စာနယ်ဇင်းလွတ်လပ်ခွင့် ပေးတော့မှာလား

E-mail Print
ဒေါ်အောင်ဆန်းစုကြည်ပုံ ပါသည့် သတင်းအား ဂျာနယ်၊ စာစောင်များ၏ မျက်နှာဖုံးတွင် ဖော်ပြခွင့်ကို ကာလအတန်ကြာ ပိတ်ပင်ခဲ့သော်လည်း ယနေ့ ဖြန့်ဝေသည့် ဂျာနယ်များ၏ မျက်နှာဖုံးတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန်တို့ သောကြာနေ့က တွေ့ဆုံသည့် သတင်းနှင့် ဓာတ်ပုံများ ပါဝင်လာသည်။

journalist-mm“ဒီနေ့ထုတ်တဲ့ ဂျာနယ် အားလုံးလိုလိုမှာ မျက်နှာဖုံးတွေမှာ ဖော်ပြထားတာ တွေ့ရပါတယ်၊ စာမျက်နှာအပြည့် နီးပါးပါပဲ” ဟု ရန်ကုန်မီဒီယာဂရုပ်၏ ဥက္ကဋ္ဌ ကိုကို (စက်မှုတက္ကသိုလ်)က ဧရာဝတီကို ပြောသည်။

ယနေ့ ဖြန့်ဝေသည့် Weekly Eleven, Flower News နှင့် မြန်မာပို့စ် အပါအ၀င် တခြားဂျာနယ်များ၌ ထိုသို့ ဖော်ပြခွင့် ပြုထားကြောင်း သိရသည်။

“အရင်ကဆိုရင် ဒေါ်အောင်ဆန်းစုကြည်ပုံကို လုံးဝ ထည့်ခွင့်မရတာ၊ မကြာခင်က နည်းနည်း ခွင့်ပြုပေးခဲ့ပေမယ့်လည်း အတွင်းစာမျက်နှာပဲ သေးသေးလေး ဖော်ပြခွင့် ပေးတာကနေ အခုလို မျက်နှာဖုံးမှာ ထည့်ခွင့် ရလာတာ ဘယ်လိုပဲ ဖြစ်ဖြစ် ကြိုဆိုရမယ့် ကိစ္စပါ။ ဒါပေမယ့် ဆင်ဆာဖြတ်တာတော့ ရှိပါသေးတယ်” ဟု ဦးကိုကိုက ရှင်းပြသည်။

နေပြည်တော်သို့ သောကြာနေ့က သွားရောက်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ပြီး နိုင်ငံတော်အဆင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်မှု ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ကာ အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့နှင့်လည်း တွေ့ဆုံခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ၀န်ကြီးများ အလွတ်သဘော တွေ့ဆုံခဲ့ကြသည့် ဓာတ်ပုံများကိုလည်း ဂျာနယ်များတွင် ထည့်သွင်းခွင့် ပြုခဲ့သည်။

သတင်းစာဆရာ မောင်ဝံသက “ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကိုယ်တိုင် တွေ့တာက ငြင်းမရတဲ့ကိစ္စပါ၊ နိုင်ငံတော်သမ္မတနဲ့ တွေ့တာ ဆိုတော့ ဂျာနယ်တွေက ဖော်ပြကြတာပေါ့လေ၊ စာသားတွေလည်း အတိုင်းအတာ တခုထိတော့ ဖော်ပြပေးထားတာ တွေ့ရတော့ အရင်ထက်စာရင် လွတ်လပ်မှု ရှိလာတဲ့ သဘောပေါ့” ဟု ပြောသည်။

ပုဂ္ဂလိက ဂျာနယ်များ၌ အကျယ်တ၀င့် ဖော်ပြကြသော ထိုသတင်းကို အစိုးရသတင်းစာများ၌ သတင်းတိုအဖြစ်သာ ဖော်ပြခဲ့သည်။

“သတင်းစာတွေမှာ နည်းနည်းသာ ဖော်ပြတာကတော့ သဘောထားတခုခု ရှိနေသေးတဲ့အတွက်နေမှာပေါ့၊ တိတိကျကျ မပြောလိုပေမယ့် ဆင်ဆာဖြတ်တာကတော့ ရှိနေတုန်းပဲဗျ၊ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ အတိအကျပြောရ ခက်သေးတယ်” ဟု နိုင်ငံရေးအကြောင်းအရာကို ဦးစားပေး ဖော်ပြသည့် ပြည်သူ့ခေတ်ဂျာနယ်၏ အတိုင်ပင်ခံ မောင်ဝံသက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးသိန်းစိန်တို့ တွေ့ဆုံမှုဆိုင်ရာ သတင်းတချို့ကို ဖော်ပြခွင့်ပေးသကဲ့သို့ မြန်မာပြည်တွင် ရောက်ရှိနေသူ ကုလသမဂ္ဂ၏ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ်စ်ကင်တားနား၊ နိုင်ငံခြားသံတမန်တို့နှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံသည့် သတင်းများကိုလည်း ဖော်ပြခွင့် ပြုမှသာ သတင်းစာ လွတ်လပ်ခွင့် အတန်အသင့် ရလာသည်ဟု ပြောနိုင်မည်ဖြစ်ကြောင်း ဂျာနယ် အယ်ဒီတာ တဦးက ဆိုသည်။

ဆင်ဆာဖြတ်ခံရသော သတင်းများ၊ အရေးအသားများကို ဂျာနယ်တချို့၏ အင်တာနက် စာမျက်နှာများ၌ လွတ်လပ်စွာ ဖော်ပြထားကြောင်း တွေ့ရသည်။

“အွန်လိုင်းကတော့ ဘာဆင်ဆာ၊ ဘာအတားအဆီးမှ မရှိတော့ လွတ်လပ်တာပေါ့၊ စာစောင်တွေကျတော့ သူတို့မူဝါဒနဲ့ မကိုက်တာ မှန်သမျှကို ဖြတ်နေတုန်းပါ၊ နိုင်ငံရေး အခြေအနေ ကောင်းလာရင်တော့ မီဒီယာလွတ်လပ်ခွင့် ရှိလာမှာပါ” ဟု ကိုကို (စက်မှုတက္ကသိုလ်)က ဆိုသည်။

အစိုးရ အပြောင်းအလဲနှင့်ပတ်သက်၍ သာမန်ပြည်သူများက ထူးထူးခြားခြား စိတ်ဝင်စားမှု မရှိသော်လည်း သမ္မတဦးသိန်းစိန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံမှု အပေါ် စိတ်ဝင်စားကြသဖြင့် ထိုသတင်း ပါဝင်သော အစိုးရသတင်းစာများကို ဈေးကြီးပေးဝယ်ပြီး ဖတ်ခဲ့ကြောင်း ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးက ပြောသည်။

“သတင်းစာကို တခါမှ ပိုက်ဆံပေးပြီး ၀ယ်မဖတ်ဖြစ်ပေမယ့် ဒေါ်အောင်ဆန်းစုကြည်ပုံနဲ့ ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့နေ့ ကတော့ ၁၀၀ ကျပ်တန်ကို ၃၀၀ ကျပ် ပေးပြီး ၀ယ်ဖတ်ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ထိုသတင်းပါသောနေ့က အစိုးရသတင်းစာများမှာ စောစီးစွာ ရောင်းကုန်သွားရုံသာမက လပေး မှာယူ ဖတ်ရှုသူတချို့ထံသို့ သတင်းစာ လာရောက် ပို့ဆောင်ခြင်း မရှိဟု ရန်ကုန်မြို့ခံ တချို့က ဆိုသည်။

စာပေစိစစ်ရေးဌာနသည် အကဲဆတ်သော နိုင်ငံရေးသတင်းများ၊ အစိုးရ၏ မူဝါဒ များကို ဝေဖန်မှု ပါဝင်သော သတင်းများကို အလေးထား ဖြတ်တောက်နေဆဲ ဖြစ်ကြောင်း၊ ပြည်သူများကြား ဖြစ်ပွားနေသော သတင်းအများစုကို ဖော်ပြခွင့်ရ လာကြောင်း၊ ဂျာနယ်၊ စာစောင်အများစုသည် စောင်ရေအနည်းငယ် တိုးမြှင့်လာပြီး ရောင်းအားလည်းကောင်းလာကြောင်း ရန်ကုန်မှ လူငယ်သတင်းထောက် တဦးက ဆိုသည်။

“ဌာနတွေမှာ သတင်းယူရတာကတော့ အရင်အတိုင်းပဲဗျ၊ ဟိုလူ့လွှဲပေး၊ ဒီလူ့လွှဲပေး လုပ်နေတုန်းပဲ။ (သတင်းထောက်တွေရဲ့မေးမြန်းချက်ကို) ဖြေပြီးရင်လည်း တာဝန်ယူမှု မရှိသေးဘူး၊ ထူးလာတာ တခုကတော့ တခုခုမှားသွားရင် အသရေဖျက်မှုနဲ့ တရားစွဲမယ်လို့ ခြိမ်းခြောက်တဲ့ စကားလုံးကို ပြောလာကြတယ်” ဟု ထိုသတင်းထောက်က ဆိုသည်။

မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာန၏ စာပေစိစစ်ရေးမူဝါဒ အပြောင်းလဲအရ အားကစား ၊ နည်းပညာ၊ ကျန်းမာရေး ၊ အနုပညာ၊ ကလေးစာပေ စသည့် အမျိုးအစား ၅ ခုနှင့် အကျုံးဝင်သော ဂျာနယ်များ ပုံနှိပ်ဖြန့်ချိခွင့်ကို စာပေစိစစ်ရေးသို့ ကြိုတင် ခွင့်ပြုချက်တောင်းရန်မလိုဘဲ ဇွန်လ ၁၀ ရက်နေ့မှ စတင်၍ ထုတ်တင်စနစ်ဖြင့် ထုတ်ဝေခွင့်ပေးခဲ့သည်။

မြန်မာနိုင်ငံတွင် သတင်းဂျာနယ်၊ အားကစားဂျာနယ် အပါအ၀င် ဂျာနယ် ၁၅၃ စောင်နှင့် မဂ္ဂဇင်း ၁၇၆ စောင်ကို ထုတ်ဝေ ဖြန့်ချိခွင့် ပြုထားကြောင်း သိရသည်။

အစိုးရသတင်းစာများတွင် နှစ်ကာလအတန်ကြာ ထည့်သွင်း ဖော်ပြခဲ့သော BBC, VOA၊, RFA, DVB စသည့် ပြည်ပ အသံလွှင့်ဌာနများအား အပုပ်ချ ရေးသားနေမှုကို ပြီးခဲ့ သီတင်းပတ်မှစ၍ ဖြုတ်ထားခဲ့သည်။
 
Facebook Video Blog
ကာတွန်း
ကာတွန်း
စစ်သည်တော် စာမျက်နှာ
Ads-for-Cmnat224tg
  • အယ်ဒီတာ့အာဘော်
  • သူ့အတွေး သူ့အမြင်

ဒီမိုကရက်တစ် ယဉ်ကျေးမှု တည်ဆောက်ကြပါစို့

မြန်မာပြည် စာနယ်ဇင်းလောက အတွက် အံ့အားသင့်စရာကောင်းသော၊ သို့သော် ဝမ်းမြောက်ဖွယ်ကောင်းသော သတင်းတပုဒ်ကို ယခုရက်ပိုင်းတွင် ကြားလိုက်ရသည်။ ပြည်ပအခြေစိုက်

အပြည့်အစုံသို့

ဆန္ဒမစောကြပါနှင့်

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းကြီးအား သမ္မတ ဦးသိန်းစိန်မှ ဆိုင်းငံ့ကြောင်း ကြေညာချက်သည် မြန်မာ တမျိုးသားလုံး၏ ညီညွတ်မှုကြောင့် အောင်မြင်မှုရသည်ဟု ပြောရပါမည်။

အပြည့်အစုံသို့

Donate to Irrawaddy

ငွေလဲနှုန်း

အောက်တိုဘာ ၀၆၊ ၂၀၁၁
us ဒေါ်လာ = ၈၃၀ ကျပ်
th ဘတ် = ၂၅.၆ ကျပ်