံးတိုင်ပင်ပြီး သင်တန်းကျောင်းအမည်ကို  ဗေဒါလို့ အမည်ပေးလိုက်ကြတယ်။ အမာခံဆရာ ၂၁ ဦး ရှိပြီးတော့ တခြားအလှည့်ကျ ပညာဒါနပြုဆရာတွေလည်း ရှိပါတယ်” ဟု ကိုမျိုးရန်နောင်သိမ်းက ဆိုသည်။

အခန်းပိုင်ရှင် ဆက်လက်ဖိအားပေးမခံရစေရန် ရှေ့တပတ်အတွင်း ပြုလုပ်မည့် သင်တန်းဆင်းပွဲကို ရက်ရွှေ့လိုက်ကြောင်း၊ မည်သည့်အချိန် မည်သည့်နေရာတွင် ပြန်လည် ဖွင့်လှစ်နိုင်မည်ကို မသိသေးကြောင်းလည်း သိရှိရသည်။

ဗေဒါသင်တန်းကျောင်းတွင် လူမှုသိပ္ပံဘာသာရပ်နှင့် အထွေထွေသုံး အင်္ဂလိပ်စာတို့ကို အပိုင်းတပိုင်းလျှင် ရက်သတ္တပတ် ၂ ပတ်ကြာ သင်ကြားပေးနေပြီး အပတ်စဉ် လူ ၅၀ ခန့် တက်ရောက် သင်ကြားနေကြောင်း၊ ဘာသာရပ်တခုအတွက် သင်တန်းကြေး ၃၅၀၀ ကျပ် သတ်မှတ်ထားသော်လည်း သင်တန်းကြေး မပေးနိုင်သည့် သင်တန်းသားများကိုလည်း လက်ခံသင်ကြားပေးနေကြောင်း သိရသည်။