အကျဉ်းသားလွတ်ရေး မျှော်လင့်ချက်ကြီးလာ

E-mail Print
ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံပြီးနောက် တနင်္ဂနွေနေ့က မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် ကုလသမဂ္ဂ လူ့အခွင့်အရေး စုံစမ်း စစ်ဆေးသူ မစ္စတာ သောမတ် အိုဟေး ကင်တားနား၏ ၅ ရက်တာ ခရီးစဉ်အတွင်း သတင်းကောင်းများ ထွက်ပေါ်လာရေးကို နိုင်ငံရေးအကျဉ်းသားတို့၏ မိသားစုဝင်များက မျှော်လင့်နေကြသည်။

Political_Prisoner_KTO“ဒီလိုပဲ မျှော်လင့်လာတာ နှစ်တွေက မနည်းတော့ပါဘူး။ ဒါပေမယ့် အခုဟာက အရင်ကနဲ့တော့မတူဘူး။ ဒါကြောင့် လွတ်မြောက်လာမယ်လို့ မျှော်လင့်တာပဲ၊ အိမ်ရောက်လာမှပဲ သေချာမယ်” ဟု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီး၏ ညီဖြစ်သူ ကိုအောင်အောင်ထွန်းက ဧရာဝတီကို ပြောသည်။ ကိုကိုကြီးသည် ကျိုင်းတုံထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ၆ လ ကျခံနေရသည်။

ကိုကိုကြီးနည်းတူ ထောင်ဒဏ်များ ချမှတ်ခံထားရသည့် ကိုမင်းဇေယျာ၏ နေအိမ်တွင် ယမန်နေ့က နိုင်ငံရေး အကျဉ်း သားလွတ်မြောက်ရေးအတွက် ဆုတောင်းပွဲ ကျင်းပကြသည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရသည့် ၄ နှစ် ပြည့်ချိန်တွင် နိုင်ငံရေး အကျဉ်းသားမိသားစုဝင် ၅၀ ခန့်  စုဝေး ဆုတောင်းကြခြင်း ဖြစ်သည်။ ဒီမိုကရေစီ ထွန်းကားရေးအတွက်  ငြိမ်းချမ်းစွာ ကြိုးပမ်းခဲ့သည့် နိုင်ငံရေးအကျဉ်းသားများကို ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေးအတွက် သမ္မတ ဦးသိန်းစိန်ထံ စာရေးတောင်းဆိုရန် တိုင်ပင်ခဲ့ကြသည်ဟု သိရသည်။

အစိုးရက အကျဉ်းသားလွှတ်ပေးရေး အရိပ်အယောင် မပြသော်လည်း နိုင်ငံခြားသို့တိမ်းရှောင်သွားသူများ ပြည်တော်ပြန်နိုင်မည်ဟု ပြောဆိုထားသည်။

အကျဉ်းသားလွှတ်ပေးရေးက ပို၍ အရေးကြီးသည်ဟု  ရန်ကုန်မြို့မှ  နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဟိန်းလတ်က ပြောသည်။

“အရပ်သား အစိုးရတက်လာပြီး ဒီမိုကရေစီနိုင်ငံထူထောင်နိုင်ဖို့က နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေးဟာ ပထမဆုံး လုပ်ရမယ့် ခြေလှမ်းဖြစ်တယ်။ နိုင်ငံရေးအကျဉ်းသားတွေကို မလွှတ်ပေးသေးဘဲနဲ့  ပြည်ပရောက် မြန်မာ အတိုက် အခံတွေကို ပြန်ခေါ်တယ်ဆိုတာ လုံလောက်တဲ့ ယုံကြည်မှုကို မရနိုင်ဘူးလို့ ပြောချင်တယ်” ဟု အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားနေသူ ကိုဟိန်းလတ်က ဧရာတီကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ တွေ့ဆုံရာတွင် အကျဉ်းသား လွှတ်ပေးရေးကို မည်မျှအထိ ဆွေးနွေးနိုင်ခဲ့ကြောင်း ကိုလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်များက သိလိုကြသည်ဟု သူက ဆက်ပြောသည်။

နေပြည်တော်ရှိ ထိပ်သီးနှစ်ဦး၏ တွေ့ဆုံပွဲတွင် အကျဉ်းသား လွတ်မြောက်ရေး အကြောင်းအရာကို အဓိကထား ဆွေးနွေးခဲ့ကြောင်း၊  ပြန်လည် လွတ်မြောက်လာကြမည်ဟု မျှော်လင့်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က ပြောသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း၏ မှတ်တမ်းများအရ  နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ခန့် ရှိသည်ဟု သိရသည်။ ထိုအထဲတွင် ၁၉၈၈ ခုနှစ် ကတည်းက အကျဉ်းချခံထားရသူတချို့ပင် ပါဝင်သည်ဟု ဆိုသည်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားနေကြသူများ၊ နိုင်ငံရေးပါတီများကလည်း  အကျဉ်းသားလွတ်မြောက်ရေးက အရေးကြီးကြောင်း ပြောဆိုနေကြသည်။

“လွတ်လာစေချင်တာက ကျမတို့ မိသားစုဝင်တွေရဲ့ ဆန္ဒတခုတည်း မဟုတ်ဘူး။ အားလုံးကလည်း သူတို့ကို လွတ်လာစေချင်တာ” ဟု စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်တွင် ထောင်ဒဏ် ၆၅ နှစ် ကျခံနေရသော ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် တဦးဖြစ်သူ ကိုအောင်နိုင်၏ ဇနီး မမေဇွန်က ပြောသည်။

နေပြည်တော်၌ ကျင်းပနေသည့် လွှတ်တော်အစည်းအဝေးတွင် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးပါတီ အပါအ၀င် ပါတီများကလည်း နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေး တင်ပြ ဆွေးနွေးသွားကြမည်ဟု သိရသည်။

မြန်မာနိုင်ငံတွင် ရောက်နေသော မစ္စတာ ကင်တားနားကလည်း နိုင်ငံရေး အကျဉ်းသားလွတ်ရေးအတွက် အဓိက လုပ်ဆောင် သွားမည် ဟု ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီ၏ ကြေညာချက် တစောင်တွင် ဖော်ပြထားသည်။

မစ္စတာ ကင်တားနားသည်  နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထဲဝန်ကြီး၊ ဒုတိယရဲချုပ်တို့နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့သည်။ 

မစ္စတာ ကင်တားနား နှင့် နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တို့ တွေ့ဆုံနိုင်ရေးအတွက်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က ကြိုးပမ်းနေကြောင်း ပါတီနှင့်နီးစပ်သူတဦးက ပြောသည်။    

တိုင်းရင်းသားများ ရင်ကြားစေ့ရေး၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးတို့သည် မြန်မာနိုင်ငံ၏ အဓိက လိုအပ်ချက်နှစ်ခု ဖြစ်ကြောင်း  ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံထုတ် မာအိနိချိ သတင်းစာတွင် ယနေ့ ရေးသားထားသည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်