ထိုင်းနယ်စပ် ဒုက္ခသည်စခန်း ၂ ခု အ၀င်အထွက် ပိတ်ပင်မည်

Wednesday, 18 May 2011 19:11
Print
ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်လနှင့် အုန်းဖျန် ဒုက္ခသည်စခန်းများတွင် နေထိုင်ကြသည့် ဒုက္ခသည်များ၏ စာရင်း အတိ အကျ သိရှိနိုင်ရန် ထိုင်းအာဏာပိုင်များက ၀င်ရောက်စစ်ဆေးမည်ဖြစ်သောကြောင့် ယခုလ၂၂ ရက်နေ့မှ စတင်၍ စခန်း အတွင်း ၀င်ထွက်သွားလာမှုများကို ပိတ်ပင်ထားမည်ဟု သိရသည်။

Aum-Phan-Refugee-Camp-tgထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရ မြို့နယ်ရှိ အုန်းဖျန် ဒုက္ခသည်စခန်းမှ ရပ်ကွက်မှူးတဦး က“ဒီလ ၂၃ ရက်နေ့ကစပြီး တာ့ခ် ခရိုင် အုပ်ချုပ်ရေးအဖွဲ့က ဒုက္ခသည်အားလုံးရဲ့စာရင်းကို အတိအကျကောက်ယူမှာဖြစ်တဲ့အတွက် အပြင်မှာအလုပ်သွားလုပ်ကြတဲ့လူတွေ၊ ခရီးလွန်နေတဲ့လူတွေကို အမြန်ပြန်လာကြဖို့ လိုက်ပြီးနိုးဆော်နေရတယ်၊ သတ်မှတ်ရက်မှာ မရှိလို့ကတော့ လူသစ် လူဟောင်း အားလုံး အပယ်ခံရမယ်”ဟု ဧရာဝတီသို့ ပြောသည်။

ယခုလ ၂၃ ရက်နေ့မှ ဇွန် လ ၁ ရက်နေ့အထိ ဒုက္ခသည်များ၏ စာရင်းကောက်ခံမှု အစီအစဉ်ကို တာ့ခ် ခရိုင် အုပ်ချုပ်ရေး အဖွဲ့ တခုတည်းကသာ ပြုလုပ်မည်ဖြစ်ပြီး ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR) ပါဝင်ခြင်းမရှိဟု သိရသည်။

ဒုက္ခသည်တဦးက“ထိုင်းကတော့ ဒီကိစ္စကိုအပြတ်ကိုင်တွယ်မယ်ဆိုတော့ စခန်းထဲကလူတွေလည်း အတော်စိုးရိမ်နေကြ တယ်၊ အပြင်ရောက်နေတဲ့ လူတွေလည်း ပြန်လာကြတာ ၃၀၀၀ လောက်ရှိမယ်၊ အခုထိ ပြန်လာနေတုန်းပဲ၊ စခန်းကို လုံ
ခြုံ ရေးပေးနေတဲ့ ထိုင်းတွေ ပြောတာက အထက်အမိန့်အရ ဒီလ ၂၂ ရက်နေ့မှာ စခန်းကို တံခါးပိတ်လုပ် မယ်လို့ပြော တယ်”ဟု ပြောဆိုသည်။

အုန်းဖျန်စခန်းအတွင်း စာရင်းကောက်ခံခြင်းနှင့် စစ်ဆေးမှုလုပ်ငန်းစဉ်များ ပြုလုပ်ရာတွင် လူ ဟောင်းများကို စခန်း အတွင်း ရှိ အမှတ် ၂ အထက်တန်းကျောင်းတွင် ပြုလုပ်မည်ဖြစ်ပြီး လူ သစ်များကို စခန်းဇုန် B တွင်ရှိသည့် ရိက္ခာထုတ်ပေးရေး ဂိုဒေါင်တွင် ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့မှတောင်ဘက် ၇၅ ကီလိုမီတာခန့် အကွာတွင်တည်ရှိသည့် အုန်းဖျန် ဒုက္ခသည် စခန်း တွင် ရပ်ကွက် ၁၆ ခုရှိပြီး မြန်မာ ဒုက္ခသည် ၁၆၀၀၀ ခန့် နေထိုင်လျက်ရှိသည်။

အလားတူစစ်ဆေးမှုများကို မယ်လ ဒုက္ခသည်စခန်း၌လည်း ယခုလ ၂၃ ရက်နေ့မှစတင်ကာပြုလုပ်မည်ဟု မယ်လစခန်း ဥက္ကဌ ကိုစောထွန်းထွန်း က ပြောသည်။

၎င်းက“အုန်းဖျန်စခန်းနဲ့ မယ်လစခန်းကို တချိန်တည်း လုပ်မှာဖြစ်တယ်၊ အသေးစိတ် အစီအစဉ်တွေကိုတော့ မနက်ဖြန်မှာ လုပ်မယ့် စခန်းကော်မတီအစည်းအဝေးပြီးမှပဲ သိရမယ်၊ သတ်မှတ်ရက်အတွင်း မရှိတဲ့လူကတော့ လုံးဝ အပယ်ခံရမှာ သေချာတယ်”ဟု ပြောသည်။

မယ်လ ဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် ၅၅ ကီလိုမီတာအကွာတွင် တည်ရှိပြီး ရပ်ကွက် ၂၂  ခုရှိကာ လက်ရှိတွင် ဒုက္ခသည် ၅၀၀၀၀ ကျော်နေထိုင်လျက်ရှိသည်ဟု ကရင်ဒုက္ခသည် ကော်မတီ(KRC)၏ မှတ်တမ်းများ၌ ဖော် ပြထားသည်။

မယ်လ ဒုက္ခသည်စခန်းကို ယခင်က ခရိုင် အုပ်ချုပ်ရေး အာဏာပိုင်များနှင့် ထိုင်း စစ်တပ်၊ ထိုင်း ရဲတပ်ဖွဲ့တို့က ညဘက် ရှောင်တခင် ၀င်ရောက်စစ်ဆေးမှုများရှိခဲ့သော်လည်း တရားမ၀င်နေထိုင်သူ ဆယ်ဂဏန်းမျှသာ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။