အစိုးရကမ်းလှမ်းချက် တိုင်းရင်းသားတို့ လက်မခံ

E-mail Print
လက်နက်ကိုင် ပဋိပက္ခများဖြေရှင်းပြီး ငြိမ်းချမ်းရေး ဖော်ဆောင်လိုသော လက်နက်ကိုင် အဖွဲ့များကို သက်ဆိုင်ရာ ပြည်နယ်၊ တိုင်းဒေသကြီး အစိုးရတို့နှင့် ဆက်သွယ် ဆွေးနွေးရန် ပြည်ထောင်စုအစိုးရက ကြာသပတေးနေ့တွင် ကမ်းလှမ်းလိုက်သည်။

ပြည်နယ်၊ တိုင်းအဆင့်တွင် ပဏာမ ဆောင်ရွက် ပြီးစီးပါက ပြည်ထောင်စုအစိုးရက ထိုအဖွဲ့အစည်းများနှင့် ဆက်လက် ဆွေးနွေးသွားမည်ဟု   အစိုးရ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက ထိုကမ်းလှမ်းချက်ကို လက်မခံနိုင်ကြောင်း ပြောဆိုကြသည်။

“ကျနော်တို့က တဖွဲ့ချင်းအနေနဲ့ ဆွေးနွေးဖို့ အစီအစဉ် မရှိပါဘူး၊ တနိုင်ငံလုံး အတိုင်းအတာနဲ့ပဲ ဆွေးနွေးမှာပါ၊ အစိုးရသတင်းစာက ပြောတဲ့အတိုင်း ဆိုရင် ပြည်တွင်း ငြိမ်းချမ်းရေးက ဖြစ်လာဦးမှာ မဟုတ်သေးဘူး” ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)  တွဲဖက် အထွေထွေ အတွင်းရေးမှူး ဦးလနန်က ဧရာဝတီကို ပြောသည်။

အစိုးရထုတ်ပြန်ချက်များတွင် ပါရှိသည့် လက်နက်ကိုင် ပဋိပက္ခ ဖြေရှင်းပြီး ငြိမ်းချမ်းရေးဖော်ဆောင်ရန် ဟူသော အသုံးအနှုန်း အစား နိုင်ငံရေး ဆွေးနွေးပွဲကိုသာ လိုလားကြောင်း ဦးလနန်က ဆက်ပြောသည်။ ယခုကဲ့သို့ တဖွဲ့ချင်းစီ ဆွေးနွေးရန် ကမ်းလှမ်းနေခြင်းမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ စုစည်းမိသွားမည်ကို အစိုးရက လိုလားပုံ မရသည့်အတွက် ဖြစ်သည်ဟု သူက ဆိုသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဗိုလ်မှူးကြီး သန်းအောင် ဦးဆောင်သော ကိုယ်စားလှယ်များနှင့် ဇွန်လအတွင်းက ဆွေးနွေးမှုသည် ငြိမ်းချမ်းရေးအတွက် မဟုတ်ဘဲ ယာယီအပစ်အခတ် ရပ်စဲရေးအတွက်သာ ဖြစ်ကြောင်း ဦးလနန်က ဆိုသည်။

လက်နက်ကိုင်အဖွဲ့တခုဖြစ်သည့် မွန်ပြည်သစ်ပါတီ၏ အထွေထွေအတွင်းရေးမှူး နိုင်ဟံသာကလည်း အစိုးရ၏ ကမ်းလှမ်းချက်ကို ပယ်ချလိုက်သည်။

၎င်းတို့ တိုင်းရင်းသားအဖွဲ့များက အစိုးရနှင့်တွေ့ဆုံဆွေးနွေးရန်  UNFC ခေါ် တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီကို ဖွဲ့စည်းထားပြီးဖြစ်သည်ဟု နိုင်ဟံသာက ဆိုသည်။

“ကျနော်တို့က UNFC အနေနဲ့ ဆွေးနွေးတာကိုပဲ လက်ခံမယ်၊ တဖွဲ့ချင်းစီ ဆွေးနွေးနေရင် အချိန်တွေ ကုန်မယ်၊ ပင်ပန်းမယ်၊ အမြင်တွေ ကွဲပြားတာတွေ ဖြစ်လာနိုင်တယ်၊ ဒါကြောင့် အားလုံးကို ကိုယ်စားပြုထားတဲ့ အဖွဲ့အနေနဲ့ပဲ ဆွေးနွေးမယ်” ဟု  နိုင်ဟံသာက ဧရာဝတီကို ပြောသည်။

၁၉၉၀ နောက်ပိုင်းတွင် တဖွဲ့ချင်းစီက အာဏာပိုင်တို့နှင့် ဆွေးနွေးမှုများ ရှိခဲ့ကြောင်း၊ အာဏာပိုင်တို့၏ ရိုးသားမှု မရှိခြင်း၊ ကတိ မတည်ခြင်းတို့ကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲများ ပျက်သွားရကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ၏ အတွင်းရေးမှူး (၁) ဖဒိုစောလှငွေက ပြောသည်။

ရှမ်းပြည်တပ်မတော်မှ ဗိုလ်မှူးဆိုင်းလောင်စိုင်းကလည်း သမ္မတဦးသိန်းစိန်အစိုးရ၏ ကမ်းလှမ်းချက်သည် စစ်မှန်သောငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဟု မမျှော်လင့်ကြောင်း၊ ကမ်းလှမ်းချက်များကို ယုံကြည်မှုမရှိ၍ ဆွေးနွေးမှုပြုလုပ်မည် မဟုတ်ကြောင်း  ဧရာဝတီကို ပြောသည်။

၁၉၄၈ လွတ်လပ်ရေးရရှိစဉ်ကတည်းက အစိုးရကို ခုခံတိုက်ခိုက်နေသည့် ကရင်နီတော်လှန်ရေးတပ်မတော် (KNPP) ကလည်း အစိုးရက ပြည်တွင်းငြိမ်းချမ်းရေး ရလိုလျှင်  အပစ်အခတ်ရပ်စဲကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ကြေညာရမည်ဟု ဆိုထားသည်။

ကယားပြည်နယ်အခြေစိုက် KNPP သည်  UNFC တွင် ဒု ဥက္ကဋ္ဌ တာဝန် ယူထားသည့် အဖွဲ့ ဖြစ်သည်။

မကြာသေးမီက အရပ်သားအစိုးရသစ်တရပ် ပေါ်ပေါက်လာသော်လည်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေသည်။

ထိုတိုက်ပွဲများကြောင့် ဒေသခံပြည်သူ အများအပြား နေရပ်စွန့်ခွာ၍ နယ်စပ်ဒေသများ၊ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးနေကြရသည်။

ထိုတိုက်ပွဲများကို ရပ်စဲကာ အစိုးရနှင့် လက်နက်ကိုင်အဖွဲ့များအကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတခု ပေါ်ပေါက်လာရေး၊ အဖွဲ့ပေါင်းစုံ၊ လူမျိုးပေါင်းစုံ ပါဝင်သော ကြားခံ စေ့စပ်ပေးနိုင်မည့် အဖွဲ့အစည်းတခု ဖော်ဆောင်ပေးရေးတို့အတွက် တိုင်းရင်းသားနိုင်ငံရေးပါတီများ၊ ဒီမိုကရက်တစ် အင်အားစုများကလည်း တောင်းဆိုထားသည်။

သို့သော်လည်း အစိုးရသစ်တွင် တိုင်းရင်းသားတို့ တောင်းဆိုနေသော စစ်မှန်သည့် ငြိမ်းချမ်းရေး ခြေလှမ်းများ မရှိခြင်း၊ အဖွဲ့အစည်းအားလုံးနှင့် မဆွေးနွေးလိုခြင်း တို့ကြောင့် ပြည်တွင်းငြိမ်းချမ်းရေးက အလှမ်းဝေးနေဦးမည်ဖြစ်ကြောင်း ထိုအဖွဲ့များက ဆိုသည်။

အစိုးရ၏ သြဂုတ်လ ၁၂ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)ကို သောင်းကျန်းသူအဖွဲ့အဖြစ် သုံးနှုန်းခဲ့သည်။ သမ္မတ ဦးသိန်းစိန်ကလည်း KIA သည် ကချင်ပြည်သူများကို  ကိုယ်စားပြုထားသည့်အဖွဲ့ မဟုတ်ဟု  သြဂုတ်လ ၁၇ ရက်နေ့တွင် ပြောဆိုထားသည်။

“သမ္မတပြောတဲ့စကားက တာဝန်မဲ့စကား ဖြစ်ပါတယ်၊ ကျနော်တို့က ကချင်ပြည်သူတွေ၊ တိုင်းရင်းသားအားလုံး တန်းတူ အခွင့်အရေးရရေး ကိစ္စတွေ အတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေကြတာပါ” ဟု ဦးလနန်က ဆိုသည်။

သြဂုတ်လ ၂၂ ရက်နေ့တွင် ကျင်းပမည့် လွှတ်တော်အစည်းအဝေးများ၌ လက်နက်ကိုင် ပဋိပက္ခဖြေရှင်းရေးကို နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်များက ဆွေးနွေးကြမည် ဖြစ်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအတိုင်းသာ လုပ်ဆောင် ရမည်ဖြစ်သောကြောင့် စစ်မှန်သည့် ငြိမ်းချမ်းရေး ဖြစ်လာမည်မဟုတ်ဟု လက်နက်ကိုင်အဖွဲ့များက ပြောဆိုကြသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်