ဒေါ်အောင်ဆန်းစုကြည် သတင်းပါသည့် Bangkok Post အချပ်ပို ဖြန့်ခွင့်မရ

Monday, 20 June 2011 17:02
Print
မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သည့် ဆောင်းပါးနှင့် ဓာတ်ပုံများ ပါဝင်သော ထိုင်းနိုင်ငံ အခြေစိုက် Bangkok Post နေ့စဉ် သတင်းစာ၏ ယမန်နေ့ထုတ် အပတ်စဉ် အချပ်ပိုကို ရန်ကုန်မြို့တွင် ဖြန့်ချိခွင့် မရခဲ့ကြောင်း သိရသည်။

bkkp-spectrumအဆိုပါ အချပ်ပို စာစောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဓာတ်ပုံများ၊ ရွှေဝါရောင် တော်လှန်ရေးကာလ ဓာတ်ပုံများအပြင် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့လာမည့် ခရီးစဉ်နှင့်ပတ်သက်၍ စာမျက်နှာ ၄ မျက်နှာခန့် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။

“လေဆိပ်ကို သတင်းစာရောက်ပြီဆိုတာနဲ့ သံရုံးနဲ့ အစိုးရ အဖွဲ့အစည်းတွေကို အရင်ဝေပြီးရင် စာပေစိစစ်ရေးကို သွားရတယ်။ စာပေစိစစ်ရေးက ခွင့်ပြုတယ် ဆိုမှ ကျန်တဲ့ ဟိုတယ်တွေ၊ စာဖတ် ပရိသတ်တွေ ဆီကို ရောက်တာ” ဟု Bangkok Post ကိုယ်စားလှယ် ဦးမျိုးအောင်က ဧရာဝတီကို ပြောသည်။

မြန်မာပြည်တွင် ဇွန်လ ၁ ရက် နေ့မှ  စတင်၍ ထိုင်းနိုင်ငံထုတ် Bangkok Post နှင့် The Nation သတင်းစာများကို  Success International Publisher’s Distributor ကုမ္ပဏီမှ ကိုယ်စားလှယ် အနေဖြင့် ဖြန့်ချိခွင့် ရထားသည်။ 

“လေဆိပ်မှာ သွားထုတ်လာ ကတည်းက ဖတ်ကြည့်တော့ ခွင့်မပြုလောက်ဘူးဆိုတာ သိတယ်။ စာပေ စိစစ်ရေးကို ရောက် တော့  ကျနော်တို့ ဘက်က ဒီလို အကြောင်းအရာတော့ ပါနေတယ်၊ ခွင့်ပြုနိုင်လား မေးလိုက်တော့ ပြဿနာ ရှိတယ်၊ ဖြုတ် လိုက် ဆိုတာနဲ့ ဖြန့်တဲ့အချိန်မှာ အချပ်ပို စာစောင် တခုလုံး ဖြုတ်သိမ်းလိုက်တာ” ဟု ဦးမျိုးအောင်က ပြောသည်။

ယမန်နေ့ထုတ် Bangkok Post အချပ်ပို စာစောင်များကို ဖြန့်ချိခြင်း မပြုကြောင်း သက်သေပြသည့် အနေဖြင့် မြန်မာပြည်တွင် ဖြန့်ချိမည့် သတင်းစာများတွင် ပါရှိသော အချပ်ပိုစာစောင် အရေအတွက် အားလုံးကို စာပေစိစစ်ရေးသို့ ပေးပို့ရကြောင်း ၎င်းက ဆိုသည်။

စာပေစိစစ်ရေးသို့ ဖြတ်သန်းပြီးသော ထိုင်းနိုင်ငံအခြေစိုက် သတင်းစာများသည် စာဖတ်ပရိသတ် လက်ထဲသို့ နေ့လယ် ၁ နာရီ ခန့်တွင် ရောက်ရှိသည်။

လက်ရှိ စာပေစိစစ်ရေး၏ အနေအထားသည် ယခင်ကထက် ဆင်ဆာ ကင်းလွတ်ခွင့်များ ရလာသည်ဟု ပြောနိုင်ပြီး  တဖြည်းဖြည်းနှင့် ဆင်ဆာ တင်းကျပ်မှုများ လျော့နည်းလာမည်ဟု မျှော်လင့်ကြောင်း ဦးမျိုးအောင်က ဆက်ပြောသည်။

“ဆင်ဆာ လွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဖြည်းဖြည်းပဲ သွားလို့ ရမယ်ထင်တယ်။ ချက်ခြင်းကြီး ဆင်ဆာတွေ လုံးဝ လွတ်သွားတာ မျိုးကတော့ ဖြစ်လာဦးမှာ မဟုတ်သေးဘူး။ အရင်တုန်းက အခြေအနေက စာအုပ်တိုက်နဲ့ အယ်ဒီတာတွေမှာ တာဝန် မရှိဘူး။ စာပေစိစစ်ရေးက ဖြုတ်ခိုင်းရင် ဖြုတ်လိုက် ခပ်ပေါ့ပေါ့ပဲ၊ တာဝန်သိပ် မရှိဘူး။ အခုက ကိုယ့်ဘာသာကိုယ် ဆင်ဆာ လုပ်ရမယ့် အပိုင်းတွေပါလာပြီ” ဟု သူက ဆိုသည်။

Bangkok Post  သတင်းစာကို မြန်မာပြည် အတွင်း၌ တစောင်လျှင် ကျပ် ၂၁၀၀ ဖြင့်  ၁ လ၊ ၃ လ၊ ၆ လ၊ ၁ နှစ် သတ်မှတ်ကာ လပေးစနစ်ဖြင့် ရောင်းချနေသည်။

အိမ်နီးချင်းထိုင်းနိုင်ငံနှင့် စီးပွားရေး ဆက်သွယ် လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များ မြန်မာနိုင်ငံတွင် များပြားလာကြောင်း၊ Bangkok Post သတင်းစာကို ၀ယ်ယူဖတ်ရှုသူ အများစုမှာ လုပ်ငန်းရှင်များဖြစ်ကြောင်း သိရသည်။

မြန်မာပြည်တွင်း၌ လက်ရှိတွင် Time ၊ Newsweek ၊ Reader’s Digest ၊ The Economist အပါအ၀င် နိုင်ငံတကာ စာစောင် ၆ မျိုးကို ဖြန့်ချိလျှက်ရှိသည်။

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက အားကစား၊ နည်းပညာ၊ ကျန်းမာရေး၊ အနုပညာနှင့် ကလေးစာပေ စသည့် စာပေအမျိုးအစား ၅ မျိုးကို စာပေ စိစစ်ရေးသို့ တင်ရန်မလိုဘဲ (ထုတ်တင်စနစ်ဖြင့်) ဇွန်လ ၁၀ ရက်နေ့မှ စတင်ကာ ထုတ်ဝေ ခွင့် ပြုထားသည်။