အရှင် ဂမ္ဘီရ အစာငတ်ခံ ဆန္ဒပြ

E-mail Print
စစ်ကိုင်းတိုင်း ကလေးမြို့အကျဉ်းထောင်တွင် ထောင်ဒဏ် နှစ်ရှည် ကျခံနေရသော၂၀၀၇ ခုနှစ်စက်တင်ဘာ သံဃာ့ လှုပ် ရှားမှု ဦးဆောင် ဆရာတော် တပါးဖြစ်သည့် အရှင်ဂမ္ဘီရ အပါအ၀င် နိုင်ငံရေးအကျဉ်းသားတချို့သည် အကျဉ်းသား အခွင့် အရေးများအတွက် မေလ ၂၇ ရက်နေ့မှ စတင်ပြီးအစာငတ်ခံ ဆန္ဒပြနေကြောင်း သိရသည်။

gambia400ထိုဆန္ဒပြသည့်နေ့တွင် အရှင် ဂမ္ဘီရ၏ နှမဖြစ်သူ မခင်သူဌေးသည် ကလေးမြို့ အကျဉ်းထောင်သို့ ထောင်ဝင်စာ သွား ရောက်တွေ့ဆုံစဉ် ထောင်ဝင်စာ တွေ့ခွင့်မရခဲ့ကြောင်း၊ သို့သော် ပါဆယ်ပေးခွင့်ရခဲ့သော်လည်း ပစ္စည်းလက်ခံသည့် အကြောင်းကြားစာ၌ အရှင်မ္ဘီရ ၏ လက်မှတ်မဟုတ်ဘဲ အမည်သာရေးထားပြီး မိသားစုမှ ပေးလိုက်သောစာအုပ်များကိုသာ ယူထားလိုက်ကြောင်း၊ အခြား အစားအစာများကို လက်မခံလိုက်ကြောင်း အရှင်ဂမ္ဘီရ ၏ မိခင်ဖြစ်သူ ဒေါ်ရေးက ဧရာဝတီ ကို ပြောသည်။

“SB (ရဲသတင်းတပ်ဖွဲ့) တွေလည်း အဲဒီနေ့က ဦးပဉ္ဇင်းတို့ အစာငတ်ခံဆန္ဒပြတာကို သတင်းလာယူတယ်။ ထောင် ၀န် ထမ်း က ထောင်ဝင်စာပိတ်ထားတယ်လို့ ပြောလိုက်တယ်။ ဦးပဉ္ဇင်းတို့အတွက် အရမ်းစိုးရိမ်တယ်”ဟု ၄င်းက ဆက်လက် ပြောဆိုသည်။

လူချင်း ထောင်ဝင်စာ တွေ့ခွင့်မရခဲ့သည့်အတွက် အရှင်ဂမ္ဘီရနင့် အတူ အစာငတ်ခံ ဆန္ဒပြနေသူများနှင့်ပတ်သက်ပြီး အရေ အတွက်၊ အမည်နာမများကို မသိခဲ့ရဟု ဆိုသည်။

အရှင်ဂမ္ဘီရထံသို့ လွန်ခဲ့သည့်လဆန်းက ထောင်ဝင်စာနောက်ဆုံးတွေ့ခွင့်ရခဲ့စဉ် ထောင်ဝန်ထမ်းတဦးမှတဆင့် စာ တစောင် မခင်သူဌေးကို တရားဝင်ပေးခဲ့သည်။ အဆိုပါစာမှာ အရှင်ဂမ္ဘီရ အပါအ၀င် ကလေး အကျဉ်းထောင်အတွင်း ရှိ အခြားသောနိုင်ငံရေးအကျဉ်းသားများက သမ္မတသစ် ဦးသိန်းစိန်ထံ လိပ်မူပြီး နိုင်ငံရေး အကျဉ်းသားများ၏ ဆုံးရှုံး နစ်နာ နေသော အစားအသောက် ကောင်းမွန်စွာရရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းမွန်စွာရရေး အပါအ၀င် အကျဉ်း သား အခွင့်အရေးများကို တောင်းဆိုထားခြင်းဖြစ်သည်။

အဆိုပါစာကို အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်၊ အာဆီယံ လူ့အခွင့် အရေး ကော်မတီ၊ အာရှ လူ့အခွင့်အရေး ကော်မရှင် များထံ မိတ္တူ ပို့ပေးရန်လည်း အရှင်ဂမ္ဘီရနှင့် နိုင်ငံရေး အကျဉ်းသား တချို့၏ စာတွင် ဖော်ပြထားကြောင်း သိရသည်။

ကလေး အကျဉ်းထောင်ရှိ အရှင်ဂမ္ဘီရအပါအ၀င် နိုင်ငံရေးအကျဉ်းသားများအနေဖြင့် တောင်းဆိုထားသော အကျဉ်းသား အခွင့်အရေးများကို လိုက်လျောရန် အစိုးရအာဏာပိုင်များက မည်သို့မျှ အကြောင်းကြားခြင်းမရှိလာသည့်အတွက် နောက်ဆုံး အစာငတ်ခံဆန္ဒပြ ခြင်းဖြစ်နိုင်သည်ဟု မခင်သူဌေးက ရှင်းပြသည်။

အရှင်ဂမ္ဘီရ(ဘွဲ့အမည်ရင်း ဦးစန္ဒောဘာသ- လူအမည် ညီညီလွင်)သည် သက်တော် ၃၁ နှစ်ရှိပြီဖြစ်ပြီး ၂၀၀၇ ခုနှစ် နိုဝင် ဘာလ ၄ ရက်နေ့တွင် ဖခင်ဖြစ်သူ ဦးမင်းလွင်(ပေါက်မြို့နယ် NLD ၏ တသီးပုဂ္ဂလ အမတ်လောင်း)နှင့်အတူ မန္တလေး တိုင်း၊ စဥ့်ကူမြို့နယ်တွင် ဖမ်းဆီးခံခဲ့ရသည်။ အရှင်ဂမ္ဘီရသည် နယ်စပ်ဖြတ်ကျော်မှု၊ တရားမ၀င်အသင်းနှင့် ဆက်သွယ်မှုအပါအ၀င် ပုဒ်မ ၁၃ ခုတို့ဖြင့် ထောင်ဒဏ် ၆၈ နှစ်ကျခံနေရာမှ ထောင်ဒဏ် ၅ နှစ်လျှော့ချပေးခြင်းခံခဲ့ရသည်။

အရှင်ဂမ္ဘီရနှင့်အတူ အစ်ကိုအပါအ၀င် မိသားစုဝင်များပါ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ယခုထိ အကျဉ်းထောင် အသီးသီးတွင် မိသားစုဝင် ၅ ဦးဆက်လက်ရှိနေသေးကြောင်း ဒေါ်ရေး က ပြောသည်။

“ဦးပဉ္ဇင်းအတွက် အမေ အရမ်း စိုးရိမ်နေတယ်”ဟု ၄င်းက ဆက်ပြောသည်။

ယခင်စစ်အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံအကျဉ်းထောင်အသီးသီးတွင် အဓမ္မ သင်္ကန်းချွတ်၍ လူဝတ် လဲကာ အကျဉ်းချခံထားကြရသော နိုင်ငံရေးအကျဉ်းသား သံဃာတော် ၂၂၅ ပါးသည် ထောင်ဒဏ်နှစ်ရှည် ကျခံနေရကြောင်း
နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း(AAPP)၏ နောက်ဆုံးထုတ်ပြန်ထားသော စာရင်းတွင်ဖော်ပြ ထားသည်။

မြန်မာနိုင်ငံသမိုင်းတွင် အင်္ဂလိပ် ကိုလိုနီ လက်အောက်ကျရောက်နေစဉ် အင်္ဂလိပ်အစိုးရ၏ မတရားဖမ်းဆီးထောင်ချခံ ရသော  သံဃာ့အာဇာနည် ဆရာတော် ဦးဝိစာရသည် အင်္ဂလိပ်အစိုးရထံ သင်္ကန်းပြန်လည်ဝတ်ဆင်ခွင့် အပါအ၀င် အ ကျဉ်းသား အခွင့်အရေးများအတွက် အစာငတ်ခံဆန္ဒပြကာ ရက်ပေါင်း ၁၆၆ ရက်မြောက်နေ့ ၁၉၂၉ ခုနှစ် စက်တင်ဘာ လ ၁၉ ရက်နေ့ သက်တော် ၄၁ နှစ်တွင် ရန်ကုန် ထောင်ကြီးထဲတွင် ပျံလွန်တော်မှုခဲ့ရသည်။

မကြာသေးခင်ရက်ပိုင်းများက အင်းစိန်အကျဉ်းထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားများကလည်း အကျဉ်းထောင် လက်စွဲဥပဒေပါ အကျဉ်းသားရပိုင်ခွင့်များနှင့်ပတ်သက်ပြီးတောင်းဆိုမှုများ မရခဲ့၍ နိုင်ငံရေး အကျဉ်းသား ၁၇ ဦးနှင့် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၃ ဦး၊ အခြားအကျဉ်းသူ ၄ ဦးတို့သည် မေလ ၁၈ ရက်နေ့မှ စတင် အစာငတ်ခံ ဆန္ဒပြခဲ့ကြသည်။

အင်းစိန်ထောင်တွင်း အစာငတ်ခံဆန္ဒပြခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများထဲမှ ၇ ဦးကို စစ်ခွေးတိုက်ပို့ပြီး အရေးယူ လူစုခွဲမှုလုပ်ခဲ့ပြီးနောက် တချို့ကို ထောင်အာဏာပိုင်များက ခေါ်ယူဆွေးနွေးခဲ့သည်။ ထို့နောက် စစ်ခွေးတိုက်မှ ပြန်လည် ခေါ်ထုတ်ကာ အင်းစိန်ထောင် အမှတ် ၅ အဆောင်ဝင်းအတွင်းရှိ တိုက် ၁ သို့ ပို့ဆောင်လိုက်ကြောင်း အကျဉ်းထောင်နှင့် နီးစပ်သူ တဦးက ပြောသည်။

သို့သော် မေလ ၂၇ ရက်နေ့တွင် နေပြည်တော်မှ အထူးစုံစမ်းရေး ကော်မရှင်အဖွဲ့တဖွဲ့ ရောက်လာပြီး ၄င်းတို့၏ တောင်း ဆိုချက်များနှင့် ပတ်သက်ပြီး ဆွေးနွေးကြရာ အကျဉ်းသားအခွင့်အရေးအဆိုင်ရာ အချက်ငယ် ၅ ချက်ကို လိုက်လျောခဲ့သော်လည်း အဓိကကျသော တောင်းဆိုချက်ကို လိုက်လျောမှု မရှိကြောင်း၊ အဆိုပါအချက်မှာ နိုင်ငံရေး အကျဉ်းသား များ အနေဖြင့် အခြားအကျဉ်းသားများကဲ့သို့ အကျဉ်းထောင်လက်စွဲ ဥပဒေ ပါ ရပိုင်ခွင့်အရ“လျှော့ရက်ခံစားခွင့်”ကို အာဏာပိုင်များက မည်သို့မှ မတုံ့ပြန်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ နောက်ဆုံးသိရတဲ့ အခြေအနေကတော့ ၂၈ ရက်နေ့ကတည်းက ထောင်ဝင်စာပိတ်လိုက်တယ်။ နေပြည် တော်က SB ညွှန်မှူးအဆင့်ရှိသူအပါအ၀င် စုံစမ်းရေးအဖွဲ့ တဖွဲ့ အစာငတ်ခံဆန္ဒပြတဲ့ ၅ ဆောင်ဝန်းထဲက ၁ တိုက်ကို လာ တွေ့တယ်။

လျှော့ရက်ခံစားခွင့်ကို ဘာမှ မတုံ့ပြန်ဘူးလို့ သိရတယ်၊ အဲဒီမှာတင် လာတွေ့တဲ့သူတွေကို သံပြိုင် အော်ဟစ် ဆန္ဒပြတော့ အားလုံးကို တိုက်ပိတ်လိုက်တယ် ကြားတယ်”ဟု အဆိုပါ အင်းစိန်အကျဉ်းထောင်နှင့်နီးစပ်သူက ဆက်ပြော သည်။

အကျဉ်းထောင်တွင်း ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများက အစာငတ်ခံဆန္ဒပြခြင်းသည် သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာအမိန့် ထွက်ပေါ်ပြီးနောက် မကျေမနပ်ဖြစ်ရာက စတင်ခဲ့ခြင်းဖြစ်သည်။

“သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်ကို မကျေနပ်တာကစခဲ့တာပဲ။ အဲဒီအမိန့်ထဲမှာ ပုံမှန်ရရှိခံစားရသည့်လျှော့ရက်အပြင် လျှော့ရက် ၁ နှစ် ထပ်မံလျှော့ပေါ့တယ်ဆိုတဲ့ စကားရပ်ပါတယ်။ အခုဟာက လွတ်လဲမလွတ်၊ ငြိမ်းလည်းမငြိမ်း၊ ချမ်းလည်း မချမ်းသာတဲ့ လွတ်ငြိမ်းချမ်းသာအမိန့်ဖြစ်နေတယ်။ သေဒဏ်တွေကို တသက်တကျွန်းပြောင်းလိုက်တာတော့ ကောင်းပါတယ်။ အမှန်က နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်မှသာလျှင် လွတ်ငြိမ်းချမ်းသာခွင့်အစစ်ဖြစ်မှာ”ဟု ဒေါ်ရေးက ပြော သည်။

ယခုကဲ့သို့ အရှင်ဂမ္ဘီရနှင့် နိုင်ငံရေးအကျဉ်းသားများကလည်း ကလေးမြို့အကျဉ်းထောင်တွင် အစာငတ်ခံဆန္ဒပြခြင်း၊ အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံဆန္ဒပြခြင်းများသည် အကျဉ်းသားရပိုင်ခွင့်များအတွက် ယခုရက်ပိုင်း ဆက်တိုက်ဖြစ်ပေါ်နေရာ ကုလသမဂ္ဂ နှင့် လူ့ အခွင့်အရေးအဖွဲ့များက အနီးကပ် စောင့်ကြည့်နေကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် လားရှိုးအကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျာ ၏ မိခင်ဖြစ်သူ အသက် ၇၉ နှစ်အရွယ် ဒေါ်ချစ်ဖွား သည် မွန်ပြည်နယ်၊ မုဒုံမြို့နယ် ကမာဝက် နေအိမ် တွင် ကွယ်လွန်သွားခဲ့ရာ မိခင်၏ နောက်ဆုံးဂါရ၀ပြုခွင့်ကို ပြည်တွင်းရှိ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့နှင့် မိသားစုဝင်များက အာဏာပိုင်များထံ ခွင့်ပြုရန် တောင်းဆိုခဲ့သော်လည်း ခွင့်ပြုခဲ့ခြင်းမရှိကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တဦးက ပြောသည်။

ဒေါ်ချစ်ဖွား၏ ဈာပနအခမ်းအနားကို ယမန်နေ့ မေလ ၂၉ ရက်နေ့က ကမာဝက် သုသာန်သို့ ပို့ဆောင်သင်္ဂြိုဟ်ခဲ့ပြီး ကိုမင်းဇေယျာ ၏ ဇနီးဖြစ်သူ မချိုသာလျှင် ခင်ပွန်းဖြစ်သူကိုယ်စား နောက်ဆုံးဂါရ၀ပြုခဲ့ရသည်ဟု သိရသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးတွင် သံဃာတော်များအပါအ၀င် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ကျော် ဆက်လက် ရှိနေဆဲဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများသည် ၄င်းတို့၏ ရပိုင်ခွင့်များဆုံးရှုံးနေကြောင်း AAPP ၏ ကြေညာချက်များတွင် ဖော်ပြထားသည်။

နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ခြင်းမရှိလျှင် အမျိုးသားပြန်လည်သင့်မြတ်ရေးမှာ မည်သို့မျှ မဖြစ်နိုင်ကြောင်း AAPP ၏ ဆောင်ပုဒ်တွင် အလေးအနက်ဖော်ပြထားသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်အသီးသီးရှိ နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးခြွင်းချက်မရှိ လွတ်မြောက်ရေး လက်မှတ်ထိုးလှုပ်ရှားမှု အရှိန်ရလာပြီး ယခုအခါ လက်မှတ်ပေါင်း ၁ သိန်းကျော်ရရှိနေပြီဖြစ်ကြောင်း၊ ယနေ့ နေ့လယ်၂ နာရီတွင် သမ္မတ ဦးသိန်စိန်ထံသို့ စာတိုက်မှတဆင့် တောင်းဆိုလက်မှတ်ပေါင်း ၂ သောင်းကျော် တတိယအသုတ် ပေးပို့မည်ဖြစ်ကြောင်း ဦးဆောင်လှုပ်ရှားသူ တဦးဖြစ်သည့် ကိုတိုးကျော်လှိုင်က ပြောသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်