တေးရေး မောင်သစ်မင်း (၅၈ နှစ်) ဈာပနပြီးစီး

E-mail Print
မြန်မာစတီရီယိုလောက ခေတ်ဦးတွင်ပါဝင်ခဲ့သူ နာမည်ကြီး တေးရေးဆရာ မောင်သစ်မင်း (၅၈) နှစ်၏ ကျန်ရစ်သည့် ရုပ် ကလာပ်ကို ယနေ့ ညနေ ၅ နာရီခွဲက ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ၀ပ်ထက်ပ်လီလာ ဘုန်းကြီးကျောင်းတွင် မီးသင်္ဂြိုဟ် ပြီးစီးပြီ ဖြစ်သည်။

maungthitminn01မောင်သစ်မင်းသည် အူမကြီး ကင်ဆာရောဂါကို ကုသရန်အတွက် မေလ ၂၂ ရက်နေ့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဆမ်မီ တဝေ့ ဆေးရုံကြီးတွင် တက်ရောက်ခဲ့ရာ ယမန်နေ့ နံနက် ထိုင်းစံတော်ချိန် ၉ နာရီ မိနစ် ၂၀ က ကွယ်လွန်သွားခြင်း ဖြစ်သည်။

၎င်းဈာပနကို လိုက်ပါဆောင်ရွက်သူ တေးရေး မြင့်မိုးအောင်က တေးရေး မောင်သစ်မင်းသည် စတီရီယို ခေတ်ဦးအစမှ စတင်ပြီး ယခု ထက်တိုင် သီချင်းကောင်းများကို ရေးသားခဲ့ကြောင်း၊ ဂီတလောကတွင်လည်း လူကြီးလူငယ်မရွေးနှင့် ချစ်ခင် သင့်တင့်မှု  ရှိခဲ့သည်အတွက် အမှတ်တရ များစွာ  ထားရစ်ခဲ့သည်ဟု ဆိုနိုင်ကြောင်း ဧရာဝတီသို့ပြောသည်။

“သီချင်းရေးဆရာဆိုတာ သီချင်းပဲ ဖန်တီးတာလေ၊ ဒါပေမယ့် ကိုသစ်မင်းက ဂီတလောက ကောင်းကျိုးကိုလည်း ဆောင်ခဲ့တယ်” ဟု သူကဆိုသည်။

စတီရီယို ဂီတလောက၏ ခေတ်ဦးဟု ခေါ်ဆိုနိုင်သည့် ၁၉၇၃ - ၇၄ ခုနှစ် ခန့်က စာပေလောကသို့ ၀င်ရောက်ခဲ့ပြီးဖြစ်သူ မောင်သစ်မင်းသည် ထိုစဉ်က ၎င်း၏ အကောင်းဆုံး လက်ရာတပုဒ် ဖြစ်သည့် အဆိုတော် စိုးပိုင်သီဆိုခဲ့သော “အချစ်ည၏ ရင်ခုန်သံ” သီချင်းဖြင့် ဂီတလောကသားအဖြစ် စတင်ခဲ့သည်။

မောင်သစ်မင်း ရုတ်တရက် ကွယ်လွန်သွားခြင်းသည် ညီငယ်တယောက် ဆုံးရှုံးသွားသကဲ့သို့ ခံစားရသည့် အပြင် ဂီတလော ကအတွက် ဆုံးရှုံးမှု တရပ်လည်း ဖြစ်သည်ဟု တေးရေး သုခမိန်လှိုင်က ဆိုသည်။

အမည်အရင်း ဦးဒေ၀ (ခ) မောင်သစ်မင်းကို ၁၉၅၃ ခုနှစ် ဇွန်လ ၆ ရက်နေ့တွင် မွေးဖွားခဲ့သည်။ ဖခင်မှာ တော်လှန်ရေး ကောင်စီ အဖွဲ့ဝင် ဒုဗိုလ်မှူးကြီး တင်စိုးဖြစ်ပြီး အစ်ကိုဖြစ်သူ ဒေါက်တာ ၀ဏ္ဏသည်လည်း စာပေ၊ ဂီတနှင့် တေးသီချင်းများကို ၀ါသနာထုံသူဖြစ်သည်။

မောင်သစ်မင်းသည် ၁၉၇၃ ခုနှစ် တ၀ိုက်တွင် ဆရာဝန်များ ဘ၀ကို ဖော်ကျူးသော ငရဲ၌ သစ်ငုတ်ဖြစ်စေသတည်း၊ အရှေ့နေထွက် အနောက်နေ၀င်၊ မပြောကောင်းတဲ့ အကြောင်းလေးတခု စသည့် ၀တ္ထုများကိုရေးသားခဲ့ပြီး ၁၉၇၅ ခုနှစ်တွင် စတီရီယို ဂီတလောက၏ မှတ်တိုင်တခုဖြစ်သည့် “တေးမြုံငှက်” ၀တ္ထုကို ရေးသားခဲ့သည်။

အဆိုပါ ၀တ္ထုတွင် သရုပ်ပျက်ဂီတဟု လူအများက ဝေဖန်ပြောဆိုကြသည့် စတီရီယို ဂီတ အနုပညာတွင် ဘ၀ကို မြှုပ်နှံ ရင်ခုန်ခဲ့သည့် ဇာတ်ကောင် ကိုကိုဝေကို ဖန်တီးပြီး စတီရီယိုခေတ်ဦး လူငယ်များ၏ ဘ၀ဖြတ်သန်းမှုကို မောင်သစ်မင်းက ဖော်ကျူးခဲ့သည်။

ယင်းဝတ္ထုတွင် အဆိုတော် စိုင်းထီးဆိုင်နှင့် တေးရေး စိုင်ခမ်းလိတ်တို့၏ ဂီတလောကကို ဖြတ်သန်းခဲ့ရသည့် ဘ၀ တစိတ်တပိုင်း၊ မင်းမင်းလတ်၊ စိုးပိုင်၊ စိန်သစ်၊ အောင်ကိုလတ်၊ သန်းနိုင်၊ ကျော်ဆွေဟန် စသည့် စတီရီယို ခေတ်ဦး လူငယ်များ၏ ကြိုစားမှု၊ ကိုရဲလွင်၊ ကိုနေ၀င်းတို့ အကြောင်း တပိုင်းတစ၊ လေးလုံးစပ် ကဗျာကို တော်လှန်ခဲ့ကြသည့် ဖော်ဝေး၊ မောင်ချောနွယ်၊ အောင်ချိမ့်၊ သုခမိန်လှိုင် စသည့် လူငယ် ကဗျာဆရာများ အကြောင်းကိုပါ ထည့်သွင်း ရေးဖွဲ့ခဲ့သည်။

တေးရေး သုခမိန်လှိုင်က ၁၉၇၃-၇၄ ခုနှစ် တ၀ိုက် မောင်သစ်မင်းနှင့် ဖော်ဝေး၊ မောင်ချောနွယ်၊ အောင်ချိမ့်၊ တေးရေး ပန်းချီဆရာ သော်ဒီဝေ၊ ပန်းချီ မုတ်သုန်၊ တေးရေး နောင်နောင် အစရှိသူတို့၏ အနုပညာလောကအတွင်း အနေအထိုင်ကို ပြောပြသည်။

“အဲဒီတုန်းက ကျနော်တို့က ဆံပင်အရှည်၊ ဂျင်းဘောင်းဘီတွေနဲ့ လမ်းသရဲပုံ ပေါက်နေတာလေ။ သစ်သစ် (မောင်သစ်မင်း) က စာရေးတဲ့ဘက်မှာ နာမည်ရနေပြီ။ တခြားစာရေးဆရာတွေက ကျနော်တို့နဲ့ မပေါင်းစေချင်ဘူး။ ဒါပေမယ့် သူကတော့ လာတွဲတာပဲ။ အခုတော့လည်း တကိုယ်တည်း ခရီးဆက်သွားပြီ” ဟု သုခမိန်လှိုင်က ဆိုသည်။

maungthitminn02

အဆိုတော် စိုးပိုင်သီဆိုသည့် “အနီးဆုံးလူ” သီချင်းသည် ဆရာမောင်သစ်မင်း၏ ပထမဆုံးသော ကိုယ်ပိုင်သံစဉ် တေးတပုဒ် ဖြစ်ပြီး ခိုင်ထူးသီဆိုသည့် “တေးမြုံငှက်” သီချင်းသည် သူ၏ အကောင်းဆုံး ကိုယ်ပိုင်သံစဉ် လက်ရာ တပုဒ်ဖြစ်သည်။

အဆိုတော် ပလေးဘွိုင်း သန်းနိုင် အတွက်လည်း အမြန်ယာဉ် ၂ တေးစီးရီတွင် ပါဝင်ရေးသားခဲ့သည့်အပြင် ၁၉၈၅ ခုနှစ် တ၀ိုက်က ရုပ်ရှင်မင်းသား ကျော်ဟိန်းအတွက် မောင်သစ်မင်း၏ ဒဿန သီချင်းများဟု ဆိုနိုင်သော အဓိပ္ပာယ် ရှိသောလူ၊ စင်ပေါ်ကတေးများ စသည့် တေးစီးရီးများကို ဆက်တိုက်ရေးပေးခဲ့သည်။

၁၉၉၀ ပြည့်နှစ် တ၀ိုက်က တေးလောကတွင် မင်းလေးပါးဟု အမည်တပ်ရလောက်သည်အထိ မောင်သစ်မင်း၊ ၀င်းမင်းထွေး၊ မင်းချစ်သူ၊ သုခမိန်လှိုင် (အမည်အရင်း ဦးအောင်မင်း) တို့ နာမည်ကြီးခဲ့ကြသည်။

၂၀၀၆ ခုနှစ်မှ စတင်ကာ မြန်မာနိုင်ငံ ဂီတ အစည်းအရုံးတွင် တွဲဖက်အတွင်းရေးမှူး ၂ အဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြား MRTV4မှ နေ၍ “ခေတ်ပြိုင် ဂီတ မှတ်တိုင်များ” အစီအစဉ်ကို အခန်းဆက် စီစဉ်ရိုက်ကူးခဲ့ရာ လူကြိုက်များခဲ့သည်။

တေးရေး မောင်သစ်မင်း၏ ဈာပနသို့ ၎င်း၏ သားအပါအဝင် မိသားစုဝင်များ လိုက်ပါပို့ဆောင်သည်ဟု သိရသည်။

 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်