အဝေးပြေး ကားသမားများ လူကုန်ကူးမှု သတင်းပေး ရမည်

Wednesday, 29 June 2011 13:06
Print
အဝေးပြေး ခရီးသွားယာဉ်များပေါ်တွင် လူကုန်ကူးကြောင်း သံသယရှိပါက သက်ဆိုင်ရာသို့ သတင်းပေးရန်နှင့် သတင်းမပေးပါက ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များကို ထိရောက်စွာ အရေးယူမည်ဟု အာဏာပိုင်များက သတိပေးထားသည်။

Sunshine0420ရန်ကုန်တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းက မြောက်ဥက္ကလာပမြို့နယ် အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားစခန်း၌ ဇွန်လ၂၄ ရက်နေ့ကကျင်းပသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနှင့် ကြိုတင်ကာကွယ်ရေး အသိပညာပေး အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ခရီးသည် ပို့ဆောင်ရေးယာဉ်တွေမှာ တာဝန် ထမ်းဆောင်နေသူတွေအနေနဲ့ ယာဉ်ပေါ်လိုက်ပါလာရာမှာ ဖြစ်စေ၊ လက်မှတ်ရောင်း ရာမှာဖြစ်စေ၊ သံသယဖြစ်စရာတွေ့ရင် သတင်းပေးပို့ရမယ်။ သံသယဖြစ်စရာ သိလျက်နဲ့ တင်ဆောင်လာရင် အရင်ကတော့ အရေး မယူပါဘူး။ နောင်မှာ လူကုန်ကူးမှုတားဆီးရေး ဥပဒေပါ ပြဌာန်းချက်များအရ အားပေးကူညီရာ ရောက်တဲ့အတွက် အတိုင်းအတာ တခုအထိ အရေးယူသွားမယ်” ဟု ဗိုလ်မှူးကြီးတင်ဝင်းက ဆိုသည်။

လူကုန်ကူးမှု ဖြစ်စဉ်များတွင် မော်တော်ယာဉ်လိုင်းများဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံ နယ်စပ်များသို့ လူမှောင်ခိုကူးမှုများ ပြုလုပ်သည်ကို အဓိကတွေ့ရှိရကြောင်းလည်း ၎င်းက ပြောဆိုသည်။

ရန်ကုန်-ကော့သောင်း ပြေးဆွဲနေသော ယာဉ်လိုင်းမှ ယာဉ်မောင်း တဦးက “ကျနော်တို့ကို လူကုန်ကူးမှု သံသယရှိနေတယ် ဆိုတာနဲ့ သတင်းပေးရမယ်။ မပေးရင် အရေးယူမယ်လို့ ပြောသွားတယ်။ သမီးရည်းစား ဟန်ဆောင်တာတို့၊ လင်မယားဟန်ဆောင်ပြီး သွားတာတို့ကြတော့ ကျနော်တို့ မသိနိုင်ဘူးဗျ”ဟု ပြောသည်။

လူကုန်ကူးမှုများတွင် သမီးရည်စား ဟန်ဆောင်၍ လည်းကောင်း၊ လင်မယား ဟန်ဆောင်၍ လည်းကောင်း တရုတ်နိုင်ငံဘက်သို့ ပို့ဆောင် ရောင်းစားမှုများရှိကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူတဦးကလည်း ဆိုသည်။

၂၀၁၀ ပြည့်နှစ်အတွင်း တရုတ်နိုင်ငံသို့ လူကုန်ကူးခြင်း ခံခဲ့ရပြီးနောက် မြန်မာနိုင်ငံသို့ ပြန်လည်လွှဲ ပြောင်းခဲ့သည့် အမျိုးသမီးများတွင် အသက်အကြီးဆုံး အသက် ၅၀ အထက်မှ အသက်အငယ်ဆုံး ၁၅ နှစ်အောက်များ ပါဝင်ခဲ့သည်။

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု စုစုပေါင်း ၆၄၂ မှုကို အရေးယူခဲ့ပြီး လူကုန်ကူးသူတရားခံပေါင်း ၁၀၀၀ ကျော် အထိ အရေးယူခဲ့ကြောင်း၊ လူကုန်ကူးခံရသူ ၁၀၀၀ ကျော်ကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း၊ ယင်းအမှုများတွင် တရုတ်နိုင်ငံသို့ ဦးတည်၍ လူကုန် ကူးမှု ၈၀ ရာခိုင်နှုန်းနှင့် ထိုင်းနိုင်ငံသို့ ဦးတည် လူကုန်ကူးမှု ၁၅ ရာခိုင်နှုန်း ရှိကြောင်း လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၏ စာရင်းဇယားများ၌ ဖော်ပြထားသည်။

တနိုင်ငံလုံး အတိုင်းအတာအရ လူကုန်ကူးခံရသူများတွင် အသက်၂၅ နှစ်အထက် ၁၄၇ ဦးရှိပြီး အသက် ၁၈ နှစ်နှင့်၂၄ နှစ်ကြား ၁၃၂ ဦး ပါဝင်ကာ ၁၈ နှစ်အောက် ၁၀၂ ဦး ပါဝင်သည်ကို စာရင်းများအရ သိရသည်။

“တနိုင်ငံလုံး အတိုင်းအတာနဲ့ဆို ရန်ကုန်တိုင်းဒေသကြီးက လူကုန်ကူးမှု ပိုများနေတယ်ဆိုတာ တွေ့ရတယ်။ လူကုန်ကူးတဲ့ တရားခံတွေရဲ့ဇာတိကလည်း ရန်ကုန်က များပါတယ်”ဟု လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

လူကုန်ကူးသူတရားခံများအနေဖြင့် နယ်စပ်ဒေသများသို့ လူကုန်ကူးရာတွင် မော်တော်ယာဉ်လိုင်းများကို အခြေခံ သုံးပြုလျက်ရှိပြီး လူကုန်ကူးမှု၏ အနက်အဓိပ္ပာယ်ကို သိရှိစေရန် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကုလသမဂ္ဂ မဲခေါင်မြစ်ဝှမ်းဒေသ လူကုန်ကူးမှု တိုက်ဖျက် ရေး အဖွဲ့ (United Nations Inter-Agency Project on Human Trafficking in the Greater Meking Sub-Region-UNIAP) မှ အမျိုးသားစီမံကိန်း ညှိနှိုင်းရေးမှူး ဒေါ်ဥမ္မာအိအိချော က ပြောသည်။

“ရန်ကုန်တိုင်းအတွင်းမှာဆို ဒလ၊ လှိုင်သာယာ၊ သံလျင်၊ မှော်ဘီ၊ ဒဂုံတောင်နဲ့ သင်္ဃန်းကျွန်း မြို့နယ်တွေမှာ လူကုန်ကူးမှု ဖြစ်နေတာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။

လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး “မေတ္တာမီးအိမ်” တေးသရုပ်ဖော်နှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေး ဇာတ်လမ်းတို့ကို အဝေးပြေးကားများပေါ်တွင် ပြသသွားရန်စီစဉ်ထားပြီး သရုပ်ဆောင်အနုပညာရှင်များ ပါဝင်ထားသည့် ပိုစတာများအားလည်း အဝေးပြေးကားဝင်း အပါအ၀င်နေရာ အနှံ့အပြား၌ စိုက်ထူသွားရန် စီစဉ်ထားကြောင်း ဒေါ်ဥမ္မာအိအိချောက ဆိုသည်။

ဇွန်လ ၂၇ ရက်နေ့တွင် အမေရိကန်က ထုတ်ပြန်သည့် ၂၀၁၁ လူကုန်ကူးမှု အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် လူကုန်ကူးမှု တိုက်ဖျက်ရေး စံချိန်စံညွှန်းကို အနည်းဆုံးအားဖြင့် လိုက်နာရန်ပင် ပျက်ကွက်လျက်ရှိပြီး သိသာထင်ရှားသည့် အားထုတ်လုပ်ဆောင်မှုများ မရှိဟု ဖော်ပြထားသည်။