အစိုးရသစ်လည်း မြေသိမ်း

E-mail Print
အရပ်သားအစိုးရသစ် လက်ထက်တွင်လည်း  တိုင်းရင်းသားဒေသ လယ်မြေသိမ်းယူမှု အများအပြား ပေါ်ပေါက်နေဆဲ ဖြစ်ကြောင်း သိရသည်။

အထူးသဖြင့် မွန်၊ ရှမ်း၊ ရခိုင် ပြည်နယ်များ နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှ လယ်သမားတို့၏ ဘိုးဘွားပိုင်လယ်မြေ၊ နွားစားကျက်မြေ၊ ဥယာဉ်ခြံမြေ၊ ရာဘာခြံမြေများ အသိမ်းခံနေရသည်ဟု ဒေသခံများက ပြောသည်။

ဤအတောအတွင်း မြေသိမ်းခံရမှုများအကြောင်း အစီရင်ခံစာတစောင် ထွက်ပေါ်လာရာ မေလမှ စတင်ပြီး မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းအတွင်း ဒေသခံစစ်တပ်က လျော်ကြေး မပေးဘဲ သိမ်းယူလိုက်သည့် ရာဘာခြံဧက ၄၀၀၀ ၀န်းကျင် ရှိကြောင်း၊ ဒေသခံ ၂၄၀ ၏  ရာဘာခြံများ ဖြစ်ကြောင်း ဖော်ပြထားသည်။

“ခြံပိုင်ရှင်တွေကို လုံခြုံရေးအရဆိုပြီး ခြံထဲကို လုံးဝ ပေးမ၀င်တော့ဘူး၊ တကယ်လို့ ခြံထဲကိုဝင်ပြီးတော့ ရာဘာစေးခြစ်မယ် ဆိုရင် ပိုက်ဆံပေးရမယ် ဆိုပြီး စစ်တပ်က ငွေတောင်းတာတွေ၊  ခြိမ်းခြောက်တာတွေ လုပ်လိုက်တော့ အလုပ်လက်မဲ့တွေဖြစ်ပြီး ဒုက္ခရောက်နေကြတယ်” ဟု အစီရင်ခံစာကို ထုတ်ပြန်သည့် မွန်ပြည်နယ် လူ့အခွင့် အရေးဖောင်ဒေးရှင်း၏ တာဝန်ခံ ကိုနိုင်ဦးမွန်က ရှင်းပြသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဖြန့်ချိလိုက်သည့် ထိုအစီရင်ခံစာကို သမ္မတဦးသိန်းစိန်၊  ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်တို့ထံ တင်ပြထားကြောင်း စစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်နေမှုများအား စုံစမ်းပြီး လယ်သမားများအတွက် နစ်နာကြေးပေးရန်၊ အဓမ္မသိမ်းယူမှုများ ဆက်လက် မပေါ်ပေါက်ရေးအတွက် တားဆီးပေးရန်တို့ကို တောင်းဆိုထားကြောင်း သူက ပြောသည်။

ပြီးခဲ့သည့် ၁၀ နှစ် အတွင်း မွန်၊ တနင်္သာရီး၊ ကရင် ဒေသခံစစ်တပ်က သိမ်းယူထားသော လယ်မြေဧက စုစုပေါင်း ၂၀၀၀၀ ၀န်းကျင် အထိ ရှိသည်ဟု သူက ဆက်ပြောသည်။

စစ်တပ်၏ မတရားလုပ်ဆောင်မှုကို ဆယ်စုနှစ်ချီ ခံခဲ့ရသော်လည်း ယခု အစိုးသစ်လက်ထက်တွင် အပြောင်းအလဲ ဖြစ်လာမည်ဟု မျှော်လင့်ထားကြောင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့မှ ရာဘာခြံ အသိမ်းခံထားရသူ တဦးက ဆိုသည်။

ရခိုင်ပြည်နယ်တွင်လည်း အလားတူ ဖြစ်ပွားနေသည်။ ကျောက်ဖြူမြို့နယ်မှ တရုတ်နိုင်ငံသို့ သွယ်တန်းမည့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တလျှောက် လယ်မြေဧက ၁၀၀၀ နီးပါးကို ဒေသခံ မြေစာရင်းဌာနနှင့် အာဏာပိုင်တို့က ယခုရက်ပိုင်းတွင် သိမ်းယူလိုက်သဖြင့်  ပြည်နယ်အစိုးရနှင့် ဒေသခံနိုင်ငံရေးပါတီကို တိုင်ကြားထားကြောင်း လယ်သိမ်းခံရသည့် လယ်သမားတချို့က ပြောသည်။

အဓမ္မ အသိမ်းခံရသည်ဟူသော မြေများမှာ ငစိုင်းပြင်ကျေးရွာအုပ်စု၊ ဦးဂင်းကျေးရွာအုပ်စု၊ ထောင့်ချောင်း၊ ကုလားပါတောင်၊ စစ်တော စသည့် ကျေးရွာအုပ်များမှ  ဖြစ်သည်။ နွားစာကျက်မြေတွင် နွားများ ခြေမချရတော့ဟု ဦးဂင်းရွာသား တဦးက ဆိုသည်။

“ကျနော်တို့ဒေသခံ ၁၀၀ ကျော်က လက်မှတ်ထိုးပြီး ဒေသခံပါတီ၊ သမ္မတနဲ့ ပြည်နယ်ဝန်ကြီးချုပ်ကို တိုင်ထားတယ်၊ ဒါပေမယ့် စစ်ဗိုလ်ချုပ်တွေက နောက်ကွယ်ကထောက်ပံ့ထားတော့ အနိုင်ရမယ် မထင်ပါဘူး” ဟု သူက ပြောသည်။

ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သူ ဗိုလ်ချုပ်ဟောင်း ဦးမောင်ဦးအား ကျောက်ဖြူမြို့နယ်မှ မြေကွက်တချို့ကို သိမ်းယူမှုဖြင့် ပြီးခဲ့သည့်လတွင် တရားစွဲခဲ့ကြသော်လည်း ဦးမောင်ဦးသာ အနိုင်ရခဲ့သည်ဟု သိရသည်။

ဓာတ်ငွေ့ပိုက်လိုင်းတလျှောက် မြေနေရာများ၊ ကျောက်ဖြူရေနက်ဆိပ်ကမ်း စီမံကိန်း ဆက်စပ် မြေနေရာများကို စီမံကိန်း လုပ်ဆောင်နေသော ကုမ္ပဏီတို့က တဧကလျှင် ကျပ် သိန်းဆယ်ချီ၍ ပေးဆောင်နေခြင်းကြောင့် အာဏာပိုင်များက အပြိုင်အဆိုင် သိမ်းယူနေကြခြင်းဖြစ်သည်ဟု ဦးဂင်းရွာသားက ဆိုသည်။

သိမ်းယူခံလိုက်ရသည့် မြေကွက်များအနက် အချက်အချာ ကျသည့် နေရာဖြစ်ပါက ၁၀ ဧက ၀န်းကျင် မြေကွက်တခုလျှင် ကျပ်ငွေ သိန်း ၅၀၀ မှ ကျပ်သိန်း ၁၀၀၀ အထိ ဈေးပေါက်နေကြောင်း ဒေသခံများက ပြောသည်။

ကျောက်ဖြူဒေသခံတဦးဖြစ်သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ၏ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးတင်ဖေကလည်း လယ်သမားများ၏ တိုင်စာအများအပြားကို လက်ခံရရှိထားသည်ဟု ဆိုသည်။ ထိုကိစ္စများအား ဖြေရှင်းပေးရန် ပြည်နယ်ဝန်ကြီး ချုပ် ဦးလှမောင်တင်ထံ သောကြာနေ့က တင်ပြထားကြောင်း ဧရာဝတီကို ပြောသည်။

အစိုးရသစ်ပြောင်းလဲသွားသော်လည်း လယ်မြေသိမ်းယူမှု၊ လာဘ်ပေးလဘ်ယူမှု၊ အခွန်အခ မတရားကောက်ခံနေခြင်းတို့သည် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေဆဲ ဖြစ်သည်ဟု သိရကြောင်း ၎င်းက ဆက်ပြောသည်။

ရှမ်းပြည်နယ်၊  ပင်လုံမြို့နယ် အာဏာပိုင်တို့ကလည်း လယ်မြေများကို လုပ်ငန်းရှင်များထံ ကာလပေါက်ဈေးဖြင့်  ရောင်းနေကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် တဦးက ဧရာဝတီကို ပြောသည်။ ဒေသခံ စစ်တပ်၏ တပ်ရင်းမှူးတဦး၊ ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြေစာရင်းဦးစီးဌာန တာဝန်ရှိသူများက အကွက်ရိုက်ကာ ရောင်းချနေခြင်းဖြစ်သည်ဟု ဆိုသည်။

လယ်မြေ အသိမ်းခံရသူများအရေး ဆောင်ရွက်ပေးနေသူ ရှေ့နေ ကိုဖိုးဖြူက လယ်မြေသိမ်းမှုပုံစံများ ပြောင်းလဲနေပြီဟု ဆိုသည်။

လယ်မြေသိမ်းယူမှုကို ယခင်က စစ်အရာရှိများ၊ လုပ်ငန်းရှင်များ ကိုယ်တိုင် လုပ်ဆောင်ခဲ့ကြောင်း၊ ယခုအခါ နောက်ကွယ်က ထောက်ပံ့မှုပေးကာ ဒေသခံ စီးပွားရေး သမားများမှ တဆင့်  သိမ်းယူနေကြခြင်း ဖြစ်ကြောင်း ကိုဖိုးဖြူက  ပြောသည်။

ရုန်ကုန်တိုင်း၊ ဧရာဝတီတိုင်းမှ သိမ်းယူထားသော လယ်ယာမြေများအတွက် တန်ကြေး တစုံတရာ ရရှိရေး အတွက် လာမည့် လွှတ်တော်အစည်းအဝေးများ၌ စာတမ်းတစောင်ကို ပုဂ္ဂလိက အနေဖြင့် တင်သွင်းသွားမည်ဟု ၎င်းက ဆိုသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်