စီးပွားရေး လုပ်ငန်းရှင်ကြီးများ မီဒီယာလုပ်ငန်းတွင်လည်း ၀င်ပါမည်

E-mail Print
အစိုးရနှင့်နီးစပ်သော စီးပွားရေးလုပ်ငန်းရှင် ဖြစ်သည့် ယခင် အမှတ်(၁) စက်မှုဝန်ကြီး ဟောင်း ဦးအောင်သောင်း၏ သား IGE လုပ်ငန်းစုပိုင်ရှင် ဦးနေအောင်သည် ဂျာနယ် ထုတ်ဝေရန်အတွက် ပြင်ဆင်မှုများပြုလုပ် နေကြောင်း သိရသည်။

ဦးနေအောင်က Myanmar Wall Street ဟု အမည်ပေး၍ စီးပွားရေး သတင်းများကို ဦးစားပေးထုတ်ဝေရန် စီစဉ်နေကြောင်း ရန်ကုန်မြို့ရှိ မီဒီယာအသိုင်းအ၀ိုင်းက ပြောသည်။

“အခုလတ်တလောမှာတော့ လက်ရှိ မီဒီယာလောက က ဂျာနယ်လစ် တချို့ကို ချဉ်းကပ်ပြီး ခေါ်နေတယ်။ လက်ရှိလုပ်နေတဲ့ လစာ ထက် နှစ်ဆ၊ သုံးဆပိုပေးပြီး ခေါ်မယ်လို့ ကြားတယ်။ မီဒီယာလောကမှာ အင်နဲ့အားနဲ့ရင်းနှီးမြှပ်နှံမယ်လို့လည်း ကြားတယ်”ဟု ဂျာ နယ် အယ်ဒီတာ တဦးက ဆိုသည်။

ဦးတေဇ ၏ ထူးစီးပွားရေးလုပ်ငန်းစုသည်လည်း မီဒီယာလုပ်ငန်း လုပ်ကိုင်ရန် အစီစဉ်ရှိကြောင်းနှင့် ထုတ်ဝေမည့်ဂျာနယ်၏ အမည်နှင့် မည်သည့်အကြောင်းအရာအား ဦးစားပေးလုပ်ကိုင်သွားမည်ကိုမူ မသိရှိရသေးကြောင်း ကြားသိရသည်။

ထူးစီးပွားရေးလုပ်ငန်းစုမှ တာဝန်ရှိသူတဦးက ၎င်းတို့အနေဖြင့် လတ်တလောတွင် မီဒီယာလုပ်ငန်း လုပ်ကိုင်ရန် အစီအစဉ်မရှိသေး ကြောင်း ငြင်းဆိုထားသည်။

ပြည်တွင်းရှိ စီးပွားရေးပညာရှင်တဦးကို အယ်ဒီတာချုပ်အဖြစ်လုပ်ကိုင်ရန် IGE က ကမ်းလှမ်းထားပြီး ထူးအနေဖြင့်မူ ပြည်တွင်း ဂျာနယ်များတွင် လက်ရှိလုပ်ကိုင်နေသူများထဲမှ သုံးဦးကို အယ်ဒီတာချုပ်၊ ဒု အယ်ဒီတာချုပ် နှင့် တာဝန်ခံ အယ်ဒီတာများလုပ်ကိုင်ရန် ကမ်းလှမ်းထားသည်ဟု နီးစပ်သူ တဦးက ပြောသည်။

“IGE က ကမ်းလှမ်းထားတာတွေပဲ ရှိသေးတယ်။ ထူးက ပြည်တွင်းက ဂျာနယ်လစ် တချို့ခေါ်ထားတယ်။ ရှေ့လထဲမှာ အယ်ဒီ တာချုပ်၊ ဒု အယ်ဒီတာချုပ်နဲ့ တာဝန်ခံအယ်ဒီတာလုပ်မယ့် သူတွေက သူတို့သက်ဆိုင်ရာဂျာနယ်တွေကထွက်ခွင့်ရရင်လုပ်ငန်းစကြ မယ်လို့ သိရပါတယ်”ဟု ကမ်းလှမ်းထားသူများနှင့် နီးစပ်သူတဦးက ပြောသည်။

၎င်းက ကမ်းလှမ်းခံထားရသူများ၏ အမည်နှင့် အသေးစိတ် အစီအစဉ်များကို ပြောကြားရန် ငြင်းဆန်ခဲ့ပြီး မည်သည့်အချိန်တွင် ထုတ်ဝေမည်ကိုလည်း မသိရှိရသေးကြောင်း ပြောဆိုသည်။

“သူတို့က နေ့စဉ်ထုတ်အထိဖြစ်ဖို့ ရည်မှန်းထားတယ်လို့ ပြောတယ်။ မန္တလေးနဲ့ နေပြည်တော်မှာလည်း ရုံးခွဲတွေဖွင့်ဖို့ရှိတယ် လို့ လည်း ကြားရတယ်”ဟု အထက်ပါ ကမ်းလှမ်းထားသူများနှင့် နီးစပ်သူက ဆိုသည်။

ဦးနေအောင်သည် အောင်ရည်ဖြိုး၊ IGE ၊ MRT ၊ ယူနိုက်တက် အမရ စသည့် အမည်အမျိုးမျိုးဖြင့် ရွှေတူးဖော်ခြင်း၊ ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းများ၊ သစ်ထုတ်လုပ်ခြင်း၊ ဟိုတယ် လုပ်ငန်း၊ ဘဏ်လုပ်ငန်းများ လုပ်ကိုင်သည့်အပြင် အမှတ်(၂) လျှပ် စစ် ၀န်ကြီးဌာနသို့ မဟာ ဓာတ်အားလိုင်းများတွင် အသုံးပြုသည့် အကြီးစားလျှပ်စစ် ကြိုးခွေများ တင်သွင်းရေး လုပ်ငန်းများလည်း လုပ်ကိုင်သည်။

မကြာသေးမီကလည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ သွယ်တန်းမည့် ဓာတ်ငွေ့ပိုက်လိုင်းများကို စီမံကိန်းဧရိယာသို့ အရောက်  သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို IGE က လုပ်ကိုင်ခွင့်ကို ရရှိခဲ့သည်။

ဦးတေဇသည် စွမ်းအင်နှင့် လောင်စာဆီ လုပ်ငန်း၊ ဘဏ် လုပ်ငန်း၊ လေကြောင်းလိုင်း၊ တယ်လီဖုန်းနှင့် ဖုန်းကတ် အပါအ၀င် ဆက်သွယ်ရေးလုပ်ငန်း ၊ ဆောက်လုပ်ရေး ၊ အပန်းဖြေ ဥယျာဉ် စသည့် မြန်မာပြည်တွင်းရှိ အဓိက စီးပွားရေးလုပ်ငန်းကြီး များစွာကို လုပ်ကိုင်နေပြီး ကျပ် သိန်းထောင်ချီ အကုန် အကျ ခံ၍ ရန်ကုန် ယူနိုက်တက် အမည်ရှိ ဘောလုံး အသင်း တသင်းကိုလည်း တည်ထောင်ထားသူ ဖြစ်သည်။ ၎င်းကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟု လူသိများသည်။

ထိုသို့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များ မီဒီယာလောက ၀င်ရောက်လာခြင်းသည် စီးပွားရေးဆိုင်ရာ အကျိုးအမြတ်ထက် အခြား ရည်ရွယ်ချက်များ ရှိနိုင်ကြောင်း မီဒီယာ အသိုင်းအ၀ိုင်းက သုံးသပ်လျက်ရှိကြသည်။

“ဒီ စီးပွားရေးလုပ်ငန်းရှင်ကြီးတွေရဲ့ အကျိုးအမြတ်က အများကြီးရှိတယ်လေ။ ဂျာနယ်လောကရဲ့ အမြတ်ဆိုတာ သိပ်မရှိဘူး။ ဒီလောကထဲကို ၀င်လာတာဟာ စဉ်းစားစရာပါပဲ”ဟု အယ်ဒီတာတဦးက ပြောသည်။

လက်ရှိလစာထက် နှစ်ဆ၊ သုံးဆ ပေးမည်ဟု ကမ်းလှမ်းသော်လည်း ကမ်းလှမ်းခံရသူဂျာနယ်လစ်အများစုက စိတ်ဝင်စားမှုနည်းပါးသည်ဟု သိရသည်။

“ပြီးခဲ့တဲ့ တပတ်လောက်က ထူးကခေါ်ထားတဲ့ ဂျာနယ်လစ်တဦးက ကျနော့်ကို ကမ်းလှမ်းလာပါတယ်။ လက်ရှိလစာထက် အနည်း ဆုံး နှစ်ဆ ဒါမှမဟုတ် သုံးဆပေးမယ်ပြောတယ်။ သူတို့ရဲ့ မူဝါဒကို မသိရတာရယ်။ သူတို့လုပ်နေတဲ့ ကျောက်တူး လုပ်ငန်းကြောင့် ပတ်ဝန်းကျင် ပျက်စီးတာတွေ၊ စီးပွားရေးလောကကို လက်ဝါးကြီးအုပ်ထားတာတွေကို ရေးလို့ရေရှည်မှာ အကျိုးစီးပွား ထိပ်တိုက်
တွေ့ရနိုင်တာတွေ ရှိလာမယ်။ ဒါကြောင့် ကမ်းလှမ်းလာတဲ့ ငွေကြေးပမာဏကို မက်ပေမယ့် ရေရှည်ကို ကြည့်ပြီး ငြင်းလိုက်ပါတယ်။ တခြားဂျာနယ်လစ်တွေလည်း ငွေတခုတည်းကြည့်ပြီးလက်မခံဖို့ ရေရှည်စဉ်းစားဖို့ တိုက်တွန်းပါတယ်”ဟု ထူးမှ ကမ်းလှမ်းခြင်း ခံရသည့် ဂျာနယ် သတင်းထောက်တဦးက ပြောကြားသည်။

လက်ရှိတွင် အစိုးရနှင့် နီးစပ်သူများဖြစ်သော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(ကြံ့ဖွံ့ပါတီ) ကိုယ်စားလှယ်ဖြစ်သည့် ဒေါက်တာ တင်ထွန်းဦးသည် မြန်မာ တိုင်းမ် ဂျာနယ် အယ်ဒီတာချုပ်နှင့် ၎င်းပိုင် စွယ်စုံမီဒီယာမှ သုတစွယ်စုံ မဂ္ဂဇင်း၊ ပြည်မြန်မာ ဂျာနယ် ၊ သတင်းလွှာ ဂျာနယ်များကို ထုတ်ဝေနေပြီး ဒု ဗိုလ်ချုပ်ကြီးဟောင်း ဦးတင်အေး ၏ သား ဦးဇော်မင်းအေးက Messanger ဂျာနယ်ကို လည်းကောင်း၊ န၀တ ခေတ် အတွင်းရေးမှူး (၃) ဗိုချုပ်ဝင်းမြင့် မိသားစုဝင်များက ပေါ်ပြူလာ ဂျာနယ် ကို လည်းကောင်း စသည်ဖြင့် ထုတ်ဝေလျက်ရှိသည်။

မြန်မာနိုင်ငံတွင် ထုတ်ဝေလျက်ရှိသော ဂျာနယ် ပေါင်း ၁၇၀ ကျော် ရှိကြောင်း မီဒီယာ အသိုင်းအ၀ိုင်း၏ ခန့်မှန်းချက်အရ သိရ သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်