ပရိသတ်ကြောင့် မြန်မာ့ဘောလုံးလောက ထိခိုက်နိုင်

E-mail Print
မြန်မာ- အိုမန်ပွဲတွင် ရမ်းကားသည့် မြန်မာပရိသတ်ကြောင့် နိုင်ငံတကာ ဘောလုံးပွဲများ မြန်မာနိုင်ငံ၌ ကျင်းပခွင့် မရတော့မည်ကို စိုးရိမ်ကြောင်း မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်က ပြောဆိုလိုက်သည်။

News_Ball_addition
ယမန်နေ့ညနေက ကမ္ဘာဖလားခြေစစ်ပွဲ အတွက် မြန်မာနှင့် အိုမန်အသင်းတို့ ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်နေစဉ် ပရိသတ်တချို့က အရာဝတ္ထုမျိုးစုံဖြင့် ကွင်းအတွင်းသို့ ပစ်ခတ်ကြသဖြင့် ပွဲပျက်သွားသည်။

“အခုလို ပြောမရ ဆိုမရနဲ့ သောင်းကျန်းနေမယ် ဆိုရင် နိုင်ငံတကာ ဘောလုံးပွဲတွေ ကျင်းပခွင့် ပိတ်တာ၊ မြန်မာဘောလုံးအသင်းကို နိုင်ငံတကာပြိုင်ပွဲ ကန်ခွင့် မပေးတာ လုပ်နိုင်တယ်” ဟု မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ပြန်ကြားရေးတာဝန်ခံ ဦးစိုးမိုးက ပြောသည်။

ဖီဖာ ခေါ် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်၏ ဥပဒေအရပင် အိမ်ရှင်အသင်းမှပရိသတ်က တစုံတခုဖြင့် ကွင်းထဲသို့ ပစ်ပေါက်လျှင်ပင် ပစ်ခတ်သည့် အရာဝတ္တုတခု အတွက် ဒဏ်ကြေးအဖြစ် ဒေါ်လာ ၅၀၀၀ အထိ သတ်မှတ်ထားကြောင်း၊ ယမန်နေ့က ပစ်ပေါက်သည့် ပစ္စည်းများ အလွန် များပြားသည် အတွက် ဒဏ်ငွေလည်း များစွာ ဆောင်ရနိုင်သည်ဟု ဦးစိုးမိုးက ရှင်းပြသည်။

ပစ်ပေါက်မှုတချို့ကြောင့် ကွင်းအတွင်းရှိ စည်းကြပ်ဒိုင်တဦး၏ ဦးခေါင်းကို ထိမှန်ပြီးနောက် ဖီဖာ တာဝန်ရှိသူများနှင့် ဒိုင်လူကြီးများ တိုင်ပင်ကာ ပွဲကို ရပ်ဆိုင်းလိုက်ရသည်။

မြန်မာပရိသတ်တချို့၏ တုံပြန်မှုမှာ စိတ်ပျက်စရာကောင်းကြောင်း၊ တိုင်းပြည်နှင့်လူမျိုး အပါအ၀င် အားကစားကဏ္ဍတခုလုံး နစ်နာကြောင်း၊ အားကစားအဆင့်မြင့်ရန် ပရိသတ် အနေဖြင့် ထိန်းသိမ်းရန်  မီဒီယာများမှ တဆင့် ပြောကြားလိုကြောင်း ဦးစိုးမိုးက ပြောသည်။

ယခုအချိန်အထိ ပွဲကြီးကြပ်သည့် ဒိုင်လူကြီး အစီရင်ခံစာ ထွက်ပေါ်မလာသေးသည့် အတွက် ဖီဖာက မည်သို့မည်ပုံ အရေးယူမည်ကို မသိရသေးပေ။

ယမန်နေ့က  ပွဲစပြီး ၂၁ မိနစ်တွင် အိုမန်အသင်းမှ ကျောနံပါတ် ၂၀ က အဖွင့်ဂိုးကို သွင်းယူလိုက်ပြီး  အိုမန်က တဂိုးအသာဖြင့် ဦးဆောင်နေရာမှ  ၃၇ မိနစ်တွင် မြန်မာအသင်း ပင်နယ်တီ အပေးခံရသည်။  ထိုအတွက် ကွင်းလယ်ဒိုင်၏ အဆုံးအဖြတ်ကို မကျေနပ်သော ပရိသတ်တချို့က ကွင်းအတွင်းသို့  ရေသန့်ဗူး၊ ရေထုပ်၊ ထမင်းထုပ်၊ ကွမ်းတံတွေးဗူး၊ ကွမ်းတံတွေးထုပ် စသည့် ပစ္စည်းမျိုးစုံဖြင့်  ပစ်ပေါက်ခဲ့သည်။

ပစ်ပေါက်ရာတွင် ထီးအလက်ပေါင်း ၂၀ကျော်၊ ဖိနပ်ပေါင်း များစွာ၊ ခဲများနှင့် ကွန်ပါဆူးချွန်များလည်း ပါဝင်သည်ဟု ဘောလုံး သတင်းများကို သီးသန့်ဖော်ပြသည့် Soccer Myanmar အင်တာနက်စာမျက်နှာတွင် ရေးသားထားသည်။  ထိုပစ္စည်းများဖြင့် ပစ်ပေါက်ခဲ့သည်ဟု ယူဆရသူတချို့ကို ထိန်းသိမ်းထားသည်ဟု ဆိုသည်။

ယခုအခါ အာရှဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူများက အိုမန်အသင်းအား  အနိုင်ပေးလိုက်သဖြင့် အိုမန် အသင်းက နှစ်ပွဲပေါင်း ၄ဂိုးပြတ်ဖြင့် အနိုင်ရသွားသည်။

ယမန်နေ့က ဖြစ်ရပ်သည် ဒိုင်ဆုံးဖြတ်ချက် လွှဲမှားသည်ဟု ထင်မြင်သည့် ပရိသတ်တချို့က စတင်ပြုလုပ်ခြင်းကြောင့် ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကလည်း လုံခြုံရေး တင်းကျပ်မှုနည်းပါးကြောင်း၊ ကွင်းအတွင်း အခမဲ့ ၀င်ခွင့်ပြုသည့်အတွက် ပရိသတ် အရေအတွက် မတန်တဆ များပြားကာ ဆူပူမှု ပိုမို ကြီးထွားခြင်း ဖြစ်ကြောင်း သွားရောက်ကြည့်ရှုသည့် ဘောလုံးဝါသနာရှင်တဦးက ထောက်ပြဝေဖန်သည်။

အားကစားကလောင်ရှင် ဦးခင်မောင်ထွေးက ဤဖြစ်ရပ်တွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၌လည်း တာဝန်ရှိကြောင်း၊ ၂၀၁၃ ခုနှစ် မြန်မာနိုင်ငံတွင် အရှေ့တောင်အာရှ အားကစားပွဲ (ဆီးဂိမ်း) ကျင်းပမည် ဖြစ်ရာ ကြိုတင်လေ့ကျင့်သည့် အနေဖြင့် ပွဲအတွင်း လုံခြုံရေးကို တိတိကျကျ လုပ်ကိုင်ရန် လိုအပ်ကြောင်း ထောက်ပြသည်။

“ပရိသတ်ကလည်း အစကတည်းက အိုမန်ကို မြန်မာ မနိုင်ဘူး ဆိုတာ သိရမယ်၊ ဒါကို နိုင်စေချင်တဲ့ဇော ကြီးလို့ မရဘူး” ဟု ဦးခင်မောင်ထွေးက ပြောသည်။

အိုမန်ဘောလုံးသမားတချို့၏ လုပ်ရပ်မှာလည်း ပွဲဆူစေရန် လုပ်ဆောင်သကဲသို့ ဖြစ်နေကြောင်း၊ သွေးပူ လေ့ကျင်ခန်းလုပ်သည့်အခါ သတ်မှတ်ထားသည့် နေရာတွင် လုပ်ဆောင်ခြင်း မရှိဘဲ မြန်မာ ဂိုးသမားအနီးသို့ သွားရောက် လုပ်ကိုင်သည့်အတွက် အရံဒိုင်များက တားမြစ်ခဲ့ရကြောင်း၊ မြန်မာပရိသတ်ကလည်း စိတ်ဓာတ် အဆင့်မြင်ရန် လိုကြောင်း ဦးခင်မောင်ထွေးက ပြောသည်။

လွန်ခဲ့သည့် ၁၅ နှစ် ခန့်ကလည်း မြန်မာအသင်းသည် ဆော်ဒီအာရေဗျ အသင်းကို အိမ်ကွင်း လက်ခံကစားရန် ငြင်းပယ်ခဲ့သည့်အတွက် နိုင်ငံတကာပွဲကစားခွင့် ၂နှစ် ပိတ်ပင်ခြင်း ခံခဲ့ရဖူးကြောင်း၊ ယခုလည်း  နိုင်ငံတကာပွဲကစားခွင့် ၂ နှစ်ခန့် ပိတ်ပင်ခြင်း ခံရဖွယ် ရှိကြောင်း သုံးသပ် ပြောဆိုသည်။

အိမ်နီးချင်း ထိုင်း နှင့် မလေးရှားနိုင်ငံတို့တွင် ပရီးမီးယားလိဂ် အသင်းများ သွားရောက် ကစားခဲ့သော်လည်း ပြဿနာ မဖြစ်ခဲ့ပေ။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်