မျိုးစပါးနှင့် ဓာတ်မြေသြဇာ ထောက်ပံ့မှု လုံလောက်စွာ မရရှိခြင်း တို့ကလည်း လယ်သမား တို့ကို ပိုမို အခက်အခဲ ဖြစ်စေသည်။
ဧရာဝတီ မဂ္ဂဇင်းက စုံစမ်း သိရှိရသမျှ လယ်သမားများ အတွက် တဧက စိုက်စရိတ် ကျပ်ကိုးသောင်း ဝန်းကျင်ရှိပြီး၊ တဧက အတွက် စပါး ရောင်းရငွေမှာ ကျပ်ခုနှစ်သောင်းသာ ရှိသောကြောင့် အရှုံးပေါ်နေရခြင်း ဖြစ်သည်။
ရန်ကုန်မြို့မှ စီးပွားရေး ပညာရှင် ဆရာခင်မောင်ညို (ဘောဂဗေဒ) က “(အရင်က ချေးငွေတွေ ပြန်မဆပ်နိုင်တော့) Liquidity problem (အကြွေး မဆပ်နိုင်မှု)နဲ့ ကျနော်တို့ ကြုံနေရတယ်” ဟု ဆိုသည်။
မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များ အသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး ကလည်း နာဂစ်မုန်တိုင်း အပြီးတွင် ဆန်စက် လုပ်ငန်းရှင်များ၏ ၇ဝ ရာခိုင်နှုန်း ခန့်သည် လုပ်ငန်း ဆက်လက် လည်ပတ်နိုင်ခြင်း မရှိတော့ကြောင်း၊ ယခင်နှစ် များနှင့် နှိုင်းယှဉ်ပါက ဝယ်ယူ သိုလှောင်မှု ၇ဝ ရာခိုင်နှုန်း ပျောက်ဆုံး သွားခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ရန်ကုန်မြို့အခြေစိုက် Weekly Eleven ဂျာနယ်၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
''ပြည်တွင်းမှာ နှစ်တိုင်း ဆန်သိုလှောင် ရောင်းဝယ်နေကျ ဆန်စက် လုပ်ငန်းရှင်တွေမှာ အများစုက နာဂစ် မုန်တိုင်းကြောင့် ဆုံးရှုံး ခဲ့ကြတယ်။ ခု ဈေးကွက်ထဲမှာ သူတို့ရဲ့ ဝယ်လိုအားက ၇ဝ ရာခိုင် နှုန်းလောက် အားနည်း သွားတယ်။ ဒါကြောင့် ပြည်တွင်း ဈေးကွက်မှာ အရောင်းအဝယ် အေးနေခြင်း ဖြစ်ပါတယ်။ ဆန်စက် လုပ်ငန်းရှင်တွေက နှစ်တိုင်း စပါးဟောင်းကို ထုတ်ရောင်းပြီး စပါးသစ် ပြန်ဝယ်တာ။ အခု နာဂစ်ကြောင့် တော်တော်များ မဝယ်နိုင်ဘူး''ဟု ဦးအောင်သန်းဦးက ဆိုသည်။
ကုန်သည်များ၏ လက်တွင် အရင်းအနှီး နည်းပါးလာပြီး ဆန်ဈေးနှုန်း မှာလည်း ပြီးခဲ့သည့်နှစ် ဇူလိုင်လက တတန်လျှင် ဒေါ်လာ ၅ဝဝ ရှိခဲ့ရာမှ ယခုအခါ ဒေါ်လာ ၂၅ဝ အထိ ကျဆင်း သွားသည်ဟု ဆိုသည်။
မြန်မာနိုင်ငံတွင် စပါးကို တနှစ်လျှင် နှစ်ကြိမ် စိုက်ပျိုးလေ့ရှိသည်။ ဧပြီလတွင် နွေစပါး စိုက်ပျိုးပြီး၊ မေလတွင် မိုးစပါး ပျိုးသည်။ နှစ်မျိုးစလုံးကို ဒီဇင်ဘာလတွင် ရိတ်သိမ်းကြသည်။
ယခုအခါ အရှုံးပေါ်နေသော လယ်သမားများမှာ ပုံမှန် စိုက်ပျိုးရန် အတွက် အခက်အခဲ ဖြစ်နေကြသည်။
“ကျနော်တို့မှာ ပိုက်ဆံ အလုံအလောက် မရှိဘူး၊ ပြီးခဲ့တဲ့နှစ်က နွေစပါး မစိုက်ဖြစ်ဘူး”ဟု ပဲခူးမှ လယ် ၁ဝ ဧက ပိုင်ဆိုင်သူ လယ်သမား ကိုဝင်းမောင်က ပြောပြသည်။
ထို့ပြင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း တို့တွင် ယမန်နှစ်က နာဂစ်မုန်တိုင်းဒဏ် သင့်ခဲ့သောကြောင့် စပါးအထွက်နှုန်း အနည်းဆုံး ၃၅ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း လယ်သမားများနှင့် စီးပွားရေး ပညာရှင်များက ဆိုသည်။
< Prev | Next > |
---|