မဏိပူရ် သူပုန်များကြောင့် နယ်စပ်ကုန်သည်များ အခက်တွေ့

E-mail Print
အိန္ဒိယ-မြန်မာ နယ်စပ် မဏိပူရ်ပြည်နယ် မိုးရေး - တမူး ဒေသတွင် မဏိပူရ်ပြည်နယ် ခွဲထွက်ရေး သူပုန်များ၏ ကုန်သွယ်ခွင့် ကန့်သတ်မှု၊ ကုန်သွယ်ကြေး ကောက်ခံနေမှု များကြောင့် နယ်စပ်ကုန်သည်များ အခက်တွေ့နေရကြောင်း သတင်းရရှိသည်။

tamu-bazarမြန်မာနိုင်ငံဘက်ခြမ်း နမ့်ဖာလုံ ဈေးမှတဆင့် မိုးရေးသို့ဖြတ်၍ အိန္ဒိယနိုင်ငံသို့ တင်ပို့မည့် အ၀တ်အထည်၊ စားသောက်ကုန် တိုကို့ တင်သွင်းရာတွင် အဆိုပါ ခွဲထွက်ရေး သူပုန်များကို ကုန်သွယ်ကြေး ပေးဆောင်နေရပြီး ကုန်သွယ်ကြေး မပေးသူကို ရိုက်နှက်မှုများ ပြုလုပ်နေကြောင်း ကုန်သည်များက ဆိုသည်။

“ကုန်သည်တယောက်မှာ ဥပမာ ၅ သောင်းပါတယ်ဆိုရင် တသောင်းခွဲ၊ တသောင်း သူတို့အတွက် ပစ္စည်းပေးပါဆိုပြီး ကုန်သည်ကို စားသောက်ဆိုင်တို့၊ လဖက်ရည်ဆိုင်တို့ဆီ ခေါ်သွားပြီး ကောက်တယ်။ မပေးဘူးဆိုရင် ပစ္စည်း သယ်ရမလား ဆိုပြီး အထမ်းသမားကို နယ်စပ်ဂိတ်နားက လုံခြုံရေးတွေ ရှေ့တင် ရိုက်တယ်” ဟု နယ်စပ် မြန်မာကုန်သည်တဦးက ဧရာဝတီသို့ ပြောသည်။

အိန္ဒိယနိုင်ငံဘက်သို့ မြန်မာနိုင်ငံမှ အ၀တ်အစားနှင့် အထည်အလိပ်များ တင်သွင်းခွင့်ကိုလည်း မကြာသေးမီ ရက်ပိုင်းက ပိတ်ပင်လိုက်ပြီး တင်သွင်းလိုပါက အဆိုပါ မဏိပူရ်သူပုန် အဖွဲ့သို့ ခွင့်ပြုချက်လက်မှတ် တောင်းခံရသည်ဟု သိရသည်။

“အ၀တ်အစားမှန်သမျှ တခုမှ မသွင်းရဆိုပြီး တားလိုက်တာ။ ငါတို့ကို အကြောင်းကြား၊ ငါတို့လက်မှတ်ပါမှ၊ ငါတို့ကို တန်ရာတန်ကြေး ပေးပြီးပြီဆိုမှ သွင်းရမယ်ဆိုပြီး လုပ်တော့ အိန္ဒိယကုန်သည်တွေ မြန်မာပြည်ဘက်ကို ဈေးလာဝယ်ဖို့ တားသလို ဖြစ်နေတာပေါ့။ အရောင်းအ၀ယ်တွေ ထိခိုက်တယ်” ဟု အဆိုပါ ကုန်သည်က ဆိုသည်။

မိုးရေး-တမူး နယ်စပ် ကုန်သွယ်လမ်းမှတဆင့် မြန်မာနိုင်ငံဘက်မှ အ၀တ်အထည်၊ သစ်မာ၊ ဆန်၊ စားသောက်ကုန်နှင့် လူသုံးကုန်များ အိန္ဒိယသို့ အများစု တင်ပို့လေ့ရှိပြီး အိန္ဒိယနိုင်ငံမှ ချည်ထုပ်၊ ဆေးဝါး၊ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ၊ သကြား၊ ဆိုးဆေး စသည်တို့ ပြန်လည်တင်သွင်းလေ့ ရှိသည်။

ယခုကဲ့သို့ ဖြစ်ပျက်နေသည့် အခြေအနေနှင့် ပတ်သက်ပြီး နယ်စပ်ကုန်သည်များနှင့် နမ့်ဖာလုံ ဈေးသူဈေးသားများက မိမိတို့လုံခြုံရေးအတွက် အရေးယူဆောင်ရွက်ပေးရန်၊ မဏိပူရ် သူပုန်များကို နမ့်ဖာလုံဈေးအတွင်းသို့ မလာစေရန် နေပြည်တော်သို့ စာပေးပို့ တိုင်ကြားထားကာ တောင်းဆိုမှုများအား ဆောင်ရွက် ပေးရေးအတွက် ၂ ရက်ကြာ ဈေးဆိုင်များကို ပိတ်ခဲ့ကြသည်ဟု သိရသည်။

နယ်စပ်ကုန်သည်က “ဒီလိုဖြစ်တာ မိုးရေးဘက်မှာ မဟုတ်တော့ အိန္ဒိယဘက်ကလည်း ဘာမှ လုပ်မပေးနိုင်ဘူးပေါ့။ မနေ့က အစည်းအဝေးမှာတော့ တမူးဘက်က မြန်မာ အာဏာပိုင်တွေက သူတို့ နမ့်ဖာလုံဈေးထဲ လာရင် ရဲဖြစ်ဖြစ်၊ တပ်ကဖြစ်ဖြစ် လုံခြုံရေးတွေ လိုက်စောင့်ပေးမယ်၊ လုံခြုံရေးအတွက် ကြပ်ကြပ်မတ်မတ် လုပ်ပေးမယ်လို့တော့ ပြောသွားတယ်” ဟု ဆိုသည်။

ယခုကိစ္စနှင့် ပတ်သက်ပြီး တမူးမြို့နယ်အုပ်ချုပ်ရေးရုံးသို့ ဧရာဝတီမှ ဆက်သွယ်မေးမြန်းခဲ့ရာ တစုံတရာ ပြန်လည် ဖြေကြားခြင်း မပြုခဲ့ပေ။

မြန်မာအာဏာပိုင်များက နယ်စပ် ကုန်သည်များ၊ ဈေးသည်များအတွက် လုံခြုံရေးကို ဆောင်ရွက်ပေးမည်ဟု ဆိုသော်လည်း အဆိုပါ မဏိပူရ်ခွဲထွက်ရေး သူပုန်များနှင့် ကသည်းလူမျိုးများသည် တမူးမြို့ ပတ်ဝန်းကျင်တွင် ကျင်လည်နေကြသည်မှာ ကြာမြင့်ပြီဖြစ်သောကြောင့် လက်တွေ့တွင် ထိရောက်စွာ လုပ်ကိုင်နိုင်မှုရှိ၊ မရှိကို စောင့်ကြည့်ရဦးမည်ဟု ကုန်သည်များနှင့် ဒေသခံများက ဆိုသည်။

တချို့သော သူပုန်များမှာ မြန်မာစာ သင်ကြားတတ်မြောက် ထားကြပြီး မြန်မာနိုင်ငံသား လက်မှတ်များပင် ရရှိထားကြသည်ဟု တမူးဒေသခံများက ပြောသည်။

တမူးမြို့ခံတဦးက “သူတို့က မြန်မာနိုင်ငံသား အမျိုးသမီးတွေကို ယူထားတယ်။ မြန်မာစကား၊ မြန်မာစာ ကျွမ်းကျွမ်းကျင်ကျင် သင်ထားကြတယ်။ သူတို့ရဲ့ မဏိပူရ်လူမှုရေးအဖွဲ့ဆိုတာ ရှိတယ်။ သူတို့ ဒီကိုရောက်တာနဲ့ အဲဒီအဖွဲ့ကို အကြောင်းကြား၊ အဲဒီအဖွဲ့ကနေမှ ဒီမှာ နေထိုင်ခွင့်ရဖို့ မြို့နယ်နဲ့ ခရိုင် အာဏာပိုင်တွေကို လစဉ် အနည်းဆုံး ကျပ်တသိန်းလောက် ပေးပြီး နေနေကြတာ။ တချို့ဆိုရင် မြန်မာ မှတ်ပုံတင်တောင် ရထားကြတာဆိုတော့ အာဏာပိုင်တွေကလည်း သူတို့ကို မထိရဲကြဘူး” ဟု ပြောသည်။

ငွေကြေးတတ်နိုင်သူတချို့သည် မြန်မာနိုင်ငံသား မှတ်ပုံတင်ကတ် ရပြီးသည်နှင့် ကလေးမြို့မှ မန္တလေးမြို့အထိ ခရီး သွားလာကြပြီး တချို့မှာ မန္တလေးတွင် နေအိမ်ခြံမြေများပင် ၀ယ်ယူ နေထိုင်နေကြသည်ဟု သိရသည်။

မဏိပူရ်ပြည်နယ် ခွဲထွက်ရေးသူပုန်များသည် မြန်မာ့မြေအတွင်း တမူးနှင့် ကလေးဒေသများ အပါအ၀င် ကဘော်ချိုင့်ဝှမ်းဒေသ၊ ဟုမ္မလင်းနှင့် ခန္တီးဒေသများတွင် ခြေကုပ်ယူ လှုပ်ရှားနေသည်ဟု အိန္ဒိယအစိုးရက ပြောဆိုလေ့ရှိသော်လည်း မြန်မာအစိုးရကမူ ထိုသူတို့ကို မြန်မာ့မြေတွင် နေထိုင်ခွင့်မပေးထားကြောင်း ငြင်းဆိုလေ့ရှိသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်