SSA – N ဝမ်ဟိုင်း ဌာနချုပ်သို့ ယာဉ်များ သွားလာခွင့် ပိတ်ထား

Friday, 11 February 2011 17:59
Print
ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) ၏ ၀မ်ဟိုင်း ဌာနချုပ်ဘက်သို့ ဖြတ်သန်း သွားလာနေသော ခရီးသည်တင် ကားနှင့် ကုန်တင်ကားကြီးများကို နအဖ စစ်အစိုးရက ယခုရက်ပိုင်းအတွင်း သွားလာခွင့် ပိတ်ပင်ထားသည်။

ဝမ်ဟိုင်း ဒေသသည် ရှမ်းပြည်နယ် မိုင်းရယ်မြို့နှင့် မိုင်းရှုးမြို့နယ် ကြားတွင်ရှိပြီး ယင်း ဒေသရှိ ကားလမ်းကို နအဖက သွားလာခွင့် ပိတ်ပင်လိုက်ခြင်းမှာ ပထမဦးဆုံးအကြိမ် ဖြစ်ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်က ဧရာဝတီသို့ ပြောသည်။

“မိုင်းရှုးကို လာမယ်ဆိုရင် ဒီ ၀မ်ဟိုင်းကို ဖြတ်ရတယ်။ တောင်ပိုင်းကို ဆင်းလာရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ သွားလာနေ ကြတာပဲ၊ တခါမှ ပိတ်တာ မကြားမိဘူး” ဟု ၎င်းက ဆိုသည်။

SSA - မြောက်ပိုင်းသည် နအဖ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့်အဖွဲ့ဖြစ်ပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို ငြင်းဆန်ထားသည့် အဖွဲ့လည်း ဖြစ်သည်။ ၀မ်ဟိုင်းဌာနချုပ်ဘက်သို့ ကားများကို ဖြတ်သန်းခွင့် မပြုသည့် အကြောင်းရင်းနှင့် ပတ်သက်ပြီး ယခုထိ ရှင်းရှင်းလင်းလင်း မသိရှိရ သေးပေ။

သို့သော် ကားများကို ဖြတ်သန်းခွင့် ပိတ်ပင်လိုက်ခြင်းသည် မကြာသေးခင် ရက်ပိုင်းက နအဖ စစ်တပ်နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သော ကချင်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ (KIO) တပ်ဖွဲ့ဝင်များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီးနောက် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

နအဖ အစိုးရ အနေဖြင့် လူထုနှင့် SSA - မြောက်ပိုင်းတပ်များအကြား သတင်းအဆက်အသွယ် သော်လည်းကောင်း စီးပွားရေးအရ သော်လည်းကောင်း ပြတ်တောက်စေရန် ဖိအားပေးခြင်းသာ ဖြစ်ကြောင်း SSA - မြောက်ပိုင်း တာဝန်ရှိသူ တဦး၏ ပြောကြားချက်ကို ကိုးကား၍ ဦးစိန်ကြည်ကဆိုသည်။

ယခုရက်ပိုင်း ၀မ်ဟိုင်းဌာနချုပ် အခြေစိုက်ရာ ဒေသ၌ လွိုင်လင် အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် (စကခ ၂) လက် အောက်ခံ တပ်များသည်လည်း တပ်အင်အား ၂၀၀ ခန့်အထိ တိုးချဲ့ထားကြောင်း သိရသည်။

မိုင်းလား တပ်ဖွဲ့ (NDAA) နှင့် “ဝ” ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့သည်လည်း စစ်အစိုးရ၏ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လက်မခံဘဲ ငြင်းဆန်ထားသည်။ 

အပစ်အခတ် ရပ်စဲထားသော တိုင်းရင်းသား အဖွဲ့များက စစ်အစိုးရ ထိန်းချုပ်မှုအောက်တွင် နယ်ခြားစောင့် တပ်ဖွဲ့ရန် ငြင်းဆန် ကာ လက်ရှိ အခြေအနေအတိုင်း ဆက်လက် နေထိုင်ခွင့်ရရှိရန် ကြိုးပမ်းလျက်ရှိကြောင်း၊ ထိုသို့ ငြင်းဆန်မှုကြောင့် စစ်ရေးအရ တင်းမာမှုများ ပေါ်ပေါက်နေကြောင်း သတင်းဖော်ပြချက်များ အရ သိရသည်။